ဖိလစ်ပိုင် သမ္မတဟောင်း ဒူတာတေး ကဲ့သို့ပင် ICC တရားရုံး ဖမ်း၀ရမ်းဖြင့် မင်းအောင်လှိုင်ကိုလည်း ဖမ်းဆီးနိုင်သည့်အချိန် ရောက်လာလိမ့်မည်ဟု SAC-M က ထုတ်ပြန် ကြေညာ

ဖိလစ်ပိုင်သမ္မတဟောင်း ရိုဒရီဂို ဒူတာတေးကို ဖိလစ်ပိုင်အစိုးရက အပြည်ပြည်ဆိုင်ရာရာဇဝတ်တရားရုံး (ICC) ဖမ်း၀ရမ်းဖြင့် ဖမ်းဆီးပြီး နယ်သာလန်နိုင်ငံရှိ ICC တရားရုံးသို့ ပို့ဆောင်လိုက်ပြီးနောက် မြန်မာနိုင်ငံမှ အကြမ်း ဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကိုလည်း ဖမ်းဆီးနိုင်သည့် အချိန်ရောက်ရှိလာလိမ့်မည်ဖြစ် ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M) က ယမန်နေ့ ထုတ်ပြန်ကြေညာသည်။

ဖိလစ်ပိုင်တွင် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အမည်ခံ၍ လူအမြောက်အများ သတ်ဖြတ်ခဲ့သည့် ရာဇ၀တ်မှုဆိုင်ရာ စွပ်စွဲချက်များဖြင့် နိုင်ငံတကာရာဇ၀တ်တရားရုံး (ICC)က ဖမ်းဝရမ်းထုတ်ထားသော ဖိလစ်ပိုင်သမ္မတဟောင်း ဒူတာတေးကို ဖိလစ်ပိုင်အစိုးရက မတ်လ ၁၁ ရက်နေ့တွင် ဖမ်းဆီးပြီး နယ်သာလန်နိုင်ငံ၊ The Hague မြို့သို့ ပို့ဆောင်လိုက်ခြင်းဖြစ်သည်။

ဖိလစ်ပိုင်အစိုးရက ICC တရားရုံး အဖွဲ့ဝင်နိုင်ငံအဖြစ်မှ ၂၀၁၉ ခုနှစ်တွင် နုတ်ထွက်ထားခဲ့သော်လည်း ICC တရားရုံး၏ ဖမ်း၀ရမ်းထုတ်ထားသော ဖိလစ်ပိုင်သမ္မတဟောင်းကို ပြတ်ပြတ်သားသား အရေးယူဆောင်ရွက်မှုမှာ နိုင်ငံ တကာ အသိုင်းအ၀ိုင်းအတွက် တာဝန်ခံမှုနှင့်တာဝန်ယူမှုဆိုင်ရာ အဓိက တွန်းအားပေးမှု တစ်ခုအဖြစ် SAC-M တည်ထောင်သူ Yanghee Lee က မှတ်ချက်ပြုသည်။

ဖိလစ်ပိုင်သမ္မတဟောင်း ဖမ်းဆီးခံရမှုသည် အထူးသဖြင့် မြန်မာနိုင်ငံမှ မင်းအောင်လှိုင်အတွက် ပြင်းထန်သော သတင်းစကား ဖြစ်ပြီး ရိုဟင်ဂျာများကို မောင်းထုတ်ခြင်းနှင့် ညှဉ်းပန်းနှိပ်စက်မှုဆိုင်ရာ ရာဇ၀တ်မှုများအတွက် မင်းအောင်လှိုင်ကို ဖမ်း၀ရမ်းထုတ်ရန် ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလတွင် ICC တရားရုံးရှေ့နေများက လျှောက်ထားခဲ့ပြီးဖြစ် သည်။

မကြာမီ ICC တရားရုံးက မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ရန် မျှော်လင့်ထားပြီး ICC တရားရုံးရှေ့နေများက နောက်ထပ် တာဝန်ရှိသူများကိုလည်း ဖမ်း၀ရမ်းထုတ်ရန်ရှိနေကြောင်း ICC က ထုတ်ပြန်ထားသည်။

မကြာသေးမီကလည်း အာဂျင်တီးနားတရားရုံးက မင်းအောင်လှိုင် အပါအဝင် မြန်မာနိုင်ငံမှ စစ်ဘက်နှင့်အရပ်ဘက် ပုဂ္ဂိုလ် ၂၅ ဦးကို ဖမ်း၀ရမ်းထုတ်ခဲ့ပြီးဖြစ်သည်။

SAC-M တည်ထောင်သူ Marzuki Darusman က ” ဖိလစ်ပိုင် သမ္မတဟောင်း ဒူတာတေးကို ဖမ်းဆီးနိုင်မှုက အလွန်ခိုင်မာ တဲ့ လုပ်ဆောင်ချက်ဖြစ်ပြီး သြဇာကြီးမားတဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံတစ်ခုက ICCတရားရုံး နဲ့ INTERPOL ရဲတပ်ဖွဲ့ကို လေးစားမှုလည်းဖြစ်တယ်။ နိုင်ငံတကာဆိုင်ရာ တာဝန်ခံမှုတစ်ခုလည်းဖြစ်ပါတယ်။ အဲဒါက မင်းအောင်လှိုင်အနေနဲ့လည်း ဒီလိုမျိုး ဖမ်းဆီးခံရမယ့် အချိန် သေချာပေါက် ရောက်လာလိမ့်မယ်ဆိုတာ ထင်ထင်ရှားရှားပြသနေပါတယ်” ဟု ပြောဆိုသည်။

ဖိလစ်ပိုင်သမ္မတကို ဖမ်းဆီးနိုင်မှုသည် ကုလသမဂ္ဂ၊ နိုင်ငံတကာ လူ့အခွင့်အရေးစနစ်နှင့် တရားမျှတမှုဆိုင်ရာ ကတိတွေအပေါ် ယုံကြည်မှုတွေ ဆုံးရှုံးနေသော မြန်မာနိုင်ငံမှ ပြည်သူများအတွက် မျှော်လင့်ချက် ရောင်ခြည်များ တောက်ပစေကြောင်း SAC-M တည်ထောင်သူ Chris Sidoti က ထပ်လောင်း ပြေဆာိုသည်။

ဖိလစ်ပိုင်နိုင်ငံသည် ၂၀၂၆ ခုနှစ်တွင် အာဆီယံအဖွဲ့ကြီး၏ ဥက္ကဋ္ဌနိုင်ငံအဖြစ် တာဝန်ထမ်းဆောင်ရန် ပြင်ဆင်နေချိန်တွင် ICC တရားရုံး ဖမ်း၀ရမ်းထုတ်ခံထားရသော ဖိလစ်ပိုင်သမ္မတဟောင်း ဒူတာတေးကို ဖမ်းဆီးပြသခဲ့ခြင်းဖြစသ်ည်။

အချစ်စာပေများဖတ်ရန်

မြန်မာစာတန်းထိုးဇာတ်ကားများကြည့်ရန်


Leave a Reply

Your email address will not be published. Required fields are marked *