အမ်း-ငဖဲအစပ်တိုက်ပွဲတွေအတွင်း တပ်မ ၈၈ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀၀ ထက်မနည်း သေဆုံး/ပျောက်ဆုံးခဲ့ပြီး အများစုမှာ စစ်မှုထမ်းသင်တန်းဆင်းတွေဖြစ်

စစ်ကောင်စီလက်လွှတ်လိုက်ရတဲ့ ရခိုင်ပြည်နယ်၊ အမ်းမြို့အခြေစိုက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ)တိုက်ပွဲတွေကို စစ်ကူသွားရောက်ရတဲ့ မကွေးမြို့အခြေစိုက် တပ်မ ၈၈နဲ့လက်အောက်ခံတပ်ရင်းတွေက စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀၀ ဦးထက်မနည်း သေဆုံး/ပျောက်ဆုံးမှုတွေရှိနေတယ်လို့ အဲ့ဒီတပ်မနဲ့ နီးစပ်သူတစ်ဦးထံက သိရပါတယ်။

အမ်းနပခ ကျဆုံးသွားတဲ့ ဒီဇင်ဘာလကနေ ဖေဖော်ဝါရီလအထိ ၃ လအတွင်း တပ်မ ၈၈ လက်အောက်နည်းဗျူဟာ ၂ ခုရဲ့လက်အောက်ခံတပ်ရင်း ၅ ရင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အမ်း-ပဒါန်းလမ်းပိုင်းကတဆင့် အမ်းမြို့ နပခကို စစ်ကူသွားရောက်ရာက ရခိုင်ရိုးမတကြောမှာ တိုက်ခိုက်ခံရပြီး သေဆုံးမှုများပြားခဲ့တာလို့ ဆိုပါတယ်။

“၃၁၇ (ခမရ) တင် ၁၀၀ လောက် ပျောက်ဆုံးဖြစ်နေတယ်။ ၈၃ (ခလရ) ကလည်း အကျများတယ်။ ခုထိ ပျောက်ဆုံးစာရင်းသွင်းထားတယ်” လို့ မကွေးတပ်မ ၈၈ နဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

အမ်း နပခ ကို တပ်မ ၈၈ နဲ့လက်အောက်ခံတပ်တွေဖြစ်တဲ့ ခမရ ၄၁၅၊ ၄၁၆၊ ၃၁၇၊ ၃၀၁၊ ခလရ ၈၃ တပ်ရင်းတွေက အမ်း-ပဒါန်းလမ်းပိုင်းကတဆင့် အမ်းမြို့ကို စစ်ကူသွားရောက်ရာက အမ်းမြို့အနီး ရခိုင်ရိုးမပေါ်မှာ အာရက္ခတပ်တော်-AAတပ်ဖွဲ့ ရဲ့ တိုက်ခိုက်မှုတွေကို ခံခဲ့ရတာပါ။

အာရက္ခတပ်တော် AA ရဲ့ ၂၀၂၄ ဒီဇင်ဘာ ၆ ရက်တိုက်ပွဲသတင်းထုတ်ပြန်ချက်အရ အမ်းမြို့ကို စစ်ကူလာတဲ့ တပ်မ ၈၈ လက်အောက် နည်းဗျူဟာစစ် ကြောင်းတခုကို အမ်းမြို့မြောက်ဘက်ရိုးတောင်လမ်းမတနေရာမှာ ၃ ရက်ကြာပိတ်ဆို့တိုက်ခိုက်ခဲ့ပြီးတဲ့နောက် စစ်ကောင်စီတပ်ဖွဲ့ဝင်ရုပ်အလောင်း ၁၀၀ ကျော်ရရှိကာ စစ်သုံ့ပန်းတချို့ကို ဖမ်းဆီးနိုင်ခဲ့ပြီး လက်နက်၊ခဲယမ်းအများအပြားရရှိခဲ့တယ်လို့ ဒီဇင်ဘာ ၆ ရက်မှာ ထုတ်ပြန်ထားပါတယ်။

အမ်းနပခ လက်လွှတ်ရပြီးနောက် စစ်ကောင်စီတပ်က လက်ရှိ အမ်း-ငဖဲနယ်စပ်ရခိုင်ရိုးနယ်ခြားတိုက်ပွဲတွေကို အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်က ဆုတ်ခွာလာတဲ့ လက်ကျန်စစ်ကောင်စီတပ်သားတွေအပြင် တပ်မ ၈၈၊ တပ်မ ၉၉၊ ပဒါန်းတပ်နယ်က တပ်ရင်းတွေဖြစ်တဲ့ မစခ ၉၀၅၊ အမတ ၃၇၅၊ အမတ ၄၀၉၊ ကပစ ၁၄ တပ်တွေက စစ်ကောင်စီတပ်တွေနဲ့ ပြန်လည်တိုက်ခိုက်နေတာပါ။

အမ်းနဲ့ နယ်မြေထိစပ်နေတဲ့ ငဖဲမြို့နယ်အတွင်းလှုပ်ရှားနေတဲ့ အာရက္ခတပ်တော် AAနဲ့မဟာမိတ်တွေဖြစ်တဲ့ PRA မကွေး၊ CDF Ashoတပ်ဖွဲ့တွေကလည်း အမ်းတိုက်ပွဲတွေကနေ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သားအများအပြားကို မကြာခဏဖမ်းဆီးရမိထားကာ အဲ့ဒီထဲမှာ တပ်မ ၈၈ လက်အောက်တပ်ရင်းတွေက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေလည်း ပါဝင်နေတာပါ။

အမ်းနဲ့ဆက်စပ်တိုက်ပွဲတွေအတွင်း တပ်မ ၈၈ ထိခိုက်သေဆုံးမှုတွေအနက် စစ်မှုထမ်းဥပဒေနဲ့ စုဆောင်းခံရသူ စစ်ကောင်စီတပ်သားအများစုပါဝင်တယ်လို့ အဲ့ဒီတပ်မနဲ့နီးစပ်သူက ဆိုပါတယ်။

“ အသက် ၁၈၊ ၂၀ ဝန်းကျင် ပစ(ပြည်သူ့စစ်မှုထမ်းသင်တန်းဆင်းတပ်ဖွဲ့ဝင်) တွေများတယ်။ စစ်မှုထမ်းအပတ်စဥ်ကတော့ အစုံပဲ။ တချို့ဆို သင်တန်းသာဆင်းလာတာ ကျည်တောင်မထိုးတတ်ဘူး။ ပျောက်ဆုံးဆိုရင် အလောင်းမရဘူး၊ ထွက်ပြေးတယ်ယူဆပြီး ဘာခံစားခွင့်မှမရှိဘူး” လို့ ပြောပါတယ်။

လက်ရှိ တပ်မ ၈၈ လက်အောက်တပ်ရင်းတချို့ အမ်း-ငဖဲတိုက်ပွဲနယ်မြေတွေကနေ ဖေဖော်ဝါရီလအတွင်းမှာ မကွေးမြို့ကို ပြန်လည်ခေါ်ဆောင်ထားတယ်လို့ဆိုပါတယ်။

အချစ်စာပေများဖတ်ရန်

မြန်မာစာတန်းထိုးဇာတ်ကားများကြည့်ရန်


Leave a Reply

Your email address will not be published. Required fields are marked *