စစ်ကိုင်းတိုင်းအတွင်း တော်လှန်ရေးအင်အားစု စိုးမိုးဒေသတွေမှာ လမ်းတံတားခကောက်ဖို့ စစ်အုပ်စု လေလံတင်
စစ်ကိုင်းတိုင်းအတွင်း တော်လှန်ရေးအင်အားစုတွေ စိုးမိုးထိန်းချုပ်ထားတဲ့ ဒေသတချို့ထဲက လမ်းတံတားအသုံး ပြုခကောက်ခံရေးဂိတ် ၂၈ ခုအတွက် လုပ်ငန်းလုပ်ကိုင်ခွင့်ကို စစ်အုပ်စုက လေလံတင်ရောင်းချဖို့ ပြီးခဲ့တဲ့ မတ်လ ၅ ရက်က ထုတ်ပြန်ထားပါတယ်။
၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွက် လမ်းတံတားအသုံးပြုခ ကောက်ခံရေး လုပ်ငန်းအတွက် လုပ်ကိုင်ခွင့်ကို စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး မုံရွာမြို့က အစည်းအဝေးခန်းမမှာ မတ်လ ၂၈ ရက်မှာ လေလံတင်ရောင်းချသွားမှာ ဖြစ်တယ်လို့ ဆိုထားပါတယ်။
စစ်အုပ်စုက စစ်ကိုင်းတိုင်းအတွင်း အခုလို လမ်းတံတားအသုံးပြုခ ကောက်ခံရေး လုပ်ငန်းလုပ်ကိုင်ခွင့် လေလံခေါ် ယူ နေပေမဲ့ စစ်ကိုင်းတိုင်းအတွင်း ကျေးလက်အများစုမှာ စိုးမိုးထားတဲ့ တော်လှန်ရေး အင်အားစုနယ်မြေတွေမှာ လမ်းတံတားအကောက်ခွန်လုပ်ငန်း လုပ်ကိုင်ဖို့ဆိုတာ မဖြစ်နိုင်ဘူးလို့ ရွှေဘိုခရိုင်တပ်ရင်း ၁၅ တပ်ရင်းမှူး ဗိုလ်ကောက်ရိုးက ပြောပါတယ်။
“သူကတော့ ပြောရမယ်ဆိုလို့ရှိရင် လေလံတင်မှာပဲဗျာ။ သူကတော့ လုံခြုံရေးမှမပေးတာကိုဗျ။ စစ်ကောင်စီ စိုးမိုးထားတဲ့ နယ်မြေတွေကတော့ ပုံမှန်တိုင်းပဲ လေလံဆွဲခွင့်ပေးပြီးတော့မှ ဆက်လက်လုပ်ဆောင်ခွင့်ကတော့ ရကောင်းရလိမ့်မယ်။ တော်လှန်ရေးနယ်ပယ်ထဲမှာကတော့ ဒါကမဖြစ်နိုင်ဘူးလေ”လို့ သူက ပြောပါတယ်။

စစ်အုပ်စုက စစ်ကိုင်းတိုင်းအတွင်း လမ်းအသုံးပြုခ ကောက်ခံတဲ့ လုပ်ငန်း လုပ်ကိုင်ဖို့ လေလံတင် ရောင်းချမယ့် ဂိတ်တွေဟာ တမူးခရိုင် ပန်းသာဂိတ်။ မုံရွာခရိုင် အရာတော်-နောင်ကြီးအိုင်ဂိတ်၊ မုံရွာ-နောင်ကြီးအိုင်ဂိတ်၊ အရာ တော်ဂိတ်။ ရွှေဘိုခရိုင် ရွှေဘို-ရေဦးဂိတ်၊ ရေဦး-ခင်ဦးဂိတ်၊ ရွှေဘို-မြစ်ကြီးနား (ရွှေဘို)ဂိတ်။ ကန့်ဘလူခရိုင် ကန့်ဘလူဂိတ်၊ စပယ်နံသာဂိတ်။ ကသာခရိုင် ထီးချိုင့်ဂိတ် ၊ နဘားဂိတ်။ ကောလင်းခရိုင် မြေလင်းဂိတ် ၊ ကျောက်တန်းဂိတ်။ ကလေးခရိုင် အင်ဒိုင်းကြီးဂိတ်၊ ကလေး( ဂန့်ဂေါ)ဂိတ် ၊ ကျီကုန်းဂိတ် စတဲ့ ဂိတ်တွေပဲ ဖြစ်ပါတယ်။
အလားတူ တံတားအသုံးပြုခ ကောက်ခံတဲ့ လုပ်ငန်း လုပ်ကိုင်ဖို့ လေလံ တင်ရောင်းချမယ့် ဂိတ်တွေအဖြစ် ရွှေဘို ခရိုင် ဧရာဝတီ (ရတနာသင်္ခ) တံတားဂိတ်၊ သမရိုးတံတားဂိတ် ။ ကသာခရိုင် နန့်မဟုတ်တံတားဂိတ်၊ ခွန်နန်းတံတား ဂိတ်။ ကလေးခရိုင် မြစ်သာ (ကလေးဝ) တံတားဂိတ်၊ နေရဥ္ဇရာတံတားဂိတ်၊ ဘုံချောင်းတံတားဂိတ်၊ ကမ္ဘားနီတံ တား ဂိတ်၊ ထီးချိုင့်တံတားဂိတ်၊ ရွှေလီ(ငါးအို့ ) တံတားဂိတ်။ ဟုမ္မလင်းခရိုင် ဥရုတံတားဂိတ်။ စစ်ကိုင်းခရိုင် ညောင် ပင်ဝန်း တံတားဂိတ်နဲ့ ယင်းမာပင်ခရိုင် မြောက်ယမား တံတားဂိတ်တွေပဲဖြစ်ပါတယ်။
အဆိုပါ လမ်းတံတားဂိတ်တွေတချို့အပါအဝင် လမ်းတံတားတွေပေါ်မှာ ပုဂ္ဂလိက လုပ်ငန်းရှင်တွေ ကောက်ခံတဲ့ အခွန်အကောက်ဂိတ်တွေ စစ်ကိုင်းတိုင်းအတွင်း တော်လှန်ရေးအင်အားစု စိုးမိုးနယ်မြေတွေမှာ အတွေ့ရနည်းသွားပြီလို့ ဗိုလ်ကောက်ရိုးက ဆိုပါတယ်။
“အဲလိုမျိုးတွေကတော့ တော်လှန်ရေးစိုးမိုးနယ်မြေအများစုနဲ့ နီးစပ်တဲ့ နေရာတွေထိအောင်ကတော့ အဲဒီဟာတွေ က မရှိတော့ဘူးလို့ ပြောမယ်ဆို ပြောလို့ရတယ်။ မမြင်ရတော့ဘူးပေါ့နော်။ စစ်ကောင်စီ အုပ်ချုပ် နယ်မြေ အတွင်း လောက်မှာပဲ ရှိတော့တာ။ တော်လှန်ရေးစိုးမိုးနယ်မြေတွေမှာတော့ မမြင်တော့ဘူးဗျ”လို ဗိုလ်ကောက်ရိုးက ပြောပါတယ်။

စစ်ကိုင်းတိုင်းအတွင်း သာမန်အချိန်ကာလတွေတုန်းကလို လမ်းတံတားအသုံးပြုခ ကောက်ခံတဲ့ဂိတ်တွေထက် စစ် အုပ်စုနဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေ ကောက်ခံတဲ့ ဂိတ်တွေပဲ လက်ရှိမှာ ရှိလာတာဖြစ်တယ်လို့ ဒေသခံပြည်သူတွေက ပြောပါတယ်။
စစ်အုပ်စုရဲ့ လမ်းတံတားအသုံးပြုခကောက်ခံတဲ့ လုပ်ငန်းလုပ်ကိုင်ခွင့် လေလံတင် ရောင်းချမယ့် ဂိတ်ပေါင်း ၂၈ ခုအတွက် လေလံတင်ကြမ်းခင်းဈေးအနေနဲ့ ကန့်ဘလူခရိုင် ကန့်ဘလူဂိတ်က အနိမ့်ဆုံးဖြစ်ပြီး ကျပ်သိန်း ၁၄၀ ကျော် သတ်မှတ်ထားရှိကာ အမြင့်ဆုံးဂိတ်မှာ တော်လှန်ရေးအဖွဲ့တွေ မြို့ကိုဝိုင်းပတ်ပိတ်ဆို့ထားတဲ့ ထီးချိုင့် ဧရာဝတီ မြစ်ကူးတံတားဂိတ်ဖြစ်ကာ ကျပ်သိန်းပေါင်း ၂၃၀၀ ကျော်အထိ လေလံတင်ကြမ်းခင်းဈေး သတ်မှတ်ထားတာ ဖြစ်ပါတယ်။
ရွှေဘို-မြစ်ကြီးနားလမ်းပေါ် ကန့်ဘလူမြို့နယ် စံပယ်နံ့သာဂိတ်လမ်းကြောမှာတော့ စစ်အုပ်စုက စိုးမိုးထားတယ်ဆိုပေမယ့် ရွှေဘို-မြစ်ကြီးနားလမ်းကို ခင်ဦးမြို့နယ်အတွင်း တော်လှန်ရေးအဖွဲ့တွေက လမ်းအသုံးပြုခွင့်ကို မကြာခဏ ပိတ်ဆို့ထားတာမျိုးလည်း လုပ်ဆောင်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။


Leave a Reply