စမ်းချောင်းလင့်ခ် ဓားထိုးမှုဖြစ်စဉ်တွင် ဟယ်ရီ ဆိုသူ ပါဝင်ကြောင်း သူငယ်ချင်းဖြစ်သူက TikTok ၌ ဖော်ကောင်လုပ်
ရန်ကုန်မြို့၊ ဗားဂရာလမ်းပေါ်ရှိ စမ်းချောင်းလင့်ခ် ညဈေးတန်းရှေ့၌ ကမာရွတ် ပြည်ရိပ်သာလမ်း Info Myanmar College မှ ကျောင်းသားနှစ်ဦး အုပ်စုဖွဲ့ ဝိုင်းရိုက်ခံရပြီး ဓားဖြင့် ထိုးခံရသည့် ဖြစ်စဉ်တွင် ဟယ်ရီ (Harry) ဆိုသူ ပါဝင်ခဲ့ကြောင်း သူ၏ သူငယ်ချင်းဖြစ်သူ RoJo (TikTok အကောင့်ပိုင်ရှင်) က လူမှုကွန်ရက်ပေါ်တွင် ဖော်ကောင်လုပ် ရေးသားထားသည်။

ဖြစ်စဉ်မှာ စမ်းချောင်းလင့်ခ် ညဈေးတန်းရှေ့၌ ကျောင်းသားနှစ်ဦးအား အနက်ရောင်ဝတ်စုံ ဝတ်ဆင်ထားသည့် ဆယ်ကျော်သက် လူငယ်အုပ်စုက ဝိုင်းဝန်းရိုက်နှက်ခဲ့ကြခြင်း ဖြစ်သည်။
အဆိုပါ ရိုက်နှက်မှုကြောင့် ကျောင်းသားတစ်ဦးမှာ ဦးခေါင်း ပေါက်ပြတ်ရှဒဏ်ရာ ရရှိခဲ့ပြီး အခြားကျောင်းသားတစ်ဦးမှာ အဆုတ်ကို ဓားဖြင့် နှစ်ချက် အထိုးခံရသဖြင့် သွေးအိုင်ထဲတွင် မေ့မြောလဲကျကာ အရေးပေါ် ဆေးရုံတင်လိုက်ရသည်။
ဖြစ်စဉ် ဖြစ်ပွားရသည့် အဓိက အကြောင်းအရင်းမှာ ရည်းစားဖြစ်သူအတွက် စကားများရာမှ စတင်ခဲ့ခြင်းဖြစ်သည်ဟု RoJo က သူ၏ TikTok Myday တွင် ရေးသားထားသည်။

ကျောင်းသားနှစ်ဦးက Harry ၏ ချစ်သူ (gf) အား လိင်ပိုင်းဆိုင်ရာ စော်ကား ပြောဆိုရာမှ စကားအခြေအတင် ဖြစ်ခဲ့ကြပြီးနောက် Harry တို့ဘက်မှ ရောက်ရှိလာကာ အုပ်စုလိုက် ရန်ပွဲအဖြစ် ပြောင်းလဲသွားခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။
သို့သော်လည်း Harry ၌ လက်နက် ပါသွားခြင်းမရှိသကဲ့သို့ ကိုယ်တိုင် ဓားထိုးခဲ့ခြင်း မရှိဘဲ ရန်ပွဲတွင် ပါဝင်မိရုံသာ ဖြစ်ကြောင်း RoJo က ကာကွယ် ရေးသားထားသည်။
“ပြဿနာအကြောင်းစက အဲ့ခံရတဲ့ နှစ်ယောက်က Harry gf ကို စာပို့ပြီး ရေချိုး ပီးပီးလားဘာညာနဲ့ ခနဲ့တဲ့တဲ့ လုပ်ပါတယ် ဟယ်ရီက ဘာလို့ပြောတာလဲ ဝင်မေးတော့ မင်းနဲ့ဆိုင်လား မင်းမှသလောက်ပေါ့ မင်းမို့လို့ကိုပြောတာကွာ ကျေနပ်လားဆိုပြီး ရန်စပီး သူတို့ နှစ်ယောက်အရက်သောက်ပြီး စနေတာကိုလှမ်းပြတယ် vd နဲ့ ဟယ်ရီတို့ကရောက်သွားပြီး ဘာလို့ပြောတာလဲမေး ပီးစကားများနေတာကနေ လူတွေ အုံသွားတယ် ပီးတော့ အဲ့နှစ်ယောက်ထဲကတစ်ယောက်က မူးပြီးလူကြားထဲ နင်လိုကောင်မ မျိုးချွတ်ပြရင်တောင် … တောင်ဘူးဆိုပြီး စော်ကားလိုက်တာပါ အဲ့မာဘယ်သူကစထိုးလိုက်တယ်မသိပဲ ဆွမ်းကြီး ပုံစံဖစ်သွားတာပါ ဟာရီဆီမာတော့လက်နက်လုံးဝမပါပါဘူး vd ထဲမာလဲမြင်နိုင်ပါတယ်”ဟု ရေးသားထားခြင်းဖြစ်သည်။

RoJo က သူသည် ဟယ်ရီ၏ သူငယ်ချင်းဖြစ်ပြီး မန္တလေးမြို့တွင် နေထိုင်သူဖြစ်သဖြင့် ရန်ပွဲတွင် ပါဝင်ခြင်း မရှိကြောင်းလည်း ရေးသားထားသည်။
ထို့အပြင် အဆိုပါ ဓားထိုးမှု ဖြစ်စဉ်တွင် ပါဝင်သူ နောက်တစ်ဦးမှာ မရမ်းကုန်းမြို့နယ်၊ (၅) ရပ်ကွက်တွင် နေထိုင်သည့် အာကာဟိန်း ဆိုသူဖြစ်ပြီး မရမ်းကုန်း (၅) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးရှေ့တွင် မိခင်ဖြစ်သူနှင့်အတူ သစ်သီးဆိုင် ဖွင့်ရောင်းချနေသူဖြစ်ကြောင်း သတင်းပေးပို့ချက်များ အရ သိရသည်။

အဆိုပါ သတင်းပေးပို့ချက်နှင့် ပတ်သက်၍ ဆက်လက် အတည်ပြု စိစစ်လျက် ရှိသည်။
လက်ရှိတွင် အဆိုပါ ရိုက်နှက်ဓားထိုးမှု ကျူးလွန်ခဲ့သည့် တရားခံ လူငယ်အုပ်စုအား ဖမ်းဆီးရမိခြင်း မရှိသေးဘဲ လွတ်မြောက်နေဆဲ ဖြစ်ကြောင်း သိရသည်။



Leave a Reply