အသက် ၆ နှစ်အရွယ် သီလရှင်ငယ်လေးကို အသက် ၆၀ ကျော်အရွယ် အမျိုးသားက လိင်ပိုင်းဆိုင်ရာပြုကျင့်
ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်မှာ ဆွမ်းဆန်ခံကြွတဲ့ အသက် ၆ နှစ်အရွယ် သီလရှင်ဆရာလေးကို အသက်ကြီးပိုင်းအမျိုးသားတဦးက လိင်ပိုင်းဆိုင်ရာပြုကျင့်မှု ဖြစ်ပွားခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်အရ သိရပါတယ်။
စက်တင်ဘာလ ၁၈ ရက်နေ့က လှည်းကူးမြို့နယ်၊ ကျွန်းကလေးကျေးရွာ၊ လူကြီးမင်းလမ်းက နေအိမ်တအိမ်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး အဆိုပါနေအိမ်ဟာ သီလရှင်ဆရာလေးတွေ နေ့လယ်ဆွမ်းစားနားတဲ့ နေအိမ်ဖြစ်တယ်လို့လည်း သိရပါတယ်။

ဖြစ်စဉ်မှာ သီလရှင်ငယ်လေး ၂ ပါး နေ့လယ်ပိုင်း ဆွမ်းစားနားချိန်၊ သီလရှင်အကြီးတပါးက အောက်ထပ်မှာ ဆွမ်းခံငွေသားတွေကို ရေတွက်နေတုန်း အသက် ၆ နှစ်အရွယ် သီလရှင်ငယ်လေးက ကြောင်နဲ့ ဆော့ကစားရင်း လိုက်သွားရာက အိမ်အပေါ်ထပ်ကို ရောက်ရှိသွားခဲ့တယ်လို့ ဆိုပါတယ်။
အပေါ်ထပ်ရောက်ရှိသွားချိန် အသက် ၆၀ ကျော်အရွယ် အိမ်ရှင်အမျိုးသားက အခန်းတံခါးဂျက်ချကာ သီလရှင်ငယ်လေးကို လိင်ပိုင်းဆိုင်ရာ ပြုကျင့်ခဲ့တာဖြစ်ပြီး သီလရှင်ငယ်လေးရဲ့ အော်သံကြားမှ သီလရှင်ကြီး၊ အိမ်ရှင်ရဲ့သမီးနဲ့ အနီးအနားကလူတွေပါ တံခါးကို ဝိုင်းဝန်းထုနှက်ဖွင့်ပြီး လက်ရဖမ်းဆီးခဲ့ရတာ ဖြစ်တယ်လို့ သိရပါတယ်။
လတ်တလောမှာတော့ ကျူးလွန်တဲ့ အိမ်ရှင်အမျိုးသားကို ဖမ်းဆီးထားပြီး သီလရှင်ငယ်လေးကတော့ ဆေးကုသမှုခံယူခဲ့ရတယ်လို့ သိရပါတယ်။
ဒေသခံတွေကတော့ သီလရှင်ငယ်လေးတွေ ဆွမ်းဆန်ခံထွက်ရင် သေချာထိန်းနိုင်တဲ့ သီလရှင်ကြီးတွေ လိုက်ပါပြီး ထိန်းသိမ်းသင့်တယ်လို့လည်း သတိပေးပြောဆိုနေကြပါတယ်။



Leave a Reply