စစ်တွေနှင့် ကျောက်ဖြူတွင်တိုက်ပွဲများဆက်လက်ပြင်းထန်နေ
စစ်တွေမှ စစ်တပ်စခန်းအချို့ ဒကစသို့ဆုတ်ခွာ၊ တိုက်ပွဲများမြို့နှင့်ပိုနီးလာကြောင်းဒေသခံများပြော
စစ်တွေနှင့် ကျောက်ဖြူမြို့နယ်တွင်တိုက်ပွဲဆက်လက်ပြင်းထန်နေပြီး AA၏ မြေပြင်ထိုးစစ်ကြောင့် စစ်တွေမြို့မှ စစ်ကောင်စီတပ်စခန်းအချို့ဆုတ်ခွာနေကြောင်း ဒေသခံအချို့ကပြောသည်။
စစ်တွေမြို့နယ် ၊ကင်းမော် နှင့် ဝါဘိုကျေးရွာအနီးမှ စစ်ကောင်စီရှေ့တန်းစခန်းများကို အာရက္ခတပ်တော်AAက ထိုးစစ်ဆင်တိုက်ခိုက်နေပြီး စစ်ကောင်စီတပ်များသည် မတ်လ ၉ ရက်နေ့မှစ၍ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ဒကစ)သို့ ဆုတ်ခွာသွားသည်ဟု သတင်းရရှိသည်။
“တိုက်ပွဲက မြို့နဲ့၅မိုင်လောက်အထိရောက်လာပြီဗျ။ မြို့ထဲမှာတော့ ဒေသခံတွေရှိနေသေးတယ်။ မြို့ထဲအထိ ပြင်းပြင်းထန်ထန်ဖြစ်မယ်လို့ မထင်ကြတော့ ကပ်သပ်ပြီးနေကြသေးတယ်။ စစ်တပ်ဘက်ကတော့ စစ်တွေမြို့ ဘေးဝန်းကျင်ကို လေကြောင်းနဲ့လက်နက်ကြီးပစ်ထားတွေရှိနေပြီ” ဟု ဒေသခံတစ်ဦးကပြောသည်။
စစ်တွေမြို့နယ်အတွင်းစစ်ကောင်စီအခိုင်အမာတပ်စွဲထားသည့် ရွှေမင်းဂံ၊ ပါဒလိတ် ၊ အမြင့်ကျွန်းစခန်းများကို AA က ဖေဖော်ဝါရီလဆန်းပိုင်းကစပြီး လက်နက်ကြီးဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။မတ်လ ၁၀ရက်နေ့ တိုက်ပွဲတွင် ရွှေမင်းဂံဂိတ်အနီးမှ စစ်ကောင်စီတပ်လည်း ဆုတ်ခွာသွားကြောင်း သတင်းရင်းမြစ်အချို့ကပြောသည်။
စစ်တွေမြို့သည် AAသိမ်းယူပြီးဖြစ်သည့် ပုဏ္ဏားကျွန်း၊ ပေါက်တော၊ရသေ့တောင် မြို့နယ်တို့နှင့်ထိစပ်နေသည်။AAက ပြီးခဲ့သည့်၂၀၂၄ခုနှစ် ဒီဇင်ဘာလမှစ၍ စစ်တွေမြို့အနီးရှိ စစ်ကောင်စီဂိတ်စခန်းများကို တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီကလည်း လက်နက်ကြီး၊ လေကြောင်းဖြင့်တန်ပြန်ပစ်ခတ်ခဲ့၍ အရပ်သားထိသေဆုံးမှုများရှိခဲ့သည်။
မတ်လ ၁၁ ရက်တွင်လည်း စစ်တွေ နှင့် ပုဏ္ဏားကျွန်းမြို့ကြား၌တိုက်ပွဲပြင်းထန်ခဲ့ပြီး ညနေ ၂ နာရီခန့်တွင် ပုဏ္ဏားကျွန်းမြို့ကွမ်းတောင်ကျေးရွာကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ လူထိခိုက်မှုမရှိသော်လည်းအိမ် ၅လုံး ပျက်စီးခဲ့ကြောင်း စစ်ဘေးရှောင်များအားကူညီနေသူတစ်ဦးကပြောသည်။
ကျောက်ဖြူမြို့တွင်လည်း ဓညဝတီရေတပ်ဌာနချုပ်အနီးတိုက်ပွဲများဆက်ဖြစ်နေသည်ဟု ဒေသခံတဦးကပြောသည်။
ဓညဝတီရေတပ်ဌာနချုပ်အနီးရှိ ဦးကင်းကျေးရွာကို မတ်လ ၆ရက် နံနက်ပိုင်းတွင်မီးရှို့ဖျက်ဆီးခဲ့သည်။ထိုနောက်စစ်ကောင်စီတပ်နှင့် AA တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့သည်။
ရွာမီးရှို့ခံရပြီး အိုးမဲ့အိမ်မဲ့ဖြစ်ပွားခဲ့သည့် ဦးကင်းရွာဒေသခံများအား ကူညီထောက်ပံ့ကြရန် ပြည်ပရောက် ရခိုင်တိုင်းရင်းသားများက အကူအညီတောင်းထားကြသည်။
တိုက်ပွဲသည် ဦးကင်းရွာအပြင် ကြတ်တိန်၊ ထောင့်စည်မော်၊ကုလဘာတောင်ကျေးရွာတို့တွင်လည်းဖြစ်ပွားနေပြီး AA၏ ကျောက်ဖြူမြို့သိမ်းတိုက်ပွဲသည် ပိုမိုပြင်းထန်လာသည်ဟု ဒေသခံများကပြောသည်။
အဆိုပါရွာများမှဒေသခံများသည် ပြီးခဲ့သည့်ဖေဖော်ဝါရီလမှစ၍ ကျောက်ဖြူမြို့ပေါ်နှင့် အနီးပတ်ဝန်းကျင်ကျေးရွာများသို့ထွက်ပြေး တိမ်းရှောင်နေကြသည်။
ကျောက်ဖြူမြို့တွင် တိုက်ပွဲပြင်းထန်နေစဉ်တွင်ပင်ဖေဖော်ဝါရီလအတွင်းက တရုတ်လုံခြုံရေးတပ်ဖွဲ့ဝင်အချို့ လေကြောင်းမှရောက်ရှိလာသည်။
ကျောက်ဖြူမြို့တွင် တရုတ်နိုင်ငံပိုင် CITIC Group ကုမ္ပဏီ နှင့် စစ်ကောင်စီအကောင်
အထည်ဖော်နေသည့် အထူးစီးပွားရေးဇုန်နှင့် ရေနက်ဆိပ်ကမ်းစီမံကိန်းရှိသည်။ထို့အပြင် တရုတ်-မြန်မာ ပိုက်လိုင်းစီမံကိန်းလည်းရှိသည်။တရုတ်စီမံကိန်းရှိသော နေရာများတွင် တရုတ်လုံခြုံရေးတပ်ဖွဲ့ဝင်များက လုံခြုံရေးယူထားကြောင်း မြို့ခံသတင်းရင်းမြစ်များကပြောသည်။
စစ်တွေနှင့်ကျောက်ဖြူမြို့မှ ဒေသခံများ AA ထိန်းချုပ်မြို့နယ်များသို့လာရောက်တိမ်းရှောင်ရန် AAက ၂၀၂၄ ခုနှစ်တွင် သတိပေးခဲ့ဖူးသည်။ စစ်တွေမြို့တွင် အိန္ဒိယအစိုးရက ရင်းနှီးမြှုပ်နှံထားသည့် ကုလားတန်ရေနက်ဆိပ်ကမ်းစီမံကိန်းရှိသည်။
စစ်တွေနှင့်ကျောက်ဖြူမြို့မှ စစ်ကောင်စီစခန်းများကိုAAမတိုက်ခိုက်မီ လက်နက်ချကြရန် AA ဖမ်းဆီးထားသည့် အနောက်ပိုင်းအတိုင်းစစ်ဌာနချုပ်(နပခ)တိုင်းဦးစီးချုပ်ဗိုလ်မှူးချုပ် ကျော်ကျော်သန်းက ၂၀၂၄ ဒီဇင်ဘာလတွင် တိုက်တွန်းခဲ့သည်။ထို့နောက် ၂၀၂၅ ခုနှစ်ဖေဖော်ဝါရီလဆန်းပိုင်းမှစပြီး AAက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
(အာရက္ခတပ်တော် (AA) တပ်ဖွဲ့ဝင်များ။ ဓါတ်ပုံ-AA Info Desk )


Leave a Reply