ပျဉ်းမနားစစ်ကြောင်းမှူး ရဲဘော်ကိုစိုင်း အသတ်ခံရမှု ကယန်းပြည်သစ်တပ်မတော်က ကျူးလွန်သူများအား ဖော်ထုတ် အရေးယူပေးရန် နေပြည်တော်တိုင်းစစ်ဌာန ထုတ်ပြန်
ပျဉ်းမနားစစ်ကြောင်းမှူး ရဲဘော်ကိုစိုင်း(ခ)ဝင်းလှိုင်ကို သတ်ဖြတ်ခံရမှုတွင် ကယန်းပြည်သစ်တပ်မတော်တွင် တာဝန်အပြည့်အဝရှိပြီး ကျူးလွန်သူများအား ဖော်ထုတ်အရေးယူပေးရန် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ နေပြည်တော် တိုင်းစစ်ဌာနမှ မတ်လ ၁၃ရက်နေ့တွင် သတင်းထုတ်ပြန်ပါတယ်။
မတ်လ ၃ ရက်နေ့ နေ့လည် (၁) နာရီ တွင် နေပြည်တော်တိုင်းစစ်ဌာန ပျဉ်းမနားစစ်ကြောင်း စစ်ကြောင်းမှူး ရဲဘော်ကိုစိုင်း အား ကယန်းပြည်သစ်တပ်မတော် ဗဟိုကော်မတီဝင် ဗိုလ်မှူးကြီးသိန်းဟန် နှင့် တွေ့ဆုံဆွေးနွေးရန်ဟုဆိုကာ ကယန်းပြည်သစ်နယ်မြေ၊ အမှတ်(၆)မြို့နယ် ဒုတပ်မဟာမှူးဖိုးခွား လာရောက်ခေါ်ဆောင်သွားခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ကယန်းပြည်သစ်တပ်မတော်ဘက်သို့ နေပြည်တော်တိုင်းစစ်ဌာနမှ မတ်လ ၇ ရက်နေ့တွင် စာထုတ်၍ အကြောင်းကြားသော်လည်း အကြောင်းပြန်ကြားလာခြင်းမရှိခဲ့သလို ကြားကာလအချိန်များတွင်လည်း ကယန်းပြည်သစ်တပ်မတော်နယ်မြေအထိ သွားရောက်တွေ့ဆုံဆွေးနွေးရန် ကြိုးစားခဲ့သော်လည်း ဗဟိုကော်မတီများမှ တွေ့ဆုံဖြေရှင်းပေးခြင်းမရှိဘူးလို့ သိရပါတယ်။
မတ်လ ၁၃ ရက်နေ့တွင် မိမိတို့ နေပြည်တော်တိုင်းစစ်ဌာနနှင့် မဟာမိတ်ညီနောင်အဖွဲ့အစည်းများ၏ စုံစမ်းထောက်လှမ်းပေးမှုအရ ကယန်းပြည်သစ်တပ်မတော် ရုံးစိုက်ရာနယ်မြေတစ်နေရာ၌ တော်လှန်ရေးဦးဆောင်သူ ရဲဘော်တစ်ဦးဖြစ်သည့် ရဲဘော်ကိုစိုင်း (ခ)ဝင်းလှိုင်ကို၏ ရုပ်အလောင်းကို လူသားမဆန်စွာ ပြင်းပြင်းထန်ထန် ညှင်းပန်းနှိပ်စက်ထားသော ဒဏ်ရာများစွာဖြင့် ရှာဖွေတွေ့ရှိခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။
ထို့ကြောင့် ကယန်းပြည်သစ်တပ်မတော်သည် ယခုစာထုတ်ပြန်ပြီးအချိန်မှ ( ၃ )ရက်အတွင်း ဤဖြစ်စဉ်အား တာဝန်အပြည့်အဝယူ၍ ဖြေရှင်းပေးရန်၊ အမိန့်ပေးစေခိုင်းသူနှင့်ကျူးလွန်သူအားလုံးကို ထိရောက်ပြင်းထန်စွာအရေးယူဆောင်ရွက်ပေးရန်၊ တော်လှန်ရေးအဝန်းအဝိုင်းတခုလုံးကို ခြိမ်းခြောက်မှုဖြစ်သဖြင့် တော်လှန်ရေးမဟာမိတ်တပ်ဖွဲ့များအနေဖြင့် ဤဖြစ်စဉ်အား သမာသမတ်ကျစေဖို့ ဝိုင်းဝန်းကြိုးပမ်းကူညီပေးပါရန် ပြည်သူ့ကာကွယ်ရေးတပ်မတော် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် နေပြည်တော်တိုင်းစစ်ဌာန နှင့်ဗျူဟာတပ်ရင်း တပ်ဖွဲ့များအားလုံးမှ သဘောထားထုတ်ပြန်ထားပါတယ်။
လက်ရှိ ကယန်းပြည်သစ်ပါတီ (KNLP) ဥက္ကဋ္ဌမှာ သန်းစိုးနိုင်ဖြစ်ပြီး ကယန်းပြည်သစ်တော်လှန်ရေးကောင်စီ (KNLRC)အား ဗိုလ်မှူးချုပ်အိုက်နော်ထားက တာဝန်ယူပြီး ကယန်းပြည်သစ် တပ်မတော်(KNLA)၏ စစ်ဦးစီးချုပ်မှာ ဗိုလ်မှူးချုပ်မြားနို ဖြစ်တယ်လို့ People’s Spring ဖော်ပြချက်အရ သိရပါတယ်။

၁၃/၃/၂၀၂၅
မိဘပြည်သူများ
တော်လှန်ရေးညီနောင်မဟာမိတ်များနှင့်ကယန်းပြည်သစ်တပ်မတော် သိရှိရန်
ပြည်သူ့ကာကွယ်ရေးတပ်မတော် နေပြည်တော်တိုင်းစစ်ဌာန ၏ သဘောထားထုတ်ပြန်ချက်
၂၀၂၅ ခုနှစ် မတ်လ ၃ ရက်နေ့ နေ့လည် (၁) နာရီ တွင် နေပြည်တော်တိုင်းစစ်ဌာန ပျဉ်းမနားစစ်ကြောင်း စစ်ကြောင်းမှူး ရဲဘော်ကိုစိုင်း(ခ)ဝင်းလှိုင်ကို အား ကယန်းပြည်သစ်တပ်မတော် ဗဟိုကော်မတီဝင် ဗိုလ်မှူးကြီးသိန်းဟန် နှင့် တွေ့ဆုံဆွေးနွေးရန်ဟုဆိုကာ ကယန်းပြည်သစ်နယ်မြေ၊ အမှတ်(၆)မြို့နယ် ဒုတပ်မဟာမှူးဖိုးခွား မှ လာရောက်ခေါ်ဆောင်သွားခဲ့ပါသည်။
ကယန်းပြည်သစ်တပ်မတော်ဘက်သို့ နေပြည်တော်တိုင်းစစ်ဌာနမှ ၄င်းဖြစ်စဉ်အပေါ်တွင် အခြေအနေအကြောင်းအရင်းသိရှိရန် ၂၀၂၅ ခုနှစ် မတ်လ ၇ ရက်နေ့တွင် စာအမှတ် (၀၀၈/၂၀၂၅)နပတ(ဦးစီး) ဖြင့် စာထုတ်၍အကြောင်းကြားသော်လည်း အကြောင်းပြန်ကြားလာခြင်းမရှိပါ။ ကြားကာလအချိန်များတွင်လည်း ကယန်းပြည်သစ်တပ်မတော်နယ်မြေအထိ သွားရောက်တွေ့ဆုံဆွေးနွေးရန်ကြိုးစားခဲ့သော်လည်း ဗဟိုကော်မတီများမှ တွေ့ဆုံဖြေရှင်းပေးခြင်းမရှိပါ။
၂၀၂၅ ခုနှစ် မတ်လ ၁၃ ရက်နေ့တွင် မိမိတို့ နေပြည်တော်တိုင်းစစ်ဌာနနှင့် မဟာမိတ်ညီနောင်အဖွဲ့အစည်းများ၏ စုံစမ်းထောက်လှမ်းပေးမှုအရ ကယန်းပြည်သစ်တပ်မတော် ရုံးစိုက်ရာနယ်မြေတစ်နေရာ၌ တော်လှန်ရေးဦးဆောင်သူ ရဲဘော်တစ်ဦးဖြစ်သည့် ရဲဘော်ကိုစိုင်း(ခ)ဝင်းလှိုင်ကို ၏ရုပ်အလောင်းကို လူသားမဆန်စွာ ပြင်းပြင်းထန်ထန် ညှင်းပန်းနှိပ်စက်ထားသော ဒဏ်ရာများစွာဖြင့် ရှာဖွေတွေ့ရှိခဲ့ရပါသည်။

ကျွန်ုပ်တို့အနေဖြင့် ရဲဘော်ကိုစိုင်း၏ ဤဖြစ်စဉ်အပေါ်တွင် ကယန်းပြည်သစ်တပ်မတော် မှ တာဝန်အပြည့်ရှိကြောင်းနှင့် ဦးဆောင်စေခိုင်း ကျူးလွန်သူများကိုလဲ ပြင်းထန်စွာအရေးယူဆောင်ရွက်ပေးရန် အောက်ပါအချက်များ ထုတ်ပြန်လိုက်သည်။
၁. ကယန်းပြည်သစ်တပ်မတော်သည် ယခုစာထုတ်ပြန်ပြီးအချိန်မှ ( ၃ )ရက်အတွင်း ဤဖြစ်စဉ်အား တာဝန်အပြည့်အဝယူ၍ ဖြေရှင်းပေးရန်
၂. အမိန့်ပေးစေခိုင်းသူနှင့်ကျူးလွန်သူအားလုံးကို ထိရောက်ပြင်းထန်စွာအရေးယူဆောင်ရွက်ပေးရန်
၃. တော်လှန်ရေးအဝန်းအဝိုင်းတခုလုံးကို ခြိမ်းခြောက်မှုဖြစ်သဖြင့် တော်လှန်ရေးမဟာမိတ်တပ်ဖွဲ့များအနေဖြင့် ဤဖြစ်စဉ်အား သမာသမတ်ကျစေဖို့ ဝိုင်းဝန်းကြိုးပမ်းကူညီပေးပါရန်
ရဲဘော်ကိုစိုင်းဖြစ်စဉ်နှင့်ပက်သက်၍ ပြည်သူ့ကာကွယ်ရေးတပ်မတော် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် နေပြည်တော်တိုင်းစစ်ဌာန နှင့်ဗျူဟာတပ်ရင်း တပ်ဖွဲ့များအားလုံးမှ ဤကဲ့သို့သဘောထားထုတ်ပြန်လိုက်သည်။


နေပြည်တော်တိုင်းစစ်ဌာန
အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်
ပြည်သူ့ကာကွယ်ရေးတပ်မတော်


Leave a Reply