ရန်ကုန်မှာ စစ်မှုထမ်းအတွက် စာရင်းပြန်ကောက်နေ ကျောင်းတက်နေဆဲ ကလေးငယ်တွေပါ ပါဝင်
ရန်ကုန်တိုင်းအတွင်း မြောက်ဥက္ကလာပ၊ ရွှေပေါက်ကံနဲ့ ဝေဘာဂီမြို့သစ်တို့မှာ စစ်မှုထမ်းဖို့ အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အထိ လူငယ်တွေကို စာရင်းပြန်ကောက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စာရင်းကောက်ရာမှာ ၁၈ နှစ်ပြည့်ပြီးတဲ့ ၁၁ တန်းကျောင်းသားတွေနဲ့ တက္ကသိုလ်ကျောင်းသားတွေပါ ပါဝင်တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ဒါ့အပြင် တချို့မြို့နယ်တွေမှာ အမျိုးသမီးစာရင်းပါ တစ်ခါတည်း ကောက်ယူနေတယ်လို့ ဆိုပါတယ်။
“အခုတခေါက် စာရင်းကောက်တာ ၁၈ နှစ်ပြည့်ပြီးတဲ့ ၁၁ တန်းကျောင်းသားတွေလည်းပါတယ်၊ တက္ကသိုလ်တက်နေတဲ့သူတွေလည်းပါတယ်၊ အကုန်ကောက်တာ။ တချို့မြို့နယ်ဆို အမျိုးသမီးစာရင်းပါ တစ်ခါတည်းကောက်တာ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
စက်တင်ဘာ ၁ ရက်ကစပြီး စစ်မှုထမ်းဆင့်ခေါ်ရေးနဲ့ ရွေးချယ်ရေးလုပ်ငန်းတွေကို မြို့နယ်အဆင့်ကနေ ခရိုင်စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ဆီ လွှဲပြောင်းထားတယ်လို့ မင်္ဂလာဒုံထွေအုပ်နဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။
မင်္ဂလာဒုံမှာလည်း အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အထိ အမျိုးသား၊ အမျိုးသမီး စာရင်းတွေကို ကောက်ယူနေတယ်လို့ သူက ပြောပါတယ်။
ရန်ကုန်မှာ စစ်မှုထမ်းရေးနဲ့ ဆက်စပ်ပြီး လူငယ်တွေကို ဖမ်းဆီးခေါ်ဆောင်တာတွေ ရှိနေတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။ ဒါပေမယ့် စစ်အုပ်စုဘက်က အဆိုပါဖမ်းဆီးမှုတွေနဲ့ ပတ်သက်ပြီး တရားဝင်ဝန်ခံထားတာ မရှိသေးပါဘူး။
စစ်မှုထမ်းဥပဒေကို ၂၀၂၄ ဖေဖော်ဝါရီ ၁၀ ရက်မှာ စတင်အသက်ဝင်စေခဲ့ပြီး စစ်မှုထမ်းသင်တန်း အပါတ်စဉ် ၂၈ ကို စက်တင်ဘာ ၇ ရက်မှာ စတင်ခဲ့ပါတယ်။



Leave a Reply