မရမ်းကုန်း မုဒိတာအိမ်ရာအနီး ဓားထောက် လုယက်သူကို ပြည်သူများက ဝိုင်းဝန်း ဖမ်းဆီးမိ
ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်၊ သမိုင်းလမ်းဆုံအနီးရှိ မုဒိတာအိမ်ရာတွင် အမျိုးသမီးတစ်ဦးအား အမျိုးသားတစ်ဦးက ဓားထောက်၍ ဆွဲကြိုးနှင့် ဖုန်းကို လုယက်မှု ဖြစ်ပွားခဲ့
အနီးနားရှိ ပြည်သူ ၃ ဦးက ဝင်ရောက် ကူညီဖမ်းဆီးရာ ဓားဖြင့် ပြန်လည် တိုက်ခိုက်ခံရ၍ ဒဏ်ရာရရှိခဲ့သော်လည်း ကျူးလွန်သူကို အမိအရ လက်ရ ဖမ်းဆီးနိုင်ခဲ့
ညပိုင်း လုံခြုံရေး အပြည့်အဝ အာမခံချက် ရှိသည်ဟု အကြမ်းဖက်စစ်အုပ်စုက လေလုံးထွားနေသည့် ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်၊ သမိုင်းလမ်းဆုံအနီးရှိ မုဒိတာအိမ်ရာတွင် စက်တင်ဘာ ၁၉ ရက် ညပိုင်းက အမျိုးသမီးတစ်ဦးအား အမျိုးသားတစ်ဦးက ဓားထောက်၍ ဆွဲကြိုးနှင့် လက်ကိုင်ဖုန်းကို အဓမ္မ လုယက်သည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့သည်။
အဆိုပါ လုယက်မှုဖြစ်စဉ်အတွင်း အနီးနားရှိ အမျိုးသား ၃ ဦးက ဝင်ရောက်ကူညီ၍ ဝိုင်းဝန်း ဖမ်းဆီးခဲ့ရာ လုယက်သူက ဓားဖြင့် ပြန်လည် တိုက်ခိုက်ခဲ့သဖြင့် အမျိုးသားများ ဒဏ်ရာ ရရှိခဲ့သော်လည်း ပြစ်မှုကျူးလွန်သူကို လက်ရ အမိအရ ဖမ်းဆီးနိုင်ခဲ့ကြသည်။
ယင်းနောက် ဖမ်းဆီးရမိထားသည့် လုယက်သူအား မရမ်းကုန်းမြို့နယ် ရဲစခန်းသို့ အပ်နှံလိုက်ကြောင်း သိရသည်။
အကြမ်းဖက် မင်းအောင်လှိုင် စစ်အုပ်စု မတရား အာဏာသိမ်းပြီးနောက်ပိုင်း ရန်ကုန်အပါအဝင် မြို့ပြများတွင် တရားဥပဒေ စိုးမိုးမှု လုံးဝ မရှိတော့ဘဲ စစ်အုပ်စု၏ လက်ပါးစေ ရဲတပ်ဖွဲ့ဝင်များမှာ ပြည့်တန်ဆာဘိ၊ မူးယစ်ဆေးဘိ၊ အရက်ပုန်းဆိုင်၊ ဂိမ်းဆိုင်များနှင့် ကျားဖြန့် လောင်းကစားဒိုင်များထံမှ လိုင်းကြေးကောက်ခံသည့် အလုပ်ကိုသာ ဖိဖိစီးစီး အားသွန်ခွန်စိုက် လုပ်ဆောင်နေကြသည်။
ပြည်သူများ၏ အသက်အိုးအိမ် စည်းစိမ် လုံခြုံရေးကို လုံးဝ ပစ်ပယ်ထားသဖြင့် ရန်ကုန်မြို့ပြအတွင်း ခိုးဆိုးလုနှိုက် ဒုစရိုက်အန္တရာယ်များ တစ်နေ့ထက်တစ်နေ့ ပိုမို သောင်းကျန်းလာနေပြီး ပြည်သူများက မိမိတို့ လုံခြုံရေးအတွက် ကိုယ်ထူကိုယ်ထ စနစ်ဖြင့်သာ ကာကွယ် ရင်းနှီးနေကြရသည်။



Leave a Reply