ကမာရွတ်ရဲစခန်းအနီး အမျိုးသမီးတဦး ဓါးထိုးခံရ ဂရန်း(ဒ်) ဟံသာဆေးရုံက ဆေးကုသခွင့်ငြင်း ဆန်၍ သေဆုံး
ရန်ကုန်မြို့ ကမာရွတ်မြို့နယ် နာနတ်တောလမ်းနဲ့ ကြည့်မြင်တိုင်ကန်နားလမ်းထောင့်မှာရှိတဲ့ ဂရန်း(ဒ်)ဟံသာ အင်တာနေရှင်နယ်ဆေးရုံအနီးမှာ အမျိုးသမီးတဦး ဒီနေ့ စက်တင်ဘာ ၂၃ ရက်က ဓါးထိုးခံရပေမယ့် ဆေးရုံဘက်က ဆေးကုသခွင့် ငြင်းဆန်လိုက်တာကြောင့် သေဆုံးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မြင်တွေ့သူတဦးက “ဂရန်းဟံသာဆေးရုံအနီးမှာ အမျိုးသမီးတစ်ဦးကို အမျိုးသား ၂ ဦးနဲ့ အမျိုး သမီး ၁ ဦးက ဓားနဲ့ထိုးတယ်။ ဆေးရုံကလည်း သူရဲ့ ဒဏ်ရာတွေကို ကုသပေးဖို့ ငြင်းဆန်ခဲ့တယ်။ လို့ ပြောပါတယ်။
အဲဒီလို ဆေးရုံဘက်က ဆေးကုသပေးဖို့ ငြင်းဆန်တာကြောင့် ဓါးထိုးခံရသူ အမျိုးသမီးဟာ သေဆုံးသွားရပြီး ကျူးလွန်သူတွေကတော့ ထွက်ပြေးသွားတယ်လို့ ဆိုပါတယ်။

အခင်းဖြစ်ပွားရာနေရာဟာ ကမာရွတ်ရဲစခန်း အနီးမှာရှိနေပေမယ့် အဲဒီဖြစ်စဥ်ကို အရေးတယူ ဆောင်ရွက်ပေးတာမျိုးမရှိခဲ့ဘူးလို့ ပြောပါတယ်။
ဖြစ်စဥ်အသေးစိတ်ကိုသိရဖို့ မေးမြန်းနေဆဲဖြစ်ပါတယ်။
ဂရန်း(ဒ်)ဟံသာ အင်တာနေရှင်နယ်ဆေးရုံဟာ Yuzana Company Limited ကပိုင်ဆိုင်ပြီး စစ်တပ်နဲ့ပတ်သက်သူပိုင်တာဖြစ်လို့ ကနေဒါအစိုးရရဲ့ မြန်မာနိုင်ငံဆိုင်ရာ ပိတ်ဆို့အရေးယူစာရင်းထဲမှာ ပါဝင်ခဲ့တဲ့ ကုမ္ပဏီဖြစ်ပါတယ်။
စက်တင်ဘာ ၁၇ ရက်ဝန်းကျင်မှာ Info Myanmar College (IMC) က ကျောင်းသားလူငယ် ၂ ဦးကို လူငယ်အုပ်စုတစ်စုက ခေါ်ယူပြီး ဓားနဲ့ထိုး၊ ကျောက်ခဲနဲ့ရိုက်၊ ဝိုင်း ဝန်းထိုးကြိတ်ခဲ့တာရှိခဲ့ပါတယ်။
ထိခိုက်သူ ၂ ဦးထဲက တစ်ဦးဟာ ဦးခေါင်းမှာ ပြင်းထန်တဲ့ ပြတ်ရှဒဏ်ရာရပြီး နောက်တစ်ဦးက အဆုတ်ကို ဓား ၂ ချက်ထိုးခံရတာကြောင့် သတိလစ်ခဲ့တာကြောင့် နှစ်ဦးလုံး ရန်ကုန်ဆေးရုံကြီးမှာ ကုသမှုခံယူနေရပါတယ်။
စက်တင်ဘာ ၂၁ ရက်မှာတော့ အသက် ၁၄ နှစ်ကနေ ၂၁ နှစ်အတွင်း လူငယ် ၈ ဦးမှာ အမျိုးသမီး ၁ ဦး၊ အမျိုးသား ၇ ဦးကို စမ်းချောင်းရဲစခန်းက ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။



Leave a Reply