ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်၊ ၁၀၆ ရပ်ကွက်တွင် အုပ်ချုပ်ရေးမှူး ကျော်မိုးနှင့်လူမိုက်အဖွဲ့ ရမ်းကားနေပြီး လူငယ်မှန်သမျှ အမျိုးသမီး၊ အမျိုးသားမခွဲခြားဘဲ ဖမ်းဆီးရိုက်နှက်ငွေညှစ်ကာ လူငယ်အမျိုးသားများကို စစ်မှုထမ်းပို့ဆောင်

ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်၊ ၁၀၆ ရပ်ကွက်တွင် အုပ်ချုပ်ရေးမှူး ကျော်မိုးနှင့် လူမိုက်အပေါင်းပါများက လူငယ်များကို အမျိုးသား၊ အမျိုးသမီးမခွဲခြားဘဲ ဖမ်းဆီးရိုက်နှက်ခြင်း၊ ငွေညှစ်ခြင်းများ ပြုလုပ်ရမ်းကားနေပြီး လူငယ်အမျိုးသားများကို စစ်မှုထမ်းရန် ပို့ဆောင်နေကြောင်း ရပ်ကွက်အတွင်းနေထိုင်သူများထံမှ သိရသည်။
အုပ်ချုပ်ရေးမှူး ကျော်မိုးနှင့် အဖွဲ့ဝင်များက ရပ်ကွက်အတွင်း ပြဿနာတစ်စုံတစ်ရာ ဖြစ်ပွားတိုင်း အမှုအခင်းနှင့် သက်ဆိုင်သူများကို အုပ်ချုပ်ရေးမှူးရုံးသို့ ခေါ်ဆောင်ကာ ဥပဒေမဲ့ ထိပ်တုံးခတ်၍ ရိုက်နှက်စစ်ဆေးလေ့ရှိပြီး အမျိုးသမီးများကိုလည်း အလားတူ ရိုက်နှက်မှုများ ပြုလုပ်ကြောင်း ဒေသခံများက ပြောသည်။

“တောင်ဒဂုံ ၁၀၆ ရပ်ကွက် အုပ်ချုပ်ရေးမှူးနဲ့ အပေါင်းပါတွေက တော်တော်ဆိုးနေပါတယ်။ စစ်မှုထမ်းဖို့ဆိုပြီး ပိုက်ဆံတွေတောင်းတယ်၊ လူငယ်တွေကို ဖမ်းတယ်။ ပြဿနာတစ်ခုခုဖြစ်တာနဲ့ ရုံးကိုခေါ်ပြီး ထိပ်တုံးခတ်တယ်။ မိန်းကလေးကော ယောက်ျားလေးကော ရက်ရက်စက်စက် ရိုက်ပါတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။
စစ်မှုထမ်းရန် ပေါ်တာဆွဲ ဖမ်းဆီးခံရသည့် လူငယ်များကို ငွေကြေးပေးဆောင်ရွေးခိုင်းပြီး လူတစ်ဦးလျှင် အနည်းဆုံး ကျပ်သိန်း ၅၀ ပေးရကြောင်း ဒေသခံများက ပြောသည်။ ထိုသို့ ပေါ်တာဆွဲမှုမှ ငွေပေးရွေးထားသော လူငယ်များကိုပင် အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များက ပြန်လည်ဖမ်းဆီးခြင်း၊ ထောင်ချခြင်းနှင့် စစ်မှုထမ်းရန် ပို့ဆောင်ခြင်းများ ပြုလုပ်ကြောင်းလည်း သိရသည်။

ထို့ပြင် အုပ်ချုပ်ရေးမှူးကျော်မိုးက သူ့အကြောင်း အွန်လိုင်းပေါ်တင်၍ စစ်မှုထမ်းကြေးကောက်ခံပြီး ပေါ်တာဆွဲနေကြောင်း ရေးသားထားမှုများနှင့်ပတ်သက်၍လည်း အမှန်တကယ် မလုပ်ဆောင်ခဲ့သူများကိုပင် မိသားစုလိုက် အုပ်ချုပ်ရေးမှူးရုံးသို့ ခေါ်ဆောင်ပြီး ရိုက်နှက်ခဲ့သည့် ဖြစ်စဉ်များ ရှိကြောင်း သိရသည်။
“မိသားစုလိုက် ရုံးကိုခေါ်ပြီး ရက်ရက်စက်စက် ရိုက်ပါတယ်။ အသက် ၇ နှစ်အရွယ်ကလေးတစ်ယောက်၊ ၁၀ နှစ်အရွယ်ကလေးတစ်ယောက် အပါအဝင် မိသားစုအားလုံးကို ထိပ်တုံးခတ်ပြီး ရိုက်နှက်ပါတယ်။ ငွေကျပ် သိန်း ၆၀ ပေးမှ ပြန်လွှတ်ပေးပါတယ်” ဟု သတင်းရင်းမြစ်က ပြောသည်။

တောင်ဒဂုံတွင် ကျော်မိုးနှင့်အဖွဲ့က ညပိုင်း ဧည့်စာရင်းစစ်ဆေးမည်ဟုဆိုကာ လူငယ်များကို နေအိမ်များအတွင်း ဝင်ရောက်ဖမ်းဆီးမှုများ ပြုလုပ်နေကြောင်း၊ အုပ်ချုပ်ရေးမှူး ကျော်မိုးက PDF များကို မကြောက်ကြောင်းနှင့် မည်သည့်နေရာတွင် တိုင်ကြားသည်ဖြစ်စေ ဂရုမစိုက်ကြောင်း မကြာခဏ ပြောဆိုလေ့ရှိသည်ဟုလည်း သိရသည်။
အုပ်ချုပ်ရေးမှူးရုံးအတွင်း ထိပ်တုံးခတ်၍ ချုပ်နှောင်ထားသည့် နေရာများ ရှိနေပြီး ရပ်ကွက်အတွင်း နေထိုင်သူအများအပြားမှာ အဆိုပါရုံးတွင် ရိုက်နှက်ခံရဖူးသူများ ဖြစ်ကြောင်း ဒေသခံများက ပြောသည်။
ထို့အပြင် ရပ်ကွက်အတွင်း နေအိမ်တစ်အိမ်မှ ငွေကျပ်သိန်း ၁၀၀ ကျော် ပျောက်ဆုံးသဖြင့် အုပ်ချုပ်ရေးမှူးရုံးသို့ သွားရောက်တိုင်ကြားခဲ့ရာ တိုင်ကြားသူများကိုပင် ပြန်လည်ဖမ်းဆီးပြီး အိမ်သားများက ငွေခိုးယူသည်ဟု စွပ်စွဲကာ ရုံးတွင် လာရောက်တိုင်ကြားသူများကို ရိုက်နှက်စစ်ဆေးခဲ့ကြောင်း ၊ အမှုလာရောက်တိုင်ကြားသူများကို ရိုက်နှက်စစ်ဆေးပြီး ငွေကျပ် ၅ သိန်း ပေးမှ ပြန်လွှတ်ပေးကြောင်း သိရှိရသည်။

အဆိုပါဖြစ်စဉ်တွင် ငွေပျောက်ဆုံးသည့် နေအိမ်၏ ဘေးအိမ်သည် အုပ်ချုပ်ရေးမှူးရုံးနှင့် နီးစပ်သူများ နေထိုင်သည့်အိမ်ဖြစ်နေခြင်းကြောင့် ယခုကဲ့သို့ ငွေပျောက်တိုင်ကြားသော မိသားစုကို ပြန်လည် ဖမ်းဆီးရိုက်နှက် ငွေတောင်းခြင်းဖြစ်ကြောင်း သိရှိရသည်။
တစ်ဖက်တွင်လည်း ကျော်မိုးနှင့်အဖွဲ့က ၎င်းတို့နှင့် ဆက်ဆံရေး အဆင်မပြေသော ရပ်ကွက်အတွင်းမှ အမျိုးသမီးများကိုလည်း အပြစ်မရှိ အပြစ်ရှာ အုပ်ချုပ်ရေးမှူးရုံးတွင် မကြာခဏ ထိပ်တုံးခတ်၍ ရိုက်နှက်မှုများ ပြုလုပ်လေ့ရှိကြောင်း၊ အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့သည် စစ်တပ်နှင့် ပူးပေါင်းကာ ရပ်ကွက်နေပြည်သူများကို ကြောက်ရွံ့နေစေရန် ဖမ်းဆီးခြင်းနှင့် ရိုက်နှက်ခြင်းများကို အမြဲပြုလုပ်နေကြောင်းလည်း ဒေသခံများက ဆိုသည်။
ရပ်ကွက်အတွင်း မူးယစ်ဆေးဝါး ရောင်းသူများ နှင့် နှစ်လုံးသုံးလုံးလောင်းကစား ဒိုင်လုပ်သူများ အများအပြားလည်းရှိနေပြီး လောင်းကစားသမားများနှင့်ဆေးရောင်းသူများက အုပ်ချုပ်ရေးမှူးကျော်မိုးကို လစဉ် ဆက်ကြေးပေးဆောင်ကြကြောင်း သိရှိရသည်။

ပြည်သူများကို ဖမ်းဆီးနှိပ်စက်ရမ်းကားနေသူများတွင် အုပ်ချုပ်ရေးမှူး ကျော်မိုးနှင့်အတူ ခင်မောင်ကျော်၊ အီးဗား၊ ဆာမိ၊ လက်ဖေ့၊ ကျော်နိုင်၊ ကွတ်တီး၊ အီးဆာ၊ အောင်ကိုကို၊ ဇော်မဲလုံး၊ မာလာကြည်၊ စိုးစိုးနှင့် ကြည်နိုင်တို့ပါဝင်ပြီး ရပ်ကွက်အတွင်း ဖမ်းဆီးရိုက်နှက်ခြင်း၊ ငွေကြေးတောင်းခံခြင်းနှင့် စစ်မှုထမ်းရန် လူစုဆောင်းပို့ဆောင်ခြင်းများတွင် အုပ်စုလိုက်ကျူးလွန်ကြကြောင်း သိရှိရသည်။
အုပ်ချုပ်ရေးမှူးကျော်မိုးနှင့်အဖွဲ့၏ရမ်းကားမှုများကို ပြည်သူများက တိုင်ကြားလိုကြသော်လည်း တိုင်ကြားသူအမည် ပေါက်ကြားမည်ကို ကြောက်ရွံ့သဖြင့် မတိုင်ကြားရဲကြကြောင်း သိရှိရသည်။



Leave a Reply