ဒေါ်အောင်ဆန်းစုကြည်အပေါ် အလွန် သက်ညှာပေးခဲ့သည်ဟု မင်းအောင်လှိုင် ပြော
မြန်မာနိုင်ငံ၏ သမ္မတနေရာ ရယူထားသော ၂၀၂၆ သမ္မတ မင်းအောင်လှိုင်က ဖမ်းဆီးထိန်းသိမ်းထားသည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပေါ် အလွန် သက်ညှာ ပေးခဲ့ကြောင်းနှင့် သူမ၏ အခြေအနေကို ပြန်လည်သုံးသပ်နိုင်မည့် အခြေအနေများ ပေါ်ပေါက်လာပါက အနာဂတ်တွင် ပြောင်းလဲမှုများ ရှိလာနိုင်ကြောင်း TIME မဂ္ဂဇင်းနှင့် ပြုလုပ်ခဲ့သည့် အင်တာဗျူးတွင် ပြောခဲ့သည်။
၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးနောက် မင်းအောင်လှိုင်အနေဖြင့် အနောက်တိုင်းမီဒီယာတခုနှင့် ပထမဆုံး အင်တာဗျူးအဖြစ် TIME မဂ္ဂဇင်းမှ အကြီးတန်း အယ်ဒီတာ ချာလီကမ်းဘဲလ်နှင့် နေပြည်တော်ရှိ စစ်အုပ်စုသမ္မတရုံးတွင် တွေ့ဆုံမေးမြန်းခဲ့ခြင်း ဖြစ်သည်။
အင်တာဗျူးအတွင်း ဒေါ်အောင်ဆန်းစုကြည်နှင့် ပတ်သက်၍ မေးမြန်းရာတွင် မင်းအောင်လှိုင်က သူမအပေါ် “အလွန်သက်ညှာ ပေးခဲ့သည်” ဟု ပြောခဲ့ပြီး အခြေအနေများ ယခု အခြေအနေအထိ မရောက်ရှိစေရန် ဖြစ်နိုင်သမျှ ကြိုးပမ်းခဲ့ကြောင်းလည်း ပြောဆိုခဲ့သည်။
“သူမ အပေါ် ကျွန်တော် အလွန်အမင်း သက်ညှာပေးခဲ့ပါတယ်၊ ဒီ အခြေအနေတွေအထိ ဖြစ်မလာအောင် ဖြစ်နိုင်သမျှ နည်းလမ်းအားလုံးနဲ့ တားဆီးဖို့ ကြိုးစားခဲ့ပါတယ်” ဟု မင်းအောင်လှိုင်က မျက်နှာထား တည်တည်ဖြင့် ပြောကြောင်း Time မဂ္ဂဇင်းက ဖော်ပြထားသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်တွင် စစ်တပ်က အာဏာသိမ်းခဲ့သည့် နေ့၌ သမ္မတ ဦးဝင်းမြင့်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရအဖွဲ့ဝင်များနှင့်အတူ ဖမ်းဆီးခံခဲ့သည်။ ထိုအချိန်က စစ်တပ်ဘက်က ၂၀၂၀ ရွေးကောက်ပွဲတွင် မဲမသမာမှုများ ဖြစ်ပွားခဲ့သည်ဟု စွပ်စွဲခဲ့သော်လည်း အဆိုပါ ရွေးကောက်ပွဲရလဒ်ကို နိုင်ငံတကာအသိုက်အဝန်းက အသိအမှတ်ပြုထားခဲ့သည်။
အာဏာသိမ်းပြီးနောက် ဒေါ်အောင်ဆန်းစုကြည်အား အဂတိလိုက်စားမှု၊ ဆက်သွယ်ရေးပစ္စည်းများ တရားမဝင်ကိုင်ဆောင်မှု အပါအဝင် အမှုအမျိုးမျိုးဖြင့် တရားစွဲဆိုကာ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလတွင် ထောင်ဒဏ် စုစုပေါင်း ၃၃ နှစ်အထိ ချမှတ်ခဲ့သည်။ နောက်ပိုင်းတွင် ယင်း ပြစ်ဒဏ်ကို ၁၈ နှစ်အထိ လျှော့ချပေးထားသည်။
ဒေါ်အောင်ဆန်းစုကြည်အပေါ် စစ်အုပ်စု၏ တရားစီရင်မှုများနှင့် ထိန်းသိမ်းထားမှုများအပေါ် လူ့အခွင့်အရေးအဖွဲ့များက ဝေဖန်ခဲ့ကြပြီး စွဲဆိုသော အမှုများက နိုင်ငံရေးအရ ရည်ရွယ်ချက်ရှိသည့် တရားစွဲဆိုမှုများဖြစ်ကြောင်း ပြောထားကြသည်။
ဒေါ်အောင်ဆန်းစုကြည်အား ထိန်းသိမ်းထားသည့် နေရာနှင့် ပတ်သက်၍လည်း မရေမရာ ရှိနေပြီး ယခင်က နေပြည်တော်အကျဉ်းထောင်တွင် ထိန်းသိမ်းထားခဲ့ပြီး ၂၀၂၆ ခုနှစ် ဧပြီလတွင် နေပြည်တော်တွင် နေအိမ်အကျယ်ချုပ်အခြေအနေသို့ ပြောင်းရွှေ့ထားကြောင်း သတင်းများတွင် ဖော်ပြသည်။
ဒေါ်အောင်ဆန်းစုကြည်အား ဖမ်းဆီးခံရပြီးနောက် နောက်ဆုံး တွေ့မြင်ရခြင်းအဖြစ် ဩဂုတ်လအတွင်း အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ ICRC မှ အကြီးတန်းတာဝန်ရှိသူတဦးနှင့် တွေ့ဆုံခဲ့သည့် ဓာတ်ပုံများကို စစ်အုပ်စုဘက်က ထုတ်ပြန်ခဲ့သည်။
ယခု TIME နှင့် အင်တာဗျူးတွင် မင်းအောင်လှိုင်က ဒေါ်အောင်ဆန်းစုကြည်အတွက် လွတ်ငြိမ်းချမ်းသာခွင့် သို့မဟုတ် အခြား ပြောင်းလဲမှုတရပ် ဖြစ်လာနိုင်ခြေနှင့် ပတ်သက်၍လည်း ပြောသည်။ လွတ်ငြိမ်းချမ်းသာခွင့်ကိစ္စသည် ဒေါ်အောင်ဆန်းစုကြည်၏ အခြေအနေပေါ် မူတည်ကြောင်း ၎င်းက ပြောပြီး အာဏာပိုင်များဘက်က ပြန်လည် စဉ်းစားနိုင်မည့် အကြောင်းပြချက်များ ရှိလာပါက အခြေအနေ ပြောင်းလဲနိုင်ကြောင်း အရိပ်အမြွက် ပြောခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံရေးအနာဂတ်သည် မြန်မာနိုင်ငံ၏ နိုင်ငံရေး အသွင်ကူးပြောင်းရေးနှင့် နိုင်ငံတကာဆက်ဆံရေးများတွင်လည်း အရေးပါသည့်အချက်တရပ်အဖြစ် ဆက်လက် ရှိနေဆဲ ဖြစ်သည်။ အမေရိကန်နှင့် ဥရောပနိုင်ငံများအပါအဝင် နိုင်ငံအများအပြားက ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရေးကို အကြိမ်ကြိမ် တောင်းဆိုထားကြသည်။
Time မှ Exclusive: Myanmar’s Dictator Wants to Rebuild Ties With the West ကို ကောက်နှုတ်ဘာသာပြန် သည်။



Leave a Reply