ဂွမြို့နယ်တွင် အသက် ၃ နှစ်အရွယ် ကလေးငယ်တစ်ဦး အဓမ္မပြုကျင့်ခံရ၊ ကျူးလွန်သူ ၂ ဦးကို DLEPS ဖမ်းဆီး
ရက္ခိုင်ပြည်၊ ဂွမြို့နယ်၊ ရဟိုင်းဖျားကျေးရွာတွင် အသက် ၃ နှစ် ၃ လ အရွယ် ကလေးငယ်တစ်ဦး လိင်ပိုင်းဆိုင်ရာ အဓမ္မပြုကျင့်ခံရမှု ဖြစ်ပွားခဲ့ရာ ကျူးလွန်သူ အမျိုးသား ၂ ဦးကို တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူ့လုံခြုံရေးဌာန (DLEPS) က ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။
ပြီးခဲ့သည့် စက်တင်ဘာ ၂၀ ရက် မွန်းလွဲ ၃ နာရီခွဲခန့်တွင် နစ်နာသူ ကလေးငယ်၏ မိခင်ဖြစ်သူမှာ ဂွမြို့သို့ ထောက်ပံ့ရေးဆန် သွားရောက်ယူဆောင်နေစဉ် ရဟိုင်းဖျားကျေးရွာမှ အုပ်ချုပ်ရေးမှူး အဖွဲ့နှင့်အတူ သမီးဖြစ်သူ ရောက်ရှိလာခဲ့ပြီး အတူ ပါလာသူ ခင်မောင်ဌေး က အကျိုးအကြောင်း ပြောပြကာ ကလေးငယ်အား မိခင်ဖြစ်သူထံ အပ်နှံခဲ့ခြင်းဖြစ်သည်။

ထို့နောက်မိခင်ဖြစ်သူက သမီးဖြစ်သူအား စိစစ်ကြည့်ရာ မိန်းမကိုယ်တွင် သွေးများ ပေကျံနေသည်ကို တွေ့ရှိခဲ့ရသဖြင့် စက်တင်ဘာ ၂၁ ရက်နေ့ နံနက် ၈ နာရီ ၅ မိနစ်အချိန်တွင် တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူ့လုံခြုံရေးဌာန (DLEPS) သို့ သွားရောက်တိုင်ကြားခဲ့ခြင်း ဖြစ်သည်။
တိုင်ကြားချက်အရ DLEPS က စုံစမ်းစစ်ဆေးခဲ့ရာ ပြစ်မှုကျူးလွန်သူများမှာ ရဟိုင်းဖျားကျေးရွာနေ အသက် ၅၅ နှစ်အရွယ် ခင်မောင်ဌေး နှင့် အသက် ၃၆ နှစ်အရွယ် စည်သူဝင်း တို့ ဖြစ်ကြောင်း သိရှိခဲ့ရခြင်းဖြစ်သည်။
၎င်းတို့ ၂ ဦးသည် အရက်သေစာ သောက်စား မူးယစ်ပြီး အသက် ၃ နှစ် ၃ လ အရွယ် ကလေးငယ်အား အဓမ္မ ပြုကျင့်ခဲ့ခြင်းဖြစ်ကြောင်း စုံစမ်းသိရှိရသည်။
လက်ရှိတွင် အဆိုပါ တရားခံ ၂ ဦးအား DLEPS က ဖမ်းဆီးစစ်ဆေးလျက်ရှိပြီး ရာဇသတ်ကြီး ဥပဒေပုဒ်မ – ၃၇၆ (မုဒိမ်းမှု) ဖြင့် တရားစွဲဆို အရေးယူနိုင်ရေး ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ပြီးခဲ့သည့် လများအတွင်းကလည်း မြို့နယ်အသီးသီး၌ ဖြစ်ပွားခဲ့သော အမျိုးသမီးများ လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခံရမှုနှင့်ပတ်သက်၍ ကျူးလွန်သူတရားခံကို ပြစ်ဒဏ်ချကာ ထိရောက်စွာအရေးယူဆောင်ရွက်ခဲ့ခြင်းဖြစ်စဥ်များရှိသလို နှစ်ကျော်ကြာလာသည့်တိုင် မပြီးပြစ်သေးသည့် ဖြစ်စဥ်များလည်းရှိနေသည်။
ထို့ပြင် စစ်ဘေးစစ်ဒဏ်ကြား၌ အမျိုးသမီးများနှင့် ကလေးသူငယ်များ လုံခြုံဘေးကင်းရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် တန်းတူညီမျှသော တရားမျှတမှု ရရှိရေးတို့အတွက် ဒေသခံ ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့များနှင့် ပူးပေါင်းကာ စောင့်ကြပ်ကြည့်ရှုမှုများကိုလည်း အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိသည်။



Leave a Reply