ရန်ကုန်မြို့လယ်နှင့် တာမွေမြို့နယ်တွင် လူမိုက် ထိန်လင်းဦးဆောင်သော အဖွဲ့များက လူငယ်များကို စစ်မှုထမ်းပေါ်တာဆွဲ ဖမ်းဆီးပြီး ငွေညှစ်မှုများ လုပ်ဆောင်နေသည့်အပြင် စစ်တပ်ထံသို့ ပုံမှန်လူပေးပို့နေ

ရန်ကုန်မြို့၊ တာမွေမြို့နယ်တွင် “တာမွေလူမိုက် ထိန်လင်း” ဟု လူသိများသည့် ထိန်လင်းသည် စစ်တပ်အတွက် အဓိကလုပ်ဆောင်ပေးနေသူတစ်ဦးဖြစ်ပြီး လူငယ်များကို စစ်မှုထမ်းရန် ပေါ်တာဆွဲဖမ်းဆီးကာ သက်ဆိုင်ရာတပ်များထံ ပို့ဆောင်ခြင်းများအပြင် ငွေညှစ်မှုများကိုလည်း လုပ်ဆောင်နေကြောင်း သိရသည်။

ရန်ကုန် လူမိုက်လောကတွင် ထိန်လင်းကို “ဗိုလ်ထိန်” ဟုလည်း လူသိများပြီး စစ်တပ်ထိပ်ပိုင်းမှ လူများနှင့် အလွန်နီးကပ်သည့် ဆက်ဆံရေးရှိသူဖြစ်ကာ စစ်အာဏာရှင်ဆန့်ကျင်ရေး လုပ်ဆောင်နေသူများကို စုံစမ်းသတင်းပေးခြင်းများလည်း ပြုလုပ်နေသူဖြစ်သည်။
စစ်တပ်က အာဏာသိမ်းပြီးနောက် လူမိုက် ထိန်လင်းသည် စစတပ်အတွက် အလုပ်လုပ်ရင်း ပိုမိုလူသိများထင်ရှားလာပြီး ရန်ကုန်မြို့ရှိ ထိပ်တန်းလူမိုက်များနှင့်လည်း ကောင်းမွန်သည့် ဆက်ဆံရေးရှိသူဖြစ်ကြောင်း၊ ယင်းနောက် စစ်တပ်အတွက် လုံခြုံရေး ယူပေးခြင်း၊ စစ်တပ်နှင့်အတူ ရပ်ကွက်များသို့ ကွင်းဆင်းခြင်းများတွင်ပါ ပါဝင်လာကြောင်း သိရှိရသည်။

၂၀၂၄ ခုနှစ် ဧပြီလ စစ်မှုထမ်းဥပဒေအရ ပထမအပတ်စဉ် စတင်ခေါ်ယူသည့်အချိန်မှစ၍ ထိန်လင်းဦးဆောင်သည့်အဖွဲ့များက တိုက်ကြီးမြို့နယ်၊ ဂျိုးဖြူဒေသရှိ ပြည်သူ့စစ်မှုထမ်းသင်တန်းကျောင်းအတွက် လူငယ်များကို ပေါ်တာဆွဲဖမ်းဆီးပြီး လူပို့ပေးနေခဲ့ကြောင်း သိရသည်။
ထို့အပြင် ရန်ကုန်တိုင်းအတွင်းရှိ သက်ဆိုင်ရာတပ်များထံ လူငယ်များကို ပို့ဆောင်ပေးခြင်းများလည်း လုပ်ဆောင်နေပြီး စစ်တပ်အတွက် လူပေးပို့သည့် လုပ်ငန်းများတွင် ပါဝင်နေသူဖြစ်ကြောင်း သိရသည်။

ထိန်လင်းသည် သာကေတမှ ဝင်းထွဋ်ဝင်းအပါအဝင် မြေအောက်လူမိုက်လောကအတွင်းတွင်လည်း လူအများနှင့် ကောင်းမွန်သည့် ဆက်ဆံရေးရှိသူဖြစ်ပြီး တာမွေမြို့နယ်အတွင်း ဖြစ်ပေါ်သည့် အကြွေးတောင်းခြင်း၊ အုပ်စုဖွဲ့ မိုက်ကြေးခွဲခြင်း အပါအဝင် ပြဿနာများကို ၎င်းက ဝင်ရောက်ဖြေရှင်းသည့်အထိ သြဇာရှိသူဖြစ်ကြောင်း သိရသည်။

ထို့အပြင် ထိန်လင်းသည် ကျော်ဝင်းစိန်ကို သတ်ခဲ့သည့် ကြည့်မြင်တိုင်လူမိုက် ကိုမျိုးတို့နှင့် တစ်အုပ်စုတည်းဖြစ်ပြီး ကျော်ဝင်းစိန် သတ်ဖြတ်ခံရသည့် ဖြစ်စဉ်တွင်လည်း ပါဝင်ခဲ့သော်လည်း ဖမ်းဆီးခံရခြင်း မရှိခဲ့ကြောင်း သိရသည်။

“သူက တာမွေမြို့နယ်က လူမိုက်ပါ။ တာမွေမှာ ထိန်လင်းရှင်းမှ ပြဿနာတွေပြီးတဲ့အထိ ဖြစ်လာသူပါ။ တာမွေမှာ ထိန်လင်းပြီးရင် အကုန်ပြီးတယ်လို့ ပြောလို့ရတဲ့အထိ သြဇာရှိပါတယ်။ သူလုပ်တာကတော့ စစ်တပ်အတွက် လူရှာပေးတာပဲ။ ပျူစောထီးအလုပ်တွေ သူအကုန်လုပ်နေတာ” ဟု တာမွေမြို့နယ်မှ ကင်းထောက် သတင်းရင်းမြစ်က ပြောသည်။
ထိန်လင်းသည် တာမွေမြို့နယ်အတွင်းရှိ ကြံ့ဖွတ်ပါတီနှင့် အမျိုးသားရေး မဘသများအတွက်လည်း အဓိက ဒေါက်တိုင်တစ်ခုအဖြစ် လုပ်ဆောင်နေသူဖြစ်ကြောင်း သိရသည်။

“တာမွေက ကြံ့ဖွတ်ပါတီ၊ မဘသနဲ့ အမျိုးသားရေးသမားတွေအတွက် ဒေါက်တိုင်ပဲ။ အဲဒီအုပ်စုတွေအတွက်လည်း အဓိက အလုပ်လုပ်နေသူ ဖြစ်ပါတယ်” ဟု အဆိုပါသတင်းရင်းမြစ်က ပြောသည်။
လက်ရှိတွင် ထိန်လင်းနှင့် လက်အောက်ခံ အဖွဲ့များက ရန်ကုန်မြို့လယ်နှင့် တာမွေမြို့နယ်အတွင်း လူငယ် များကို စစ်မှုထမ်းရန် ပေါ်တာဆွဲဖမ်းဆီးခြင်း၊ သက်ဆိုင်ရာတပ်များထံ ပို့ဆောင်ခြင်းနှင့် ငွေညှစ်ခြင်းများကို ဆက်လက်လုပ်ဆောင်နေကြောင်း သိရသည်။



Leave a Reply