စစ်တပ်၏ အမိန့်မလိုက်နာလျှင် ဝန်ထမ်းများ ထောင်ချ နှိပ်စက်ခံရခြင်းနှင့် သေဒဏ်ချမှတ်ခံရနိုင်သဖြင့် ရွေးချယ်စရာမရှိခဲ့” ဟု Telenor က တရားစွဲအမှုဖွင့်ခံထားရမှုအပေါ် အကြောင်းပြတုံ့ပြန်လာ
မြန်မာနိုင်ငံတွင် ဆက်သွယ်ရေး လုပ်ငန်းများလုပ်ကိုင်ခဲ့စဉ် စစ်တပ်၏ အမိန့်များကို မလိုက်နာပါက Telenor ဝန်ထမ်းများအနေဖြင့် ထောင်ချခံရခြင်း၊ နှိပ်စက်ခံရခြင်း သို့မဟုတ် သေဒဏ်ချမှတ်ခံရခြင်းများ ရင်ဆိုင်ရနိုင်သောကြောင့် ဝန်ထမ်းများ၏ အသက်အန္တရာယ်ကို မစွန့်စားနိုင်သဖြင့် ရွေးချယ်စရာမရှိခဲ့ကြောင်း Telenor က တရားစွဲဆိုမှုနှင့် စုံစမ်းစစ်ဆေးမှုအပေါ် တုံ့ပြန်ပြောဆိုသည်။
နော်ဝေနိုင်ငံအခြေစိုက် Telenor ASA က မြန်မာနိုင်ငံတွင် ယခင်က လုပ်ကိုင်ခဲ့သည့် လုပ်ငန်းများနှင့် ပတ်သက်၍ နော်ဝေဥပဒေအရ Sanctions Act ကို ချိုးဖောက်ခဲ့သည်ဟု သံသယရှိခြင်းနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများတွင် ပါဝင်ကူညီခဲ့မှုတို့ဖြင့် ကုမ္ပဏီအပေါ် နော်ဝေအာဏာပိုင်များက စုံစမ်းစစ်ဆေးမှု ဖွင့်လှစ်ပြီး အမှုစွဲဆိုထားကြောင်း စက်တင်ဘာ ၁၅ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။
ယင်းအမှုနှင့်ပတ်သက်၍ Telenor ၏ မီဒီယာဆက်ဆံရေး ဒါရိုက်တာ David Fidjeland က မြန်မာနိုင်ငံတွင် စစ်တပ်အာဏာပိုင်များ၏ အမိန့်များကို ဝန်ထမ်းများက မလိုက်နာပါက ပြင်းထန်သော အကျိုး ဆက်များကို ရင်ဆိုင်ရနိုင်ကြောင်း အကြောင်းပြပြောဆိုသည်။
“ကျွန်တော်တို့ရဲ့ ဝန်ထမ်းတွေဟာ စစ်တပ်အာဏာပိုင်တွေရဲ့ အမိန့်တွေကို မလိုက်နာဘူးဆိုရင် ထောင်ချခံရတာ၊ နှိပ်စက်ခံရတာ ဒါမှမဟုတ် သေဒဏ်ချမှတ်ခံရတာတွေကို ရင်ဆိုင်ရနိုင်ပါတယ်။ ဒါဟာ အလွန်ခက်ခဲတဲ့ အခြေအနေတစ်ရပ်ဖြစ်ပြီး ကျွန်တော်တို့အနေနဲ့ တကယ့်ရွေးချယ်စရာ မရှိခဲ့ဘူးလို့ တွေ့ရှိခဲ့ပါတယ်။ ဝန်ထမ်းတွေရဲ့ အသက်အန္တရာယ်ကိုလည်း စွန့်စားလို့မရခဲ့ပါဘူး” ဟု David Fidjeland က ပြောသည်။
နော်ဝေ ရဲတပ်ဖွဲ့က Telenor ၏ Fornebu ရှိ ရုံးချုပ်အဆောက်အအုံကိုလည်း ရှာဖွေစစ်ဆေးမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။
Telenor သည် နော်ဝေ အစိုးရရှေ့နေများနှင့် အချိန်ကာလကြာမြင့်စွာ ဆက်သွယ်ဆောင်ရွက်ခဲ့ပြီး အမှုနှင့်သက်ဆိုင်သည့် စာရွက်စာတမ်းများနှင့် သတင်းအချက်အလက် အများအပြားကိုလည်း ပေးအပ်ထားကြောင်း ဆိုသည်။
“ကျွန်တော်တို့အနေနဲ့ ရဲတပ်ဖွဲ့နဲ့ အပြည့်အဝ ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ပြီး အမှုကို သေချာစွာ စစ်ဆေးနိုင်အောင် ကူညီပေးသွားမှာပါ။ ဒီအမှုဟာ ရှုပ်ထွေးတဲ့ အမှုတစ်ခုဖြစ်ပြီး အရင်ကလည်း ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးခဲ့ဖူးပါတယ်။ ဒါကြောင့် ရဲတပ်ဖွဲ့က သူတို့ရဲ့ လုပ်ငန်းစဉ်တွေကို ဆက်လက်လုပ်ဆောင်ခွင့်ပြုပြီး နောက်ထပ် လုပ်ဆောင်ရမယ့် လုပ်ငန်းစဉ်တွေကို စောင့်ကြည့်သွားမှာဖြစ်ပါတယ်။ အမှုနဲ့ပတ်သက်ပြီး အသေးစိတ်ကို လက်ရှိအချိန်မှာ ထပ်မံမှတ်ချက်ပေးမှာ မဟုတ်ပါဘူး” ဟု Fidjeland က ထပ်မံပြောသည်။
Telenor ၏ ထုတ်ပြန်ချက်အရ လက်ရှိ စုံစမ်းစစ်ဆေးမှုနှင့် တရားစွဲဆိုမှုများသည် Telenor Group က မြန်မာနိုင်ငံတွင် ယခင်က လုပ်ကိုင်ခဲ့သည့် လုပ်ငန်းများနှင့် သက်ဆိုင်ခြင်းဖြစ်ပြီး ကုမ္ပဏီက အမှု ၏ နောက်ဆက်တွဲလုပ်ငန်းစဉ်များကို စောင့်ဆိုင်းနေပြီး နော်ဝေ အာဏာပိုင်များနှင့် ဆက်လက်ပူး ပေါင်းဆောင်ရွက်သွားမည်ဟု ဆိုထားသည်။
Telenor ကုမ္ပဏီသည် စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံမှ မထွက်ခွာမီ အကြမ်းဖက်စစ်တပ်ထံသို့မြန်မာပြည်သူများနှင့် စစ်အာဏာရှင်တော်လှန်ရေးတွင် ပါဝင်နေသူများ၏ အချက်အလက်များကို မျှဝေခဲ့ကြောင်း သိရှိရသည်။



Leave a Reply