ပြည်ပရောက်ရှိနေသော အသက် ၁၈ နှစ်မှ အသက် ၃၅ နှစ်အတွင်း အမျိုးသားလူငယ်များကို စစ်မှု ထမ်းမဲနှိုက်သူများစာရင်းတွင် ထည့်သွင်းပြီး မဲပေါက်ပါက မြန်မာနိုင်ငံပြန်လာ၍ စစ်မှုထမ်းဆောင်ခိုင်းရေး လုပ်ဆောင်ရန် ညွှန်ကြား
အကြမ်းဖက်စစ်တပ်က ပြည်ပရောက်ရှိနေသော အသက် ၁၈ နှစ်မှ အသက် ၃၅ နှစ်အတွင်း အမျိုး သားများကို စစ်မှုထမ်းမဲနှိုက်သူများစာရင်းတွင် ထည့်သွင်းခိုင်းထားပြီး မဲပေါက်ပါက မြန်မာနိုင်ငံပြန် လာ၍ စစ်မှုထမ်းဆောင်ခိုင်းရေး လုပ်ဆောင်ရန် ညွှန်ကြားလာကြောင်း ရန်ကုန်တိုင်းမှ မြို့နယ်စစ်မှု ထမ်းဆင့်ခေါ်ရေးအဖွဲ့ဝင်တစ်ဦးကပြောဆိုသည်။
ယခင်က မြို့နယ်စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့များက စစ်မှုထမ်းများခေါ်ယူခြင်းနှင့်မဲနှိုက်ပွဲများ လုပ် ဆောင်ခြင်း အပါအဝင် စစ်မှုထမ်ဆိုင်ရာ အပြီး သတ်အဆုံးအဖြတ် စီမံခန့်ခွဲခွင့်ရရှိခဲ့သော်လည်း ဩ ဂုတ်လနှောင်းပိုင်းမှစတင်၍ ခရိုင်စစ်မှုထမ်း ဆင့်ခေါ်ရေးအဖွဲ့များက သက်ဆိုင်ရာမြို့နယ်စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့များကို စီမံညွှန်ကြားတိုက်ရိုက် ထိန်းချုပ်လာကြောင်း၊ မြို့နယ်များတွင် စစ်မှုထမ်းဆင့်ခေါ်ရေး မဲနှိုက်ပွဲများ၊ ဆင့်ခေါ်မှုများကို ခရိုင်စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့က ဆုံးဖြတ် ညွှန်ကြား စီမံလာကြောင်း သိရှိရသည်။
ယခုအခါ ပြည်ပရောက် အသက် ၁၈ နှစ်မှ အသက် ၃၅ နှစ်အတွင်း အမျိုးသားလူငယ်များ၏ အမည်စာရင်းများကို စစ်မှုထမ်းမဲနှိုက်ပွဲများတွင် ထည့်သွင်းသာ သက်ဆိုင်ရာနေအိမ်များမှ မိဘဆွေမျိုးများကို လာရောက်မဲနှိုက်ခိုင်းမည်ဖြစ်ကြောင်း၊ မဲပေါက်သော အမျိုးသားများအနေဖြင့် ပြည်ပမှ မဖြစ်မနေ ပြန်လည် လာရောက်ကာ စစ်မှုထမ်းတာဝန်ထမ်းဆောင် ခိုင်းမည်ဖြစ်ကြောင်း သိရှိရသည်။

“လာမယ့်စစ်မှုထမ်း မဲနှိုက်ပွဲတွေမှာ ပြည်ပရောက်နေတဲ့ အမျိုးသားလူငယ်အမည်စာရင်းတွေကိုပါ မဲနှိုက်ရမယ့်သူ စာရင်းထဲမှာ ထည့်မယ်။ အကယ်၍ လာပြီး မဲမနှိုက်ရင် မဲပေါက်တယ်လို့ သတ်မှတ်မယ်။ သက်ဆိုင်ရာ မိဘသို့မဟုတ်ဆွေမျိုးက မဲလာနှိုက်လို့ ပြည်ပရောက် လူငယ်အမျိုးသားနာမည်က စစ်မှုထမ်းအလှည့်ကျ မဲပေါက်သွားရင် သူ့ကို ဆင့်ခေါ်တဲ့အချိန်ကျရင် စစ်မှုထမ်းဖို့ အမိမြေကို ပြန်လာရမှာဖြစ်ပါတယ်။
အဲဒါကို အခု စပြီး အကောင် အထည်ဖော်ခိုင်းနေပြီ။ ဘယ်လိုပဲဖြစ်ဖြစ် ပြည်ပရောက်ပဲဖြစ်ဖြစ်၊ ပြည်တွင်းမှာပဲဖြစ်ဖြစ် အမျိုးသား တိုင်းက စစ်မှုထမ်းဆောင်ရမယ့် တာဝန် ရှိတဲ့အတွက် ဆင့်ခေါ်ရမယ်လို့ ညွှန်ကြားချက်ပေးလာပါတယ်” ဟု မြို့နယ်စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ဝင်က ပြောဆိုသည်။
ယင်းကဲ့သို့ ပြည်ပရောက် အမျိုးသားလူငယ်များ စစ်မှုထမ်းဆောင်ရန် အဆင်သင့်မဖြစ်သေးလျှင် မိဘဆွေမျိုးများက အကြောင်းပြချက် ခိုင်ခိုင်မာမာဖြင့် သက်ဆိုင်ရာ မြို့နယ်နှင့်ခရိုင်အဖွဲ့များထံသို့ စစ်မှုထမ်း ယာယီရွှေ့ဆိုင်းခွင့် လျှောက်ထားခြင်း၊ လူစားထိုး၍ ယာယီရွှေ့ဆိုင်းခြင်းများ ဆောင် ရွက်ခြင်းများ လုပ်ဆောင်ရမည်ဖြစ်ကြောင်း၊
ထိုသို့မဟုတ်ဘဲ ပြည်ပရောက် လူငယ်များက စစ်မှုထမ်းဆောင်ခြင်းလည်းမရှိ၊ သက်ဆိုင်ရာသို့ ယာယီစစ်မှုထမ်းရွှေ့ဆိုင်းခွင့်များလည်း လျှောက်ထားခြင်းမရှိပါက စစ်မှုထမ်းဥပဒေအရ တာဝန်ခံထားသည့် မိဘဆွေမျိုးများကိုပါ အရေးယူမှုများ ရှိလာနိုင်ကြောင်း သိရှိရသည်။
“ရှေ့လျှောက်ကတော့ ပိုပြီး တင်းကျပ်လာမယ့် အခြေအနေရှိပါတယ်။ ပြည်သူ့စစ်မှုထမ်း ကိုယ်ရေးအချက်အလက်စီမံခန့်ခွဲမှုစနစ် (National Service Information Management System – NSIMS) စနစ်ကလည်း မကြာခင် စတင်ပြီး အပြည့်အ၀ စတင်လည်ပတ်တော့မယ်လို့ သိထားတယ်” ဟု မြို့နယ် စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ဝင်က ပြောဆိုသည်။
အကြမ်းဖက်စစ်တပ်က အနုပညှာရှင်များ၊ အပါ အဝင် စစ်မှုထမ်းအကျုံးဝင်သော အမျိုးသားလူငယ်တိုင်း စစ်မှုထမ်းစေရေး လုပ်ဆောင်သွားမည်ဖြစ် ကြောင်း ကာကွယ်ရေးဒုဝန်ကြီး ဗိုလ်ချုပ်အောင်မျိုးသန့် ယမန်နေ့ ကြံ့ဖွတ်လွှတ်တော်အစည်းအဝေးတွင် ထုတ်ဖော်ပြောဆိုထားသည်။



Leave a Reply