ရန်ကုန်တွင် အိမ်စီးကားများပေါ်သို့ အလစ်အငိုက်တက်ကာ ဓားထောက်လုယက်မှုများ ရှိနေ
ရန်ကုန်မြို့ရှိ လူစည်ကားရာနေရာများတွင် အိမ်စီးကားများပေါ်သို့ အလစ်အငိုက်တက်ကာ ဓား ထောက်လုယက်မှုများ ရှိနေကြောင်း သိရသည်။
ကားပိုင်ရှင်က လမ်းဘေး၌ ရပ်ထားသော ကားပေါ် တက်သည့်အချိန်တွင် ကားရှေ့ခန်းနှင့် နောက်ခန်းထဲသို့ လူ ၃ ဦး အလစ်အငိုက်တက်ထိုင်ကာ ဓားဖြင့်ထောက်ပြီး လူရှင်းသည့်နေရာ သို့ မောင်းခိုင်းကာ လုယက်ခြင်းဖြစ်ကြောင်း ရန်ကုန်မြို့ခံအချို့ထံက သိရသည်။
“ကားပါကင်ထိုးတဲ့နေရာတွေမှာ အဲကောင်တွေက စောင့်ကြည့်နေကြတာ။ ရေခိုင်တဲ့သူ(ပိုက်ဆံရှိ တဲ့သူ)လို့ ထင်ရင် ကားပေါ်ပြန်အတက်မှာ လုပ်တာ။ အော်တယ် ဟစ်တယ်ဆို အသေလုပ်မယ့်ပုံပဲ။ ရန်ကုန်မှာ ဒါမျိုး လုပ်နေကြတာ ကြာပြီ။ လက်ဆုပ်လက်ကိုင် မပြနိုင်တာပဲ ရှိတယ်။ အလုပ်ခံရတဲ့ သူတွေက သေမှာကြောက်လို့ မအော်ရဲဘူး။ ခံရပြီးရင် ရဲတိုင်လည်း ဘာမှ မထူးဘူးဆိုတော့ မတိုင် ကြလို့ သိပ်အော်ကျက်မဖြစ်တာပဲရှိတာ”ဟု ရန်ကုန်မြို့၊ ရွှေဘုံသာလမ်းနေ ပွဲစားတစ်ဦးက ပြောသည်။
ယင်းသို့သော ကားပေါ် ဓားထောက်လုယက်မှုမျိုးကို ရွှေဘုံသာလမ်းဝန်းကျင်၌ ၂ ကြိမ် တွေ့ခဲ့ဖူး ကြောင်း ၎င်းက ဆိုသည်။
“ ကျနော်တို့ မြင်ပေမဲ့ ခံရတဲ့သူကလည်း မအော်ဘူး။ ကိုယ်လည်း သွားမကူရဲဘူး။ အလုပ်ခံရမှာ ကြောက်တယ်။ ခံရတဲ့သူက ကိုယ်နဲ့အသိအကျွမ်းမဟုတ်တော့ နောက်ဆက်တွဲ မသိရဘူး”ဟု ၎င်းက ဆက်လက်ပြောသည်။
ယင်းသို့ ကားပေါ် အလစ်အငိုက်တက်၍ လုယက်ခြင်းကို ကြားနေရသော်လည်း ရဲစခန်းများသို့ အမှု ဖွင့် တိုင်ကြားခြင်းမျိုး အလွန်နည်းကြောင်း ရန်ကုန်မြို့ရဲသတင်းရင်းမြစ်က ဆိုသည်။
“ကြားနေရတယ်။ ကျနော့်အတွေ့အကြုံအရ ပြောရရင် ကြားတာတွေက ကောလာဟလ မဟုတ်ဘူး။ မှန်တယ်။ ဒါပေမယ့် ရဲစခန်းလာတိုင်တာတွေတော့ မရှိဘူး။ ဘာလို့ မတိုင်သလဲဆိုတော့ တိုင်လည်း မထူးဘူးဆိုတာ သိလို့။ အဲဒါကြောင့် စာရင်းအင်းနဲ့ ဘယ်နှမှုရှိပြီတို့ဘာတို့ အထောက်အထားတော့ မပြ နိုင်ဘူး”ဟု ၎င်းက ပြောသည်။
ရန်ကုန်မြို့တွင် လိုင်းကားများပေါ်၌ပင် ဓားထောက်လုယက်ခြင်းများ ရှိနေပြီး ကိုယ်ပိုင်ကားများပေါ် တက်လုခြင်းမှာ မဆန်းကြောင်း လှိုင်မြို့နယ်၊ ၂ ရပ်ကွက်နေ အသက် ၅၀ ကျော်အရွယ်ရှိ အမျိုးသား တစ်ဦးက ဆိုသည်။
“လိုင်းကားပေါ်မှာ နောက်ဆုံးခုံဆို တော်ရုံလူ သွားမထိုင်ရဲဘူး။ မြို့စွန်တွေဘက်သွားတဲ့ လိုင်းကားတွေပေါ်မှာ လူရှင်းတဲ့နေရာရောက်ရင် ၂ ယောက်ညှပ်ပြီး ဓားထောက်လုနေတာတွေ ရှိတယ်။ လူ တော်တော်များများ သိတယ်”ဟု ၎င်းက ပြောသည်။
ယင်းသို့ လုယက်နေသူများကို လိုင်းကားဒရိုင်ဘာနှင့် ယာဉ်နောက်လိုက်တို့က သိရှိသော်လည်း အန္တရာယ်ပြုခံရမည်စိုးသဖြင့် မသိချင်ယောင်ဆောင်ကြကြောင်းနှင့် ရန်ကုန်ပြည်သူများမှာ လူသတ် မှုကဲ့သို့ အမှုကြီးမှလွဲ၍ ကျန်အမှုများကို ရဲစခန်းသို့ မတိုင်ကြတော့ဘဲ ကိုယ့်ပြဿနာကိုယ့်ဘာသာ ဖြေရှင်းနေကြကြောင်း ၎င်းက ဆက်လက်ပြောသည်။



Leave a Reply