စစ်ခေါင်းဆောင်၏သားပိုင်ဆိုင်သည့် ဟိုတယ်များနှင့် ခရိုနီများ၏ ဟိုတယ်များကို ULA/AA ချိပ်ပိတ် သိမ်းဆည်း
အာရက္ခတပ်တော် (AA) သိမ်းပိုက်ထားသည့် စိုးမိုးနယ်မြေများမှ စစ်ခေါင်းဆောင်နှင့် ခရိုနီများပိုင်ဆိုင်သည့် ဟိုတယ်နှင့် လုပ်ငန်းများကို AA က ချိပ်ပိတ်သိမ်းဆည်းလိုက်ကြောင်း သိရသည်။

သံတွဲမြို့နယ်ရှိ ငပလီကမ်းခြေမှ စစ်ခေါင်းဆောင်နှင့် ခရိုနီများပိုင်ဆိုင်သည့် ဟိုတယ်များအပြင် စစ်အုပ်စုက သိမ်းပိုက်ထားသည့် မြေဧကများကိုပါ AA က ချိပ် ပိတ်လိုက်ကြောင်း သိရသည်။
“စစ်ခေါင်းဆောင်ရယ်၊ ဒုစစ်ခေါင်းဆောင်နဲ့ စစ်အုပ်စုနဲ့ လက်ဝါးရိုက်ကြီးပွားနေတဲ့ ခရိုနီတွေရဲ့ ပိုင်ဆိုင်မှုတွေကို အခုရက်ပိုင်းမှာ AA က ချိပ်ပိတ်နေတယ်။ မြောက်ဦးနဲ့ မင်းပြားက လုပ်ငန်းတွေလည်း ချိပ်ပိတ်ခံရတဲ့အထဲပါတယ်လို့ သိရပါတယ်”ဟု ရခိုင်သတင်း ရင်းမြစ်က ပြောသည်။
ငပလီတွင်ရှိသည့် စစ်ကောင်စီနှင့် ခရိုနီများပိုင်ဆိုင်သည့် ကြယ်ငါးပွင့်အဆင့်ဟိုတယ်၊ မိုတယ်နှင့် တည်းခို ခန်း ဒါဇင်ကျော်ကို ချိပ်ပိတ်သိမ်းဆည်းလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ သားဖြစ်သူ အောင်ပြည့်စုံပိုင်ဆိုင်သည့် Amata Hotel၊ ဦးအောင်မျိုးမင်းဒင်ပိုင်ဆိုင်သည့် Amazing Hotel၊ ဒုစစ်ခေါင်းဆောင် ဗိုလ်ချုပ်မောင်အေး၏ သမီး ဒေါ်နန္ဒာအေးပိုင်ဆိုင်သည့် Pristine Mermaid Ngapali Hotel၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ သားဖြစ် သူ ထွန်းနိုင်ရွှေပိုင်ဆိုင်သည့် Thande Hotel နှင့် အခြားခရိုနီကုမ္ပဏီအုပ်စုများ ပိုင်ဆိုင်သည့် ဟိုတယ် ငါးခုထက်မနည်းကို AA က ချိပ်ပိတ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။
AA ထိန်းချုပ်လိုက်သည့် မောင်တော၊ အမ်း၊ တောင်ကုတ်၊ သံတွဲမြို့နယ်များမှ စစ်ကောင်စီနှင့် ခရိုနီများ ပိုင်ဆိုင်သည့် နေအိမ်နှင့် လုပ်ငန်းများကိုပါ ယခုရက် ပိုင်းအတွင်း AA လိုက်လံ ချိပ်ပိတ်နေခြင်းဖြစ်သည်ဟု ဒေသခံများထံမှ သိရသည်။

ထို့အပြင် ရခိုင်ခရိုနီ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်သည့် ဦးကျောက်တောင်၏ လုပ်ငန်းနှင့် ပိုင်ဆိုင်မှုများကိုပါ AA က သိမ်းဆည်းခဲ့ကြောင်း သိရသည်။
ကျပ်သန်းပေါင်းများစွာ တန်ဖို့ရှိ ဟိုတယ်၊ နေအိမ်များနှင့် ပိုင်ဆိုင်မှုများအား AA/ULA ချိပ်ပိတ်
(စီးပွားရေးလုပ်ငန်းရှင် ဦးကျောက်တောင် ပိုင်ဆိုင်မှုများလည်း ပါဝင်)

အာရက္ခတပ်တော် AA သိမ်းပိုက်ထားသည့် မြို့နယ်မျာအတွင်းက ဟိုတယ်များ၊ မိုတယ်များ၊ လုပ်ငန်းများ၊ နေအိမ်များနှင့် ပိုင်ဆိုင်မှုများအားလုံးကို AA က ချိပ်ပိတ်လိုက်ပြီဖြစ်ကြောင်း နီးစပ်သူများနှင့် သတင်းရင်းမြစ်များ က Western News ကို ပြောသည်။
ရခိုင်ပြည်က စီးပွားရေးလုပ်ငန်းရှင် ဦးကျောက်တောင်အပါအဝင် အာဏာသိမ်း စစ်ကောင်စီနှင့် ကူးလူးဆက်သွယ် ပေါင်းသင်းနေသော ရခိုင်စီးပွားရေးလုပ်ငန်းရှင်များကို AA က အရေးယူ ဆောင်ရွက်နေခြင်း ဖြစ်သည်။
ထို့အပြင် ငပလီတွင် စစ်တပ်နှင့် ပေါင်းကာ ခရိုနီများက သိမ်းယူခဲ့သည့် ငပလီဒေသခံများ၏ ပိုင်ဆိုင်သော မြေဧက ထောင်ပေါင်းများစွာကိုလည်း ULA/AA က ချိပ်ပိတ်ထားသည့်ထဲတွင် ပါဝင်ကြောင်း ယင်းမြေများကိုလည်း မည်သူမှ မကျူးရဆိုပြီး စာများကပ်ထားကြောင်း သိရသည်။

ငပလီတွင် စစ်တပ်နှင့် ပေါင်းကာ ခရိုနီများက ပိုင်ဆိုင်ထားသော ကြယ် ငါးပွင့်အဆင့်ရှိ ဟိုတယ်နှင့် မိုတယ်၊ တည်ခိုခန်း ၁၅ ခု ထက်မနည်းရှိပြီး တခြားလုပ်ငန်းများအားလုံးနီးပါးကို ULA/AA က ချိပ်ပိတ်ထားလိုက်ပြီဖြစ်ကြောင်း သတင်းရင်းမြစ်က ပြောသည်။
အာဏာသိမ်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဒုတိယစစ်ခေါင်းဆောင်ဟောင်း ဗိုလ်ချုပ်မောင်အေး၏ မိသားစုများ ပိုင်ဆိုင်သော ဟိုတယ်၊ မိုတယ်နှင့် စီမံကိန်းများကို ပိုင်ဆိုင်မှု အားလုံးကိုလည်း ချိပ်ပိတ်ခြင်း ဖြစ်ကြောင်း သိရသည်။
သံတွဲမြို့ သတင်းရင်းမြစ်တစ်ဦးက “ကျွန်တော် ကြားသလောက်တော့ ဗိုလ်ချုပ်မှူးသန်းရွှေရဲ့ သားဖြစ်သူ ထွန်းနိုင်ရွှေပိုင်တဲ့ Thande Hotel ဟိုတယ်ရယ်၊ ပြီးတော့ မင်းအောင်လှိုင် ရဲ့ သားဖြစ်သူ အောင်ပြည့်စုံပိုင်ဆိုင်တဲ့ Amata ဟိုတယ်၊ ဦးအောင်မျိုးမင်းဒင်ပိုင်ဆိုင်တဲ့ Amazing (အမေးဇင်း) ဟိုတယ်နဲ့ အားလုံး စုစုပေါင်း ၁၅ ခုလောက် သိရပါတယ်။ ဒီထက် များချင်လည်း များမှာပေါ့။ ပြီးတော့ မြေဧကတွေလည်း ပါတယ် “ဟုပြောသည်။

စစ်ကောင်စီနှင့် ပူးပေါင်းနေသော ရခိုင်စီးပွားရေးလုပ်ငန်းရှင်များ၏ ရခိုင်ပြည်အတွင်းက နေအိမ်များအပါအဝင် ပိုင်ဆိုင်မှုများကို အာရက္ခတပ်တော် AA က ချိတ်ပိတ် သိမ်းဆည်းကာ ဆက်လက် အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်းလည်း သိရသည်။
AA နှင့် နီးစပ်သည့် ဒေသခံတစ်ဦးက “တော်လှန်ရေးကာလ ဒါမှမဟုတ် တိုက်ပွဲကာလအတွင်း စစ်ကောင်စီနဲ့ ဆက်လက် ပေါင်းသင်းခဲ့တဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ၊ ဒေသခံတွေ၊ သတင်းပေးလို့ ယူဆရတဲ့ သူတွေရဲ့ နေအိမ်တွေ၊ ပိုင်ဆိုင်မှုတွေကို တပ်တော်က သိမ်းဆည်းပြီးတော့ ချိတ်ပိတ်ထားပါတယ်။ ဒီအထဲမှာ တောင်ကုတ်က စီးပွားရေးလုပ်ငန်းရှင် ဦးကျောက်တောင်ရဲ့ နေအိမ်တွေလည်း ပါတယ်လို့ သိရပါတယ်” ဟု ပြောသည်။
ရခိုင်စီးပွားရေးလုပ်ငန်းရှင် ဦးကျောက်တောင်သည် ရန်ကုန်မြို့တွင် နေထိုင်ပြီး ပြီးခဲ့သည့် ဇန်နဝါရီလက ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရန်ကုန်မြို့ကတစ်ဆင့် ကုန်စည်များ ပို့ဆောင်ခဲ့သော်လည်း နတ်မြစ်အတွင်း အာရက္ခတပ်တော်၏ ဖမ်းဆီးစစ်ဆေးခြင်းကို ခံခဲ့ရသည်။

တောင်ကုတ်မြို့ထဲက စီးပွားရေးလုပ်ငန်းရှင် ဦးကျောက်တောင်၏ နေအိမ်အပါအဝင် လုပ်ငန်းပိုင်ဆိုင်မှုများ သိမ်းဆည်းခံရသည်ဟု သတင်းထွက်ပေါ်နေပြီး တန်ဖို့ အမေရိကန်ဒေါ်လာ ၃ သန်း ကျော် ချိပ်ပိတ်ခံထားရကြောင်း စုံစမ်း သိရှိရသည်။
AA က ရခိုင်ပြည်အတွင်း စစ်ကောင်စီနှင့် ပေါင်းနေသော စီးပွားရေးလုပ်ငန်းရှင်များ၏ နေအိမ်များ၊ တော်လှန်ရေးအား နှောင့်ယှက်ဖျက်ဆီးခဲ့သူများ၏ နေအိမ်များနှင့် ပတ်သက်ဆက်နွယ်နေသော သူများ၏ နေအိမ်များကို ချိတ်ပိတ်ကာ သိမ်းဆည်းနေသည်။
“စစ်ကောင်စီနဲ့ အခုအချိန်အထိ ပေါင်းနေကြ၊ လုပ်စားနေကြတဲ့ စီးပွားရေးလုပ်ငန်းတွေရဲ့ ပိုင်ဆိုင်မှုတွေ၊ တော်လှန်ရေးကို နှောင့်ယှက်နေသူတွေရဲ့ နေအိမ်တွေ၊ ပိုင်ဆိုင်မှုတွေနဲ့ တော်လှန်ရေးပျက်စီးအောင် လုပ်နေသူတွေနဲ့ ပတ်သက်ဆက်နွယ်သူတွေရဲ့ နေအိမ်တွေ၊ ပိုင်ဆိုင်မှုတွေကို အာရက္ခတပ်တော်က သိမ်းဆည်းနေပါတယ်။ အခုဆိုရင် မြို့နယ် ၁၀ ခုလောက်က နေအိမ်ပေါင်း ၆၀ လောက်ကို ချိတ်ပိတ်ထားတယ်လို့ သိရပါတယ်” ဟု တက်ကြွလှုပ်ရှားသူ ရခိုင်လူငယ်တစ်ဦးက ပြောသည်။

အာရက္ခတပ်တော် AA က ချိတ်ပိတ်ကာ သိမ်းဆည်းထားသော နေအိမ် ၆၀ ကျော်မှာ ဘူးသီးတောင်၊ မောင်တော၊ မြောက်ဦး၊ မင်းပြား၊ တောင်ကုတ်၊ သံတွဲ၊ ဂွနှင့် မင်းပြားမြို့နယ်တွေက ပါဝင်ကြောင်း သိရသည်။
ဘူးသီးတောင်၊ မောင်တောဒေသတွင် စစ်သွေးကြွမွတ်ဆလင်လက်နက်ကိုင်အဖွဲ့များနှင့် ပတ်သက်ဆက်နွယ်သူများ၊ တော်လှန်ရေးအား နှောင့်ယှက်ခဲ့သူများ၏ နေအိမ်များ ပါဝင်ကြောင်းလည်း သိရသည်။


Leave a Reply