ဆံပင် အဆုပ်လိုက် ကျွတ်ထွက်အောင် အရိုက်ခံ၊ အိမ်ဖျက်ခံရသူက ရိုက်တဲ့သူကို ပြန်တောင်းပန်ရတဲ့ နိုင်ငံ
ဤစာကို အရင်ဖတ်ပါ ..
ကျေးရွာစည်းကမ်းလွန်ဆန်ခြင်းကိစ္စ. (မြန်မာဘာသာပြန်)
၁၇.၉. ၂၀၂၆
(၁၃၈၈)ခုနစ် တော်သလင်းလဆန်း၆ရက်

ကျေးရွာစည်းကမ်မလိုက်နာသူ မနန်းချိုလေးသည် ကျေးရွာလူကြီးဆိုဆုံးမကို မလိုက်နာခြင်း၊ အမေအဖေ ညီအကိုမောင်နှမဆို ဆုံးမကို မနာခံခြင်းကြောင့် ယ္ခုအဆင့်သို့ ရောက်ရှိလာခြင်းဖြစ်ပါသည်။နန်းချိုလေး FBအကောင့်အောက်တွင် Comment ရေးသားသူများနင့်လူအများသေချာသိစေရန်
ကျွန်တော်တို့ကောင်လွိုးရွာမေးမြန်းချက်ကိုမှန်မှန်မြေပေးပါ
ကောင်လွိုးရွာမေးမြန်းချက်ကိုအမှန်အမှားအဖြေပေးပါ။
၁။သင်တို့အိမ်မှာမကောင်းတဲ့အမျိုးဂုဏ်သိက္ခာကျဆင်းစေတဲ့ ဖာသည်မ ဖာခံတဲ့အလုပ်ကိုသင်ကြိုက်ပါသလား။
၂။ သင်နေတဲ့ရွာကိုအခြားလူအခုလိုလာလုပ်တာကိုသင်တို့ကြိုက်ပါသလား။
၃။ နန်ချိုလေး Tiktopအကောင့်FBအကောင့်ပေါ်အမျိုးမျိုးတင်ခဲ့တာတွေဟာမဟုတ်ဖူးဆိုတာ ကောင် လွိုးမြောက်ရွာကအကြောင်းပြန်ဖြေရှင်းအပ်ပါသည်။
ကျေးရွာဥက္ကဌ
တောင်လေး(မ)ရွာ
လိုင်းညားကျေးရွာအုပ်စု
ပင်လောင်းမြို့နယ်
အဖြစ်အပျက်က ဒီလို …နဲ့ စတင်ခဲ့

ရှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ တောင်လေး (မြောက်) ရွာထဲက သက်ငယ်မိုး အိမ်ခြေလေးတစ်ခုပါ။ ဒီအိမ်မှာ အသက် ၂၀ ကျော်အရွယ် အမျိုးသမီးငယ် နန်းချိုလေး တစ်ယောက်တည်း နေပါတယ်။
လွန်ခဲ့တဲ့ စက်တင်ဘာ ၁၅ ရက်နေ့မှာတော့ ဒီအိမ်လေးရဲ့ ပျဉ်ထောင်နံရံတွေ၊ မိုးသွပ်တွေဟာ ရွာသူကြီးနဲ့ အုပ်ချုပ်ရေးအဖွဲ့တွေရဲ့ ရိုက်နှက်ဖျက်ဆီးမှုကြောင့် ဖရိုဖရဲပျက်ဆီးခဲ့ရပါတယ်။
ပိုပြီး အံ့ဩဖို့ကောင်းတာက မိမိအိမ် ရိုက်ဖျက်ခံလိုက်ရရုံတင် မကပါဘူး। ဆံပင်တွေ ကျွတ်ထွက်သည်အထိ အုပ်စုလိုက် ရိုက်နှက်ခံခဲ့ရတဲ့ အမျိုးသမီးငယ်ဟာ ရွာမအုပ်ချုပ်ရေးရုံးရှေ့က ကော်စားပွဲမှာ ကန်တော့ပွဲပြင်ပြီး ကျူးလွန်သူတွေကို ပြန်ပြီး ဦးခေါင်းညွှတ် တောင်းပန်ခဲ့ရတာပါပဲ။
“အခုခေတ်က တစ်နိုင်ငံတည်း စနစ် ၂ မျိုး ဖြစ်နေတာ ” လို့ လေ့လာသူတစ်ဦးက ဆိုပါတယ်။
“ တရားဥပဒေက တစ်မျိုး၊ ဒေသတွင်း အာဏာရှိသူတွေက တမျိုး၊ ကိုယ့်အိမ်ကို အကြမ်းဖက် ဖျက်ဆီးတာတောင် ရင်မဖွင့်ရဘဲ သူတို့သိက္ခာကျတယ်ဆိုပြီး ကိုယ်ကပဲ ပြန်တောင်းပန်ရတဲ့ ခေတ် ရောက်နေတယ်”
ဒီဖြစ်စဉ်ဟာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံရဲ့ ဝေးလံခေါင်ဖျား ကျေးလက်ဒေသတွေမှာ တရားဥပဒေစိုးမိုးမှု ဘယ်လောက်အထိ ပြိုလဲနေလဲဆိုတာကို ထိန်းချုပ်မရတဲ့ သာဓကတစ်ခုအဖြစ် ပေါ်လွင်စေခဲ့ပါတယ်။

ဓလေ့ထုံးတမ်း အကြောင်းပြချက်နဲ့ အာဏာအလွဲသုံးစားမှု …..
ဇာတ်လမ်းက နန်းချိုလေးရဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ ရွေးချယ်မှုကနေ စတာပါ။ အခြားရွာက အမျိုးသားတစ်ယောက်နဲ့ ချစ်ကြိုက် သွားလာခဲ့တာကို ကျေးရွာအုပ်ချုပ်ရေးပိုင်းက “ရွာဓလေ့ထုံးတမ်းနဲ့ မညီဘူး၊ ရွာစည်းကမ်း ဖောက်ဖျက်တယ်” ဆိုပြီး ဒဏ်ငွေ ကျပ် ၆ သိန်းခွဲ ပေးဆောင်ဖို့ အမိန့်ထုတ်ခဲ့ပါတယ်။
ငွေကြေး မပေးဆောင်ရသေးမီမှာပဲ ရွာသူကြီးနဲ့ ဆယ်အိမ်ခေါင်းတွေပါတဲ့ လူအုပ်စုဟာ မိန်းကလေးတစ်ယောက်တည်း ရှိနေတဲ့ အိမ်ထဲအထိ ဝင်ရောက်ပြီး အိမ်သုံးပစ္စည်းတွေကို ရိုက်ခွဲကာ နေအိမ်ကို ဖျက်ဆီးခဲ့ကြတယ်။
ဒါတင်မကသေးဘဲ နန်းချိုလေးရဲ့ ဆံပင်ကိုဆွဲ၊ ထိုးကြိတ်၊ ခြေထောက်နဲ့ ကန် စတဲ့ ကိုယ်ထိလက်ရောက် အကြမ်းဖက်မှုတွေကိုပါ ပြုလုပ်ခဲ့ကြပါတယ်။
မိမိခံစားရတဲ့ မတရားမှုကို နန်းချိုလေးက TikTok နဲ့ လူမှုကွန်ရက်ပေါ်မှာ ဆံပင်တွေ ပြုတ်ထွက်နေတဲ့ ပုံတွေ၊ ပျက်စီးသွားတဲ့ အိမ်ပုံတွေနဲ့အတူ ဝမ်းနည်းစွာ ရင်ဖွင့်ခဲ့ရာကနေ အွန်လိုင်းပေါ်မှာ လူသိများ ပျံ့နှံ့သွာခးဲ့ပါတယ်။
ဒါပေမဲ့ ဒီလို ရင်ဖွင့်လိုက်တာကပဲ သူ့ကို ဒုတိယအကြိမ်မြောက် ဖိနှိပ်မှုရဲ့ သားကောင် ဖြစ်သွားစေခဲ့ပါတယ်။ ကျေးရွာအုပ်ချုပ်ရေးပိုင်းက “အဖွဲ့အစည်းနဲ့ ရွာရဲ့ သိက္ခာကို ထိခိုက်စေတယ်” ဆိုပြီး နန်းချိုလေးကို ခေါ်ယူဖိအားပေးခဲ့ပါတယ်။
စက်တင်ဘာ ၁၇ ရက်စွဲပါ တောင်လေး (မြောက်) ကျေးရွာ အုပ်ချုပ်ရေးရုံးရဲ့ တံဆိပ်တုံး ပါရှိတဲ့ စာမှာ နန်းချိုလေးကို ကျေးရွာလူကြီးတွေနဲ့ မိဘတွေရဲ့ ဆုံးမမှုကို မနာခံသူအဖြစ် ပုံဖော်ထားသလို၊ လူမှုကွန်ရက်ပေါ်မှာ ရေးသားခဲ့တာတွေကို ပြန်ရှင်းပေးရမယ်၊ နောက်နောင် ထပ်မံ မရေးပါဘူးဆိုတဲ့ ဝန်ခံကတိစာလွှာမှာ အတင်းအဓမ္မ လက်မှတ်ရေးထိုးခိုင်းခဲ့ပါတယ်။
ဥပဒေအတိုင်း ဆိုရင်တော့ ရွာသူကြီးအဖွဲ့ ထောင်ကျပြီ ………..

ဥပဒေကျွမ်းကျင်သူတွေရဲ့ သုံးသပ်ချက်အရ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ရဲ့ လုပ်ရပ်ဟာ ကျေးရွာစည်းကမ်း ထိန်းတာ မဟုတ်ဘဲ ကြီးလေးတဲ့ ရာဇဝတ်မှုတွေကို အုပ်စုဖွဲ့ ကျူးလွန်ခဲ့တာ ဖြစ်ပါတယ်။
ပိုင်နက်ကျူးလွန်မှုနဲ့ ရုန်းရင်းဆန်ခတ်ဖြစ်မှု: ရာဇသတ်ကြီး ပုဒ်မ ၁၄၇၊ ၁၄၈၊ ၁၄၉၊ ၄၄၇၊ ၄၄၈ တို့အရ သူတစ်ပါး ပိုင်နက်ကို အုပ်စုဖွဲ့ ကျူးကျော်တာနဲ့ အကြမ်းဖက်မှု ကျူးလွန်ခဲ့တာ ဖြစ်ပါတယ်။
အကြမ်းဖက်မှုနဲ့ ပစ္စည်းဖျက်ဆီးမှု: ရာဇသတ်ကြီး ပုဒ်မ ၃၂၅ (အပြင်းအထန် နာကျင်စေမှု) နဲ့ ပုဒ်မ ၄၂၇ (သူတစ်ပါး ပစ္စည်း အပျက်အစီး ကျူးလွန်မှု) တို့နဲ့လည်း အကြုံးဝင်နေပါတယ်။
အသရေဖျက်မှု: ရွာသူကြီးအဖွဲ့က နန်းချိုလေးကို ပအိုဝ်းဘာသာနဲ့ “ပြည့်တန်ဆာ” လို့ စွပ်စွဲ ရေးသားခဲ့တာကြောင့် ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ) သို့မဟုတ် ရာဇသတ်ကြီး ပုဒ်မ ၅၀၀ (အသရေဖျက်မှု) တို့နဲ့ တရားပြန်စွဲလို့ ရသလို၊ နစ်နာကြေးအတွက်ပါ တရားမမှုနဲ့ တောင်းဆိုလို့ ရပါတယ်။
မြန်မာနိုင်ငံရဲ့ တည်ဆဲဥပဒေအရ ချစ်သူရည်းစားနဲ့ အတူသွားလာတာ၊ အတူအိပ်တာဟာ ပြည့်တန်ဆာ လုပ်ရပ် မဟုတ်ပါဘူး။ တစ်ယောက်ယောက်က ပြည့်တန်ဆာ တကယ်လုပ်နေရင်တောင် တရားဥပဒေအရပဲ တရားစွဲရမှာဖြစ်ပြီး ကျေးရွာအုပ်ချုပ်ရေးဆိုသူတွေက မိမိသဘောနဲ့မိမိ အိမ်ကို ဖျက်ဆီးခွင့်နဲ့ ရိုက်နှက်ခွင့် လုံးဝမရှိပါဘူး။
ဒီ ရာဇဝတ်မှု ၇ ခုနဲ့သာ တရားစွဲလိုက်ရင် ရွာသူကြီးနဲ့ အဖွဲ့ဟာ ထောင်ဒဏ် ၇ နှစ်ကနေ ၁၀ နှစ်အထိ ကျသွားနိုင်ပါတယ်။
ဒါပေမယ့် ဘယ်သူကမှ တရားဥပဒေအတိုင်း ကိုယ်တွယ် မထိန်းကျောင်းပေးနိုင်ပါဘူး။ စစ်အာဏာရှင်တွေဟာ သူတို့ အာဏာတည်မြဲရေးအတွက် ဒေသအလိုက် အုပ်ချုပ်ရေးအဖွဲ့တွေကို ထင်ရာစိုင်းခွင့် အပြည့်အဝ ပေးထားပြီးသားပါ။
ဒီလိုကိစ္စတွေအတွက် နားထောင်ဖြေရှင်းပေးချင်တဲ့ စေတနာရော၊ လုပ်ထုံးလုပ်နည်းတွေပါ မရှိတော့ပါဘူး။

တရားဥပဒေ စိုးမိုးရေး ကင်းမဲ့နေတဲ့ အနာဂတ်
ယခုအခါ အင်းလေးနဲ့ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အစပ်တွေမှာ လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ ဒေသခံ အာဏာပိုင်တွေရဲ့ လွှမ်းမိုးမှုဟာ အလွန်မြင့်မားနေပြီး ပြည်သူတွေဟာ တရားဥပဒေရဲ့ အကာအကွယ်ကို မရရှိဘဲ စိုးရိမ်ထိတ်လန့်စွာ နေထိုင်နေကြရပါတယ်။
အရိုက်ခံ၊ အိမ်ဖျက်ခံခဲ့ရတဲ့ အမျိုးသမီးငယ် နန်းချိုလေးကတော့ ယခုအခါ မိမိရဲ့ မွေးရပ်ဇာတိ တောင်လေးကျေးရွာမှာ ဆက်လက် မနေထိုင်ရဲတော့ဘဲ စွန့်ခွာသွားခဲ့ပါတယ်။ ဒါပေမယ့် အဲဒါကိုတောင် ပြန်လည် ခေါ်ယူပြီး အတင်းအကြပ် တောင်းပန်ခိုင်းခဲ့တာပါ။
ဓလေ့ထုံးတမ်းကို ထိန်းသိမ်းတာနဲ့ လူတစ်ယောက်ရဲ့ ကိုယ်ပိုင်လူ့အခွင့်အရေးကို အုပ်စုလိုက် ဖိနှိပ်တာက သီးခြားကိစ္စဆိုတာကို နားလည်ပါတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“မပြောရဲဘူးလေ။ နောက်တစ်ယောက်က ကိုယ်ဖြစ်သွားမယ်”လို့ သူက ဆိုပါတယ်။
ဒီနေ့ မြန်မာနိုင်ငံရဲ့ ဖြစ်ပျက်နေတဲ့ ပုံရိပ်ကတော့ – အိမ်ဖျက်ခံရတဲ့သူ၊ အရိုက်ခံရတဲ့သူကပဲ အိမ်ဖျက်တဲ့သူတွေကို ကန်တော့ပွဲနဲ့ ပြန်တောင်းပန်ရတဲ့ စနစ်ကြီး ဖြစ်နေတာပါပဲ။



Leave a Reply