ပုသိမ်ကြီးမှာ ရဲနဲ့ပျူစောထီးတွေ ကိုယ်တိုင်က ဓားပြတိုက်မှုတွေ ကျူးလွန်
မန္တလေးမြို့၊ ပုသိမ်ကြီးမြို့နယ်၊ ရန်ကင်းသာယာရပ်ကွက်မှာ မတ်လ ၁၁ရက် ညနေပိုင်းက အမျိုးသမီး ဦးဆာင်တဲ့ လူသုံးဦးက ပါဆယ်ပစ္စည်း လာပို့ဟန်ပြုရင်း အငြိမ်းစား ပါမောက္ခအိမ်ကို လုယက် ဓားပြတိုက်လို့ အိမ်ရှင် သားအဖနှစ်ဦး ဒဏ်ရာရကာ ရွှေနဲ့ငွေတွေ ပါသွားတယ်လို့ စစ်အုပ်စုက သတင်း ဖြန့်ပါတယ်။
မတ်လ ၁၁ရက် ညနေ ၄နာရီခွဲဝန်းကျင်က ပုသိမ်ကြီးမြိုနယ်၊ ရန်ကင်းသာယာရပ်ကွက်ရှိ အငြိမ်းစား ပါမောက္ခ တစ်ဦးရဲ့ နေအိမ်ကို အသက် ၂၀ ဝန်းကျင် အမျိုးသား နှစ်ဦးနဲ့ အမျိုးသမီး တစ်ဦးတို့ ဆိုင်ကယ်နဲ့ ရောက်လာပြီး ပါဆယ် ပစ္စည်းလာပို့ရင်း လုယက် ဓားပြတိုက်တာလို့ ဆိုပါတယ်။
အိမ်မှာ မိသားစုဝင်သုံးဦး ရှိနေချိန် ပါဆယ်ပစ္စည်း လာပို့တာဖြဟ်ပြီး လက်ခံရရှိကြောင်း လက်မှတ် ထိုးရမယ်လို့ ပြောလို့ အိမ်ရှင် အမျိုးသမီးကြီးက ခြံတံခါးဖွင့်ပေးခဲ့ရာက အထက်ပါ လူသုံးဦးက နေအိမ်အတွင်း ရောက်ရှိချိန် နေအိမ်တံခါးမကြီးကို ပိတ်ကာ အိမ်ရှင် သုံးဦးကို ပါးစပ် တိပ်နဲ့ ပိတ်စည်းပြီး နေအိမ် အောက်ထပ် အိပ်ခန်းအတွင်းရှိ ဗီဒိုအတွင်းကနေ ရွှေထည်ပစ္စည်းမျိုးစုံ ခြောက်ကျပ်သားခန့် (တန်ဖိုး ကျပ်သိန်း ၃၉၀)နဲ့ မြန်မာငွေစက္ကူရောရာ ကျပ်ခြောက်သိန်းကို ယူဆောင်သွားတာလို့ စစ်အုပ်စု ရဲမှတ်တမ်းမှာ ဖော်ပြပါတယ်။
အဲ့ဒီ ဓားပြတိုက် လုယက်သူ သုံးဦးအနက် အမျိုးသမီးက လက်နက်ငယ် (သေနတ်)ကို ကိုင်ဆောင်ထားပြီး ကျန်အမျိုးသား နှစ်ဦးက ဓါးဦးချွန်တွေ ကိုင်ဆောင်ထားကာ အိမ်ရှင် သားအဖနှစ်ဦးကို ဓါးနှောင့်နဲ့ ထုနှက်လို့ အိမ်ရှင်အမျိုးသားကြီးမှာ ဦးခေါင်းပေါက်ပြဲဒဏ်ရာ နှစ်ချက်၊ ဝဲ-ဂျိုစောင်း ပေါက်ပြဲ ဒဏ်ရာ တစ်ချက်(မစိုးရိမ်ရ)တို့ ရရှိပြီး သမီးဖြစ်သူမှာ နှုတ်ခမ်းဖူးရောင်ဒဏ်ရာ၊ ဦးခေါင်း နာကျင်ဒဏ်ရာ (မစိုးရိမ်ရ)တို့ ရရှိလို့ ပုသိမ်ကြီးမြိုနယ် ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင် ကုသပေးထားတယ်လို့ စစ်အုပ်စုက သတင်းဖြန့်ပါတယ်။

“အိမ်မှာ ညနေ ၄နာရီခွဲ ကျော်လောက်က ဓားပြတိုက်ခံလိုက်ရပါတယ်။ အမျိုးသမီးတစ်ဦး ဦးဆောင်ပါတယ်တဲ့၊ အမျိုးသားနှစ်ဦး လည်းပါတယ်တဲ့၊ သေနတ်အပြင် ဓားတွေလည်း ပါကြတယ်တဲ့.. ကျနော့် ညီမ အငယ်မလေး နာမည်နဲ့ ပါဆယ်လာပို့တာဆိုပြီး ပစ္စည်းလက်ခံရရှိကြောင်း sign (လက်မှတ်) ထိုးခိုင်းပါသတဲ့..။ သူတို့ ပေးတဲ့ ဘောလ်ပင်က ရေးမရတာနဲ့ အိမ်ထဲဝင်ရေးရင်း အဖေ့ကို ခေါင်းဖိပြီး အဆက်မပြတ် ထုပါတယ်တဲ့၊ မေမေနဲ့ အငယ်မလေးကတော့ အနည်းငယ်ပဲ ထိခိုက် မိပါတယ်။ လက်ကို ကြိုးတုပ်ပြီး ပါးစပ်ကို တိတ်နဲ့ကပ်ပါတယ်တဲ့၊ အသေလုပ်မယ် လုပ်ကြသေးတာပါ၊ အငယ်မလေးက မအော်ပါဘူး၊ အဖေနဲ့အမေက အသက်ကြီးပါပြီဆိုပြီး အတင်းတောင်းပန်မှ သူတို့ထဲက တစ်ယောက်က တားတာနဲ့ အသက်မသေသွားတာပါ..။ ရွှေထည်တွေ အကုန်ပါသွားပါတယ် ငွေသားကတော့ လက်ရှိသုံးစရိတ်ပဲ လက်ထဲ ထားထားလို့ ၁၀ သိန်းလောက်ပဲ ပါသွားပါတယ်တဲ့။ …..။ အတွင်းသိ ဖြစ်ဖို့များပါတယ်။ ဘာလို့ဆို အငယ်မ နာမည်ကို သိနေတာရယ်ကြောင့်ပါ” လို့ မိသားစုဝင်တစ်ဦးက လူမှုကွန်ယက်မှာ ရေးပါတယ်။
အဲ့ဒီလို ရွေ၊ငွေတွေ လုယက်ဓားပြတိုက်သွားသူတွေကို ဖမ်းမိဖို့ လိုက်လံ စုံစမ်းနေတယ်လို့လည်း စစ်အုပ်စုက သတင်းဖြန့်ပါတယ်။
ပုသိမ်ကြီးမြို့နယ်မှာ ခိုး၊ဆိုး၊လု၊နှိုက်သူတွေ၊ ဒုစရိုက်သမားတွေ ကြီးစိုးသောင်းကျန်းနေပြီး လုယက်မှု၊ ဓားပြမှု၊ ခိုးမှုတွေ အဖြစ်များနေလို့ ညဘက် ကောင်းကောင်းမအိပ်ရဲဘူးလို့ မြို့ခံတွေက ပြောပါတယ်။
လူဆိုး၊သူခိုးတွေကို ပြန်လည် ခုခံပါက အငြိုးထား ရန်ပြုခံရနိုင်တာ၊ လူငယ်လူရွယ်ရှိတဲ့ အိမ်တွေမှာ ပေါ်တာဆွဲ စစ်သားသစ် စုဆောင်းခံရနိုင်တာတွေကြောင့် သူခိုးမဝင်အောင်သာ ကာကွယ်နေရပြီး သူခိုးခိုးခံရပါကလည်း ငြိမ်ခံနေရတယ်လို့ မြို့ခံတွေက ဆိုပါတယ်။
စစ်အာဏာသိမ်းပြီးနောက် ပုသိမ်ကြီးမြို့နယ် ရဲစခန်းက စစ်အုပ်စု လက်အောက်ခံ ရဲနဲ့ ပျူစောထီးတွေ ပူးပေါင်းကာ ဓားပြဂိုဏ်းပုံစံ ကိုယ်တိုင် ဓားပြတိုက်နေတယ်လို့ မြို့ခံတွေက ဆိုပါတယ်။
၂၀၂၄ မတ်လက မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ ၂၂လမ်းနဲ့ ၈၉လမ်းထောင့်က၊ စစ်အုပ်စု လက်အောက်ခံ မြို့နယ် တရားသူကြီး ဒေါ်ဝင်းဝင်းမာ ပိုင်ဆိုင်တဲ့ “လင်းလက်ဝါ” ရွှေပန်းတိမ်ဆိုင်ကို ရဲယူနီဖောင်း ဝတ်ဆင်ထားသူ အပါအဝင် ကားနဲ့ လာတဲ့ လူလေးဉီးက ဧည့်စာရင်းစစ်မယ်လို့ ပြောဆိုကာ ရွှေထည်ပစ္စည်း နှစ်ပိဿာကျော်၊ ကာလတန်ဘိုး ကျပ်သိန်း(၁၀,၀၀၀)ကျော် ဓားပြတိုက်ခဲ့ပြီး အဲ့ဒီ ဓားပြတိုက်သူတွေကို စစ်အုပ်စုက အဖမ်းပြခဲ့ရာမှာ ပုသိမ်ကြီးမြို့နယ် ရဲစခန်းက နယ်ထိန်း မြတ်သူအောင် ဦးဆောင်တဲ့ အဖွဲ့ ဖြစ်တယ်လို့ ရဲမှတ်တမ်းမှာ ဖော်ပြထားပါတယ်။


Leave a Reply