ညမထွက်ရ အမိန့်ထုတ်ပြန်ထားတဲ့ ကလေးမြို့မှာ ကွန်ပြူတာဆိုင် မီးလောင်ပြီး အမျိုးသမီးဝန်ထမ်းသုံးဦး ပိတ်မိသေဆုံး
စစ်ကိုင်းတိုင်း၊ကလေးမြို့ ၊တပ်ဦးသီတာရပ်ကွက်မှာ စက်တင်ဘာ(၂၁)ရက် ညပိုင်းက ကွန်ပြူတာဆိုင်တစ်ဆိုင် မီးလောင်မှုဖြစ်ပွားခဲ့ပြီး အမျိုးသမီးဝန်ထမ်းသုံးဦး ပိတ်မိသေဆုံးသွားတယ်လို့ မြို့ခံတွေက ပြောပါတယ်။
စက်တင်ဘာ(၂၁)ရက် ည(၁၁)နာရီဝန်းကျင်မှာ ကလေးမြို့၊ တပ်ဦးသီတာရပ်ကွက် ကမ္ဘာ့ရတနာဘဏ်နဲ့ အင်ပါယာစတိုးဆိုင်ကြားက (Apple) ကွန်ပြူတာဆိုင် မီးလောင်ခဲ့တာဖြစ်ပြီး ဆိုင်အတွင်းရှိနေတဲ့ အမျိုးသမီးသုံးဦး ပိတ်မိသေဆုံးခဲ့တာလို့ မြို့ခံတစ်ဦးက ပြောပါတယ်။
“ညကြီးမီးလောင်တာ၊တံခါးတွေ ရိုက်ချိုးဖွင့်ကြသေးတယ်။ဘယ်လိုဖွင့်လို့မရဘူး ။မီးတောက်ကပြင်းတော့ မီးထဲပါသွားတာ ”

မီးလောင်နေချိန်မှာ ဆိုင်အတွင်း အလုပ်လုပ်ကိုင်နေတဲ့ မင်းကင်းမြို့နယ် ၊ ဆိတ်သာကျေးရွာက အမျိုးသမီးနှစ်ဦးနဲ့ ကလေးဝမြို့နယ်က အမျိုးသမီးတစ်ဦးတို့ ရှိနေတာဖြစ်ပြီး ဆိုင်တံခါးတွေ ရိုက်ချိုးဖွင့်ကြပေမယ့် ဖွင့်မရတဲ့အတွက် မီးလောင်သေဆုံးခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
ကလေးမြို့မှာ လျှပ်စစ်မီးမရရှိတာကြောင့် ဘထ္ထရီအိုး အသုံးပြုရာက မတော်တဆ မီးလောင်ခဲ့တာလို့ ဒေသခံတွေက ပြောဆိုပါတယ်။
“ရှို့မီးတော့ မဟုတ်ဘူး ၊ဒီမနက်တော့ အဲ့ဒီနားက ဘဏ်တွေပါ ပိတ်ထားတယ်။ အလောင်းတွေက ကူညီရေးအသင်းက ပြည်သူဆေးရုံပို့ထားတယ်”
ကလေးမြို့မှာ စစ်အုပ်စုက ညမထွက်ရအမိန့် ထုတ်ပြန်ထားတာကြောင့် မီးလောင်မှုဖြစ်ပွားနေချိန်မှာ ဒေသခံတွေက မီးဝိုင်းငြှိမ်းသတ်ဖို့ အခက်အခဲရှိခဲ့ပြီး၊ မီးသတ်ဌာနနဲ့လည်း တစ်မိုင်ခန့်သာကွာဝေးပေမယ့် မီးသတ်ကားတွေ အချိန်မီ ရောက်မလာတာကြောင့် နေအိမ်နဲ့ ဆိုင်ခန်းသုံးခန်းခန့်လည်း မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“ကလေးမြို့က ညမထွက်ရဘူး ။ဆိုင်ကယ်အမျိုးသားနှစ်ယောက် မစီးရဘူး ။ မီးလောင်တော့ ဘယ်သူမထွက်ရဲကြဘူး ၊အဲ့ဒီဘေးနားက လူတွေကတော့ ထွက်တော့ ဝိုင်းငြှိမ်းကြတယ်၊မီးတောက်က တော်တော်ပြင်းတာ လောင်တာက။ မီးသတ်ကားက ရောက်တော့ ရောက်လာတယ်။ မီးသတ်ကားက ဘာဝေးတာမဟုတ်ဘူး။ ခရိုင်ရဲစခန်းနဲ့ အဲ့ဒီဆိုင်က လှမ်းမြင်နေရတာ ”
လက်ရှိအချိန်မှာတော့ သေဆုံးသူတွေရဲ့ ရုပ်အလောင်းတွေကို ကလေးမြို့ပြည်သူ့ဆေးရုံကြီး၊ ရင်ခွဲရုံအတွင်းမှာ ပို့ဆောင်ကာ ရင်ခွဲစစ်ဆေးတာတွေ လုပ်ဆောင်နေတယ်လို့ သေဆုံးသူနဲ့ ဆွေမျိုးတော်စပ်သူတစ်ဦးက ပြောပါတယ်။
“ဒီမနက်ပဲ အလောင်းတွေ သွားကြည့်တယ်၊ဆေးရုံးကြီးက ရင်ခွဲရုံမှာထားတာ”
စစ်ကိုင်းတိုင်းအတွင်းမှာ စစ်အုပ်စုက တိုက်ပွဲပြင်းထန်နေတဲ့ ထီးချိုင့်၊ ကောလင်း၊ ပင်လယ်ဘူး၊ ခင်ဦး၊ ဝက်လက်၊ ကနီ၊ ဒီပဲယင်း၊ ပုလဲ၊ အင်းတော်စတဲ့ မြို့နယ်ကိုးမြို့နယ်ကို စစ်အုပ်ချုပ်ရေး ကြေညာထားသလို ကလေးမြို့ကိုလည်း ညမထွက်ရအမိန့် ထုတ်ပြန်ထားကာ ပြန်လည်ရုတ်သိမ်းတာမရှိသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
မနေ့ညပိုင်းက စစ်ကိုင်းတိုင်း ကလေးမြို့က ကွန်ပျူတာဆိုင်တစ်ဆိုင် မတော်တဆမီးလောင်မှု ဖြစ်ပွားခဲ့စဉ်/ ဓာတ်ပုံ-ဒေသခံ



Leave a Reply