ဗန်းမော်နှင့် မိုးညှင်းထောင်မှ ရာဇဝတ်အကျဉ်းသားများကို စစ်တပ်က လက်နက်တပ်ပေးပြီး စစ်တိုက်ခိုင်းနေ
ကချင်ပြည်နယ်၊ ဗန်းမော်ထောင်နှင့် မိုးညှင်းထောင်မှ ရာဇဝတ်အကျဉ်းသားများကို စစ်တပ်က လက်နက်တပ်ပေးပြီး စစ်တိုက်ခိုင်းနေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) မှ ကိုသိုက်ထွန်းဦးက ပြောဆိုသည်။
ကချင်ပြည်နယ်အတွင်း KIA နှင့် တော်လှန်ရေးတပ်များက တိုက်စစ်များ ဖော်ဆောင်နေရာ ဗန်းမော်အကျဉ်း ထောင်နှင့် မိုးညှင်းအကျဉ်းထောင်မှ ထောင်ဒဏ် နှစ်ရှည်ချမှတ်ခံထားရသော ရာဇာဝတ်အကျဉ်းသားအချို့ကို စစ်တပ်က လက်နက်များတပ်ဆင်၍ ထောင်ခံစစ်ကင်းများတွင် လုံခြုံရေးစောင့်ခိုင်းခြင်းနှင့် အကြမ်းဖက်စစ်တပ်ကို လာရောက်တိုက်ခိုက်သည့် တော်လှန်ရေးတပ်ဖွဲ့ဝင်များကို ပြန်လည် တိုက်ခိုက်ခိုင်းခြင်းများကို စစ်တပ်က လုပ်ဆောင်ခိုင်းနေကြောင်း သိရှိရသည်။
ထို့ပြင် အကြမ်းဖက်စစ်တပ်က နိုင်ငံတစ်ဝန်း အကျဥ်းထောင်တွင်းရှိ အကျဉ်းသားများကို အတင်းအဓမ္မ လက်နက်ကိုင်ခိုင်းပြီး တော်လှန်ရေးတပ်များကို ခုခံတိုက်ခိုက်ရန် စေခိုင်းမှုများလုပ်ဆောင်နေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) မှ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်ဦးက ရှင်းပြသည်။
အကျဉ်းသားများကို စစ်ကောင်စီက စစ်တိုက်ခိုင်းနေမှု အပေါ် PPNM က အချိန်ယူ စုံစမ်း၍ အတည်ပြုခဲ့ခြင်း ဖြစ်ကြောင်း၊ အထူးသဖြင့် တိုက်ပွဲဖြစ်ပွားရာနေရာများအတွင်းရှိနေသည့် အကျဉ်းထောင်များတွင် အကြမ်းဖက် စစ်တပ်က ထောင်တွင်းအကျဉ်းချခံထားရသည့် ရာဇဝတ်အကျဉ်းသားများကို ထောင်တွင်းခံစစ်အတွက် လက်နက်တပ်ဆင်၍ ကင်းစောင့်ခိုင်းခြင်းအပါအဝင် တော်လှန်ရေးတပ်ဖွဲ့များလာရောက်တိုက်ခိုက်ပါက စစ်သားများနှင့်အတူ ခုခံကာကွယ်ရန် အတင်းအဓမ္မ အမိန့်ပေးစေခိုင်းလျက်ရှိကြောင်း သိရှိရသည်။
“၂၀၂၃၊ ၂၀၂၄ ကတည်းက ဒီလို ကိစ္စတွေ သူတို့ လျှို့ဝှက်စွာ လုပ်ဆောင်နေတာမျိုးရှိတယ်လို့ သိရပေမယ့် သက်သေတွေအချက်အလက်တွေ ထုတ်ပြဖို့ အခက်အခဲဖြစ်ခဲ့ပါတယ်။ အဲဒီတော့ ဒီ ၂၀၂၅ ထဲမှာတော့ စောင့်ကြည့် သုတေသနပြုတဲ့အခါမှာတော့ အကျဉ်းထောင်တွေ အတွင်းမှာ ရာဇဝတ်အကျဉ်းသားတွေ။ ပထမအဆင့်အနေနဲ့ အကျဉ်းကျခံရတဲ့ ဒီ စစ်သားဟောင်း၊ ရဲဟောင်းတွေကို သူတို့ရဲ့မူလရာထူးပြန်လည်ရရှိဖို့နဲ့ ထောင်ထဲက ပြစ်ဒဏ်တွေကို လျှော့ပေးဖို့ဆိုရင် တိုက်ပွဲတွေမှာ ပါဝင်ဖို့ဆိုတဲ့ စည်းရုံးမှုတွေ လုပ်သလို ဒုတိယအဆင့်အနေနဲ့ နှစ်ကြီးရာဇဝတ်အကျဉ်းသားတွေကို တာဝန်ယူဆောင်ရွက်ခြင်း အားဖြင့် ပြစ်ဒဏ်သက်သာခွင့်တွေ ပေးတာမျိုး ဒီလိုမျိုးစည်းရုံးမှုတွေနဲ့အတူတူ သူတို့အင်အားလျော့နည်းမှုတွေကို ဖြည့်တင်းနေတဲ့ ကာလဖြစ်ပါတယ်။ သတိထားရမယ့်အခြေအနေဖြစ်သလို အကျဉ်းထောင်အသီးသီးမှာရှိတဲ့ အကျဉ်းကျခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားအားလုံး အပါအဝင် အကျဉ်းသားအားလုံးအတွက် စိုးရိမ်ဖွယ်ကောင်းတဲ့ အခြေအနေဖြစ်တယ်”ဟု ကိုသိုက်ထွန်ဦးက ပြောကြားသည်။
အလားတူ စစ်စည်းကမ်း၊ရဲစည်းကမ်းဖောက်ဖျက်မှုကြောင့် အကျဉ်းထောင်တွင်း ဖမ်းဆီးထားသည့် စစ်သားနှင့် ရဲတပ်ဖွဲ့ဝင်များကိုလည်း စစ်တပ်က လက်နက်တပ်ဆင်ခြင်းများ လုပ်ဆောင်ခဲ့ကြောင်း၊ လွိုင်ကော်ထောင်ကို တော်လှန်ရေးတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ချိန် အကျဉ်းသားများကို ပြစ်ဒဏ်များကို ဖျက်သိမ်း၍ မှုလစစ်ဘက်ရာထူးကို(ယာယီ) ပေး၍ တိုက်ပွဲအတွင်း ပြန်လည်အသုံးပြုခဲ့ကြောင်း သိရှိရသည်။
“ဒီလိုမျိုးလူတွေ ရှိခြင်းအားဖြင့် တော်လှန်ရေးအင်အားစုတွေက ဝင်ရောက်တိုက်ခိုက်တဲ့အခါ သူတို့က ပြန်လည်ပစ်ခတ်ဖြိုခွင်းတာမျိုးတွေ၊ သူတို့တွေကို စစ်မြေပြင်မှာ ထားပြီးတော့ အသုံးပြုတာမျိုးတွေ နဖူးတွေ့ ဒူးတွေ့ ကြုံရတာ ဖြစ်တဲ့အတွက် အသက်ရှင်သန်ခွင့်တွေလည်း သူတို့ဆုံးရှုံးနေတယ်။ ဒါ့အပြင် သူတို့ကလည်း သူတို့ကို လာရောက် တိုက်ခိုက်တာ ဖြစ်တဲ့အတွက် လက်နက်ပေးထားတဲ့အတွက် သူတို့က တိုက်ခိုက်တဲ့အခါ တော်လှန်ရေးအင်အားစုတွေအတွက် ထိခိုက်တာမျိုး ရှိပါတယ်ဗျ။ ဒီလို ဆိုးဆိုးဝါးဝါး ၂၀၂၅ မှာ ကြုံရတာဖြစ်တဲ့အတွက် အခုလိုမျိုး ကျွန်တော်တို့ဘက်က အသိပေး ထုတ်ပြန်ရခြင်း ဖြစ်ပါတယ်။ ဒီလို ကိစ္စရပ်တွေကို တားဆီးနိုင်မယ့် အခြေအနေတွေ လက်ရှိမှာ အချက်အလက်တွေ မရှိပေမယ့် ဒီလိုမျိုး ထုတ်ဖော်ပြောခြင်းအားဖြင့် အကျဉ်းသားတွေ မတရား အခိုင်းခံနေရတဲ့ အခြေအနေကို သိရှိစေချင်တယ်။ အခိုင်းခံရတဲ့ အခြေအနေကိုလည်း ထိန်းကျောင်းတဲ့ စစ်တပ်က အနီးနားရှိတဲ့အတွက် တော်တော်များများက သူတို့ကို ပြန်ခံပစ်ဖို့ သတ္တိအားနည်းတာမျိုးတွေလည်း တွေ့ရတယ်”ဟု ကိုသိုက်ထွန်ဦးက ပြောကြားသည်။
ယခုကဲ့သို့ အကျဉ်းသားများကို အတင်းအဓမ္မစစ်မှုထမ်းခိုင်းခြင်း၊ ဖမ်းဆီးအကျဉ်းချခံထားရသည့် စစ်တပ်နှင့်ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ရရန် စစ်တပ်တွင် တာဝန် ပြန်လည် ထမ်းဆောင်စေခြင်းများမှာ တရားမဝင်လုပ်ရပ်များကို ပေါ်ပေါ်တင်တင် ကျူးလွန်၍ အင်အားဖြည့်တင်းလာမှုကို အပြင်းအထန် ဆန့်ကျင်ကန့်ကွက်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ထုတ်ပြန်ထားသည်။
တိုက်ပွဲဒေသရှိ အကျဉ်းသားများကို စစ်ကောင်စီက လက်နက်တပ်ဆင်ပေး၍ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များအတွက် စေခိုင်းနေ

တိုက်ပွဲဖြစ်ပွားရာဒေသများရှိ အကျဉ်းထောင်အချို့တွင် စစ်ကောင်စီက အကျဉ်းသားများကို လက်နက် တပ်ဆင်၍ လုံခြုံရေးဆိုင်ရာကိစ္စရပ်များ လိုအပ်ပါက တိုက်ခိုက်ရေးကိစ္စရပ်များတွင် ပါဝင်ရန် စေခိုင်းမှု များရှိနေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM) က ယနေ့ မတ် ၁၄ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။
စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားရာဒေသများရှိ အကျဉ်းထောင်များမှ ရာဇဝတ်အကျဉ်းသားများကို ထောင်တွင်းခံစစ်ပြင်ဆင်ခြင်းအတွက် လက်နက်ကိုင် ကင်းစောင့်ခိုင်းခြင်း နှင့်တော်လှန်ရေးတပ်ဖွဲ့များမှ လာရောက်တိုက်ခိုက်ပါက စစ်သားများနှင့်အတူ ခုခံကာကွယ်ရန် စေခိုင်းခြင်းများ ပြုလုပ်နေ ကြောင်းသိရသည်။
“ပထမဦးဆုံးအနေနဲ့ သူတို့ရဲ့ဦးတည်ချက်ကတော့ တပ်မတော်မှာ တာဝန်ထမ်းဆောင်ပြီးမှ တပ်မတော်ရဲ့ ဂုဏ်သိက္ခာကိုအလွဲသုံးစားလုပ်တဲ့သူတွေ စည်းကမ်းဖောက်တဲ့သူတွေ စစ်ပြေးတွေကို ပြန်ခေါ်တာမျိုး ရှိတယ်။ ဒုတိယအဆင့်အနေနဲ့တော့ ရာဇဝတ်အကျဉ်းသားတွေထဲက နှစ်ကြီးသမားတွေကို လက်နက် ပေးကိုင်ပြီးမှ ထောင်ကိုလာတိုက်ခဲ့ရင် စစ်တပ်နဲ့အတူခုခံတိုက်ခိုက်မယ့်သူတွေအဖြစ် အသုံးပြုနေတာ တွေ့ရပါတယ်” ဟု PPNM မှ ကိုသိုက်ထွန်းဦးက ပြောသည်။
ကချင်ပြည်နယ်အတွင်းရှိ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) များထိုးစစ်ဆင်တိုက်ခိုက်နေသည့် ဗန်းမော် နှင့် မိုးညှင်းအကျဉ်းထောင်များမှ အကျဉ်းသားများကို စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့်အတူ ခံစစ်ကိုပူးတွဲလုပ် ဆောင်ခိုင်းထားခြင်းဖြစ်ကြာင်း သိရသည်။
ထို့ပြင် စစ်ကောင်စီသည် အကျဉ်းသားများကို တိုက်ပွဲတွင် လက်နက်တပ်ဆင် အသုံးပြုခြင်းများကို ပြီးခဲ့သည့် ကရင်နီ တစ် လေးလုံးစစ်ဆင်ရေးအတွင်း လွိုင်ကော်ထောင်တိုက်ပွဲတွင် ပြုလုပ်ခဲ့ပြီး ဗိုလ်အဆင့်မှ ထောင်ကျစစ်သားများကို ပြစ်ဒဏ်ဖျက်သိမ်း ပေးမည်ဆိုကာ မူလရာထူး(ယာယီ)ပေး၍ တိုက်ပွဲတွင် ပါဝင်တိုက်ခိုက်ခိုင်းခြင်းများ ရှိခဲ့ဖူးကြောင်း PPNM ထံက သိရသည်
“တချို့ကလည်း နှစ်များစွာကျမယ့်သူတွေအတွက်က ဒီလိုတစ်ပွဲ နှစ်ပွဲ ဝင်တိုက်ပြီး သူတို့အသက်ရှင်ရင် လွတ်မြောက်နိုင်မှာဖြစ်တဲ့အတွက် ရွေးချယ်ကြတာရှိသလို အချို့လွတ်ခါနီးသူတွေကျတော့လည်း ဒါမျိုးကိုမရွေးချယ်ချင်ကြဘူး။ သို့သော်လည်း အမိန့်ပေးလာတဲ့အခြေအနေမှာ မဖြစ်မနေလုပ်ကြရတာ မျိုးရှိပါတယ်” ဟု ရာဇဝတ်အကျဉ်းသားများ၏ အခြေအနေနှင့်ပတ်သတ်၍ ကိုသိုက်ထွန်းဦးက ဆက်လက် ပြောသည်။
စစ်ကောင်စီက ယခုကဲ့သို့ ပြစ်ဒဏ်ကျစစ်ကောင်စီအဖွဲ့များကို ပြစ်ဒဏ်ကင်းလွတ်ခွင့်ဖြင့် တိုက်ပွဲတွင် ပါဝင်ခိုင်းခြင်းများ၊ ရာဇဝတ်အကျဉ်းသားများကို သုံးကာ ခံစစ်ပြင်ဆင်ခြင်းများသည် တရားမဝင် လုပ်ရပ်များ ဖြစ်သည့်အတွက် ဆန့်ကျင်ကန့်ကွက်ကြောင်း PPNM ကထုတ်ပြန်ထားသည်။
ဓာတ်ပုံ- အကျဉ်းသားများ၏ ရုံးထုတ်မြင်ကွင်း။ (ပုံအဟောင်းဖြစ်ပါသည်။)


Leave a Reply