မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် ပစ်ခတ်ခဲ့သော နယ်ထိန်းရဲတစ်ဦးထံမှ ကျပ်သိန်းနှစ်ရာနီးပါး သိမ်းဆည်းရရှိခဲ့ကြောင်း ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ပြောသည်။

နယ်ထိန်းမျိုးသူအား ရေးမြို့နယ်၊ အောင်သုခရပ်ကွက်၌ ဘီယာသောက်နေစဥ် မတ်လ ၉ ရက် ည ၇ နာရီခန့်က ပစ်ခတ်ခဲ့ကြောင်း ရေးဘီလူးအဖွဲ့က ထုတ်ပြန်ထားသည်။
ရေးမြို့မရဲစခန်းမှ နယ်ထိန်းမျိုးသူထံမှ ငွေကျပ်သိန်း ၁၀၀ရှိသော ဘဏ်စာအုပ်၊ရွှေဆွဲကြိုး ၅ မူးသား၊ဖုန်းနှစ်လုံး နှင့် ကျပ်လေးသိန်းတို့ သိမ်းရခဲ့ခြင်းဟု အသိပေးသည်။

“သူက အလောင်းကစားဝိုင်းထောင်တယ်။ မူးယစ်ဆေးပြန် ဖြန့်တယ်။ ပြည်သူတွေကို မတရားဖမ်းတယ်။ပြီးရင် အမှုလိုက်ပေးမယ်ဆိုပြီး ငွေရှာနေတာ”ဟု ရေးဘီလူးခေါင်းဆောင်က နယ်ထိန်းမျိုးသူ၏ အကြောင်း ပြောပြသည်။
ပဲခူးတိုင်း၊ မိုးညိုမြို့နယ်၊ သပြေပင်ရွာသားဖြစ်သည့် နယ်ထိန်းမျိုးသူသည် ရေးမြို့နယ်တွင် တာဝန်ကျနေသည်မှာ ၁၀ နှစ်ကျော်ရှိပြီဖြစ်သော်လည်း စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် ငွေကြေးအဆင်ပြေလာသူဟုလည်း ၎င်းက ဆိုသည်။

လူထုကိုနှိပ်စက်၍ ငွေညှစ်နေသောကျန်ရှိသည့် ရဲနှင့် စစ်ကောင်စီထောက်တိုင်များကိုလည်း သတိပေးထားသည်။
ထို့အပြင် ရေးမြို့အခြေစိုက် စစ်ကောင်စီတပ်စခန်းနှင့် တပ်ရင်းများအား တိုက်ခိုက်မှု အရှိန်မြှင့်တင်မည်ဖြစ်၍ တပ်ရင်းအနီး နေထိုင်သူများအနေဖြင့် ကြိုတင်ရွှေ့ပြောင်းကြရန် ရေးဘီလူးက တိုက်တွန်းထားသည်။

(နယ်ထိန်း မျိုးသူအား တွေ့ရစဉ်။ ဓာတ်ပုံ − ရေးဘီလူး)


Leave a Reply