ရေသန့်ပို့ရင်း ဝင်ထွက်နေသည့် လူငယ် ၂ ဦး၏ လောဘကြောင့် အပြစ်မဲ့ အိမ်ရှင်လင်မယား ၂ ဦး အသက်ဆုံးရှုံးခဲ့ရ
မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်တွင် အိမ်တံခါးမရှိ ဓါးမရှိ ယုံကြည်စိတ်ချစွာ အဝင်အထွက်ပြုလုပ်ခွင့်ပေးထားသည့် ရေသန့်ပို့လူငယ်နှစ်ဦး၏ လောဘဇောကြောင့် အပြစ်မဲ့လင်မယားနှစ်ဦး နေအိမ်အတွင်း ကံဆိုးစွာ အသက်ဆုံးရှုံးခဲ့ရသည့် ကြေကွဲဖွယ် ဖြစ်စဉ်တစ်ခု ပေါ်ပေါက်ခဲ့ပါတယ်။

ဖြစ်စဉ်မှာ ပြီးခဲ့သည့် စက်တင်ဘာလ ၁၅ ရက် ညနေပိုင်းက မြို့သစ် (၅) ရပ်ကွက်၊ ၆၈(A) လမ်းနှင့် ၆၈(B) လမ်းကြား၊ ၁၁၁ လမ်းနှင့် ၁၁၂ လမ်းကြားရှိ နေအိမ်တစ်အိမ်တွင် အသက် (၆၉) နှစ်အရွယ် လေဖြတ်ဝေဒနာ ခံစားနေရရှာသည့် အိမ်ရှင် ဦးကျော်စိုးနှင့် အသက် (၆၃) နှစ်အရွယ် ဇနီးဖြစ်သူ ဒေါ်တင်ပြည့်တို့သည် နေအိမ်အတွင်း၌ ဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရှိခဲ့ရတာပါ။
စုံစမ်းစစ်ဆေးချက်များအရ ပြစ်မှုကျူးလွန်သူများမှာ ထိုနေအိမ်သို့ ပုံမှန် ရေသန့်လာရောက်ပို့ဆောင်ပေးနေသည့် အသက် (၂၃) နှစ်အရွယ် ကျော်ဇင်နှင့် အသက် (၂၀) နှစ်အရွယ် လမင်းထွန်းဆိုသူ ရေသန့်ပို့လူငယ်နှစ်ဦး ဖြစ်ကြပါတယ်။
၎င်းတို့သည် အိမ်ရှင်အမျိုးသမီးထံမှ ငွေကြေးချေးငှားထားဖူးသူများဖြစ်ပြီး အခင်းဖြစ်ပွားသည့်နေ့တွင် နေအိမ်အတွင်းရှိ ရွှေငွေများကို လုယက်ယူဆောင်ရန် အကြံဖြင့် ရောက်ရှိလာခဲ့ကြခြင်းဖြစ်ပါတယ်။
နေအိမ်သို့ ရောက်ရှိချိန်တွင် ပါယူလာသည့် ဓားအပြင် အိမ်အတွင်းရှိ ကတ်ကြေးများကိုပါ အသုံးပြု၍ အိပ်ရာပေါ်တွင် လဲလျောင်းနေသည့် လေဖြတ်ဝေဒနာရှင် အဘိုးအိုအပါအဝင် လင်မယားနှစ်ဦးစလုံးအား တိုက်ခိုက်ခဲ့ကြခြင်းဖြစ်ပါတယ်။

ထို့နောက် ရွှေငွေများ သိမ်းဆည်းထားသည့် အခန်း၏ သော့ကို ရှာမတွေ့ခဲ့သဖြင့် မူလကြံစည်ထားသည့် ပစ္စည်းများ ယူဆောင်နိုင်ခြင်းမရှိဘဲ ထွက်ပြေးတိမ်းရှောင်သွားခဲ့ကြပါတယ်။
ဖြစ်စဉ်ဖြစ်ပွားပြီးနောက် အမှတ် (၁၁) နယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များက စုံစမ်းစစ်ဆေးမှုများ အရှိန်အဟုန်မြှင့် ပြုလုပ်ခဲ့ရာ မသင်္ကာသူ ရေသန့်ပို့လူငယ်နှစ်ဦးအား ခေါ်ယူစစ်ဆေးစဉ် ၎င်းတို့ကျူးလွန်ခဲ့ကြောင်း ဝန်ခံထွက်ဆိုခဲ့ပြီး သက်သေခံပစ္စည်းများကိုပါ သိမ်းဆည်းရမိခဲ့ပါတယ်။
လက်ရှိတွင် ပြစ်မှုကျူးလွန်သူ ကျော်ဇင်နှင့် လမင်းထွန်းတို့နှစ်ဦးအား အမှတ် (၁၁) နယ်မြေရဲစခန်း၌ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်လှစ်ကာ တရားစွဲဆိုနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါတယ်။
လေဖြတ်နေလို့ အိပ်ရာပေါ်က မလှုပ်နိုင်ရှာတဲ့ အသက် ၆၉ နှစ်အရွယ် အဘိုးအိုခမျာ ခုတင်ပေါ်မှာတင် ရင်ဘတ်၊ ဝမ်းဗိုက်နဲ့ လည်ပင်းတွေကို ဓားနဲ့ ၁၂ ချက်အထိ ရက်ရက်စက်စက် ထိုးခုတ်ခံခဲ့ရတာပါ။
သူ့ရဲ့ အသက် ၆၃ နှစ်အရွယ် ဇနီးဖြစ်သူ အဘွားအိုဆိုရင်လည်း လှေကားအောက်မှာ ခန္ဓာကိုယ်အနှံ့ ဓားဒဏ်ရာတွေနဲ့ သွေးအိုင်ထဲမှာ လဲကျပြီး ဆုံးပါးသွားခဲ့ရပါတယ်။
ဒီလို မစွမ်းမသန် သက်ကြီးရွယ်အို နှစ်ဦးကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့ကြတာကတော့ အသက် ၂၀ နဲ့ အသက် ၂၃ နှစ်အရွယ် ရေသန့်ပို့တဲ့ လူငယ်နှစ်ဦး ဖြစ်နေပါတယ်။
ကျော်ဇင် (၂၃ နှစ်) နဲ့ လမင်းထွန်း (၂၀ နှစ်) တို့ဟာ စက်တင်ဘာ ၁၅ ရက်နေ့က ချမ်းမြသာစည်မြို့နယ်၊ ချမ်းမြမြို့သစ် (၅) ရပ်ကွက်မှာရှိတဲ့ အဘိုးအဘွားတွေရဲ့ အိမ်ကို အကြံဆိုးနဲ့ ရောက်လာခဲ့ကြတာပါ။
ဆုံးပါးသွားတဲ့ အဘိုးအို ဦးကျော်စိုးနဲ့ ဇနီးဖြစ်သူ ဒေါ်တင်ပြည့်တို့ဟာ အနီးအနားကလူတွေကို ငွေကြေးချေးငှားပြီး အသက်မွေးနေကြသူတွေ ဖြစ်ပါတယ်။
ဒီလူငယ်နှစ်ဦးဟာလည်း သူတို့ဆီက ငွေချေးထားတဲ့ အကြွေးရှင်တွေပါပဲ။
အဘိုးတို့ဘက်က ငွေလိုတယ်ဆိုလို့ ကူညီတဲ့အနေနဲ့ ချေးပေးထားတာဖြစ်ပြီး အတင်းအကြပ် ပြန်တောင်းတာမျိုးလည်း မရှိခဲ့ပါဘူး။
အိမ်နီးနားချင်းတစ်ဦး ပြောပြတာကတော့ “အပေါက်ဆိုးတာမျိုး မရှိပါဘူး၊ အသက်လည်းကြီး လုပ်မစားနိုင်တော့ ရှိတာလေးကို တိုးပွားအောင် လုပ်ထိုင်စားနေတဲ့ သဘောပါပဲ” တဲ့ ခင်းဗျ။
ဒီလူငယ်တွေဟာ ရေသန့်ပို့ရင်း ဝင်ထွက်သွားလာများရာကနေ အဖိုးအဖွားစုံတွဲမှာ ငွေတိုရွှေစလေးတွေ ရှိတာကို မျက်စိကျပြီး ဓားတွေ၊ ကတ်ကြေးတွေကို တမင်ပြင်ဆင်ယူဆောင်လာခဲ့ကြတာပါ။
အိမ်နီးချင်းတစ်ဦးကတော့ “အဖွားကြီး မရှိတုန်း အဖိုးကြီးကို မေးမြန်းနေစဉ်မှာ အဖွားကြီး ပြန်တက်လာလို့ သတ်သွားတာ ဖြစ်လိမ့်မယ်” လို့ သုံးသပ်ထားပါတယ်။
အမှုဖြစ်ပြီးတဲ့နောက် အမှတ် (၁၁) နယ်မြေရဲစခန်းက သံသယရှိသူ ရေသန့်ပို့လူငယ် နှစ်ဦးကို သက်သေခံပစ္စည်းတွေနဲ့အတူ ဖမ်းဆီးရမိခဲ့ပါတယ်။
သူတို့ရဲ့ စစ်ဆေးထွက်ဆိုချက်အရ ရွှေငွေတွေသိမ်းထားတဲ့ အခန်းသော့ကို ရှာမတွေ့တာကြောင့် ဘာမှယူမသွားနိုင်ဘဲ ဒီအတိုင်း ထွက်ပြေးခဲ့ရတာလို့ သိရပါတယ်။
ဆိုလိုတာကတော့ အကြံဆိုးနဲ့ ရက်ရက်စက်စက် ပြုလုပ်ခဲ့ပေမဲ့ ရည်ရွယ်ချက် မမြောက်ဘဲ လက်ရဲဇာတ်ရဲ ပြစ်မှုကိုပဲ ကျူးလွန်ခဲ့ကြတာပါ။
မိမိအပေါ် ကူညီဖူးတဲ့ ကျေးဇူးတရားကိုမငဲ့၊ လောဘဇောနဲ့ အကာအကွယ်မဲ့နေတဲ့ သက်ကြီးရွယ်အိုတွေကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့တဲ့ ဒီဖြစ်စဉ်ကြောင့် ကြားရသူတိုင်း တုန်လှုပ်ရပါတယ်။
လက်ရှိမှာတော့ အမှတ် (၁၁) နယ်မြေရဲစခန်းက ကျော်ဇင်နဲ့ လမင်းထွန်းတို့ကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂ (လူသတ်မှု) နဲ့ အမှုဖွင့်ထားပြီး ဥပဒေအတိုင်း ဆက်လက်ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။
အမှန်တော့ ဒီဖြစ်စဉ်ဟာ စစ်အာဏာသိမ်းမှုရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကြောင့် လူငယ်တွေ စာရိတ္တမဏ္ဍိုင် ယိုယွင်းပျက်စီးပြီး အဆိုးဘက်ကို ကူးပြောင်းလာကြတာကို ပြသနေတာပါပဲ။
စစ်အာဏာသိမ်းမှုကြောင့် စားဝတ်နေရေး ကြပ်တည်းမှုတွေကြားမှာ ရွေးချယ်စရာ မရှိတော့အောင် ညှပ်ပူးညှပ်ကော ဖြစ်လာရသလို၊ တရားဥပဒေစိုးမိုးရေး အားနည်းချက်တွေရဲ့ အကျိုးဆက်ကိုလည်း ပြည်သူတွေ ခါးသီးစွာ ခံစားနေကြရတာ ဖြစ်ပါတယ်။
အဆိုးရွားဆုံးကတော့ အာဏာသိမ်းမှုနောက်ပိုင်း လူထုကြားမှာ ဥပဒေနဲ့ ပြစ်ဒဏ်ဆိုတာကို ထည့်ပင် မတွက်ကြတော့ဘဲ လက်ရဲဇာတ်ရဲ ပြစ်မှုတွေကို ရဲရဲဝံ့ဝံ့ ကျူးလွန်လာကြတာပါပဲ။
ဒီလိုအခြေအနေတွေကြောင့် အားကိုးရာမဲ့ အကာအကွယ်မဲ့နေတဲ့ သက်ကြီးရွယ်အိုတွေရဲ့ လုံခြုံရေးဟာလည်း စိုးရိမ်စရာ မေးခွန်းထုတ်စရာ ဖြစ်လာခဲ့ရသလို၊ မနက်ဖြန်တွေမှာပါ လူမှုအသိုင်းအဝိုင်းတစ်ခုလုံးရဲ့ လုံခြုံရေးနဲ့ အနာဂတ်ဟာ မရေမရာ ပျောက်ဆုံးလို့နေပါတော့တယ်။



Leave a Reply