ကန့်ဘလူနယ် ဇီးကုန်းနဲ့ ကာဘိုးကြားမှာ စစ်အုပ်စုက အထိုင်စခန်းသစ် ထပ်တိုးချ

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်က ဇီးကုန်းမြို့နဲ့ ကာဘိုးရွာကြားမှာ စစ်အုပ်စုနဲ့ပျူစောထီးတွေ စခန်းသစ် တစ်ခု ထပ်တိုးပြီး အထိုင်ချ အခြေစိုက်ဖို့ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဇီးကုန်းမြို့နဲ့ ကာဘိုးရွာ အထိုင်စခန်းနှစ်ခုဟာ လေးမိုင်ခန့်သာ ကွာဝေးပြီး အဲဒီစခန်းနှစ်ခု ကြားမှာ ဘန်ကာတွေ တည်ဆောက်ပြီး အထိုင်စခန်းသစ်တစ်ခု ထပ်တိုး ချဖို့ ဒီဇင်ဘာ ၁၀ရက် လောက်က စပြီးတော့ လုပ်ဆောင်နေတာ ဖြစ်တယ်လို့ ဆိုပါတယ်။

“ကားလမ်း ချောင်းပေါက်တံတားဘေးမှာ ဘန်ကာတွေဆောက်နေတာ။ ထန်းကုန်းကနေ မျောတိုင်တွေဘာတွ ယူလာပြီးတော့ အဲဒီမှာ ဘန်ကာအခိုင်အမာဆောက်နေတာ။ ဘက်ဟိုးတွေရော။ အချက်အခြာ ကျတဲ့နေရာလို့ ပြောလို့ရတယ်။ အဲဒီလမ်းပိုင်းက သူတို့နယ်မြေဖြစ်နေတာကို။ သူတို့စိုးမိုးနယ်မြေအတွင်းကိုမှ အထိုင်စခန်းထပ်ချတာ” လို့ ကန့်ဘလူနယ် ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

ဇီးကုန်း၊ ကားဘိုးလမ်းပိုင်းဟာ ကန့်ဘလူနဲ့ တန့်ဆည်နယ်ကို ဆက်သွယ်ထားတဲ့ လမ်းပိုင်းဖြစ်ပြီး အခု ထပ်တိုး အထိုင်စခန်းချဖို့ လုပ်ဆောင်နေတဲ့‌နေရာဟာ မြောက်ဘက်က ဗူးကြီး၊ တောင်ဘက်က ဝက်တိုး၊ အရှေ့ဘက်က ဇီးကုန်းနဲ့ တောင်ဘက်က ကာဘိုးရွာ စတဲ့ ပျူစောထီး အထိုင်စခန်းတွေ ရှိနေတာပါ။

ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်းကလည်း ကျွန်းလှမြို့နယ် မြောက်ခြမ်းက တကုန်းနဲ့ ကုက္ကိုကုန်းရွာဘက်မှာလည်း စစ်အုပ်စုနဲ့ ပျူစောထီးတွေဟာ အထိုင်စခန်း‌တွေ တိုးချဲ့ထားခဲ့သေးတယ်လို့ ဆိုပါတယ်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *