ဒီနေ့တော့ စစ်ရေးအရ အရမ်း အရေးပါတဲ့ ညောင်ကျိုးစခန်းကို AA နဲ့ ပူးပေါင်းတပ်တွေ သိမ်းပိုက်လိုက်ပြီလို့ သတင်းတွေမှာ ဖော်ပြပါတယ်။
ညောင်ကျိုးဟာ ဘာကြောင့် စစ်ရေးအရ အရေးပါတယ်လို့ ပြောရသလဲဆိုရင် ညောင်ကျိုး ကျော်တာနဲ့ ဥသျှစ်ပင်နဲ့ ပြည်၊ အောင်လံဘက်ကိုရောက်ပြီ။ စစ်ရှုံးကောင်စီရဲ့ လူသတ်လက်နက်တွေ ထုတ်နေတဲ့ ကပစ စက်ရုံ ၂၅ ရုံထဲမှာ ၉ ရုံက အဲဒီမြို့ ၃ မြို့ အနီးမှာ ရှိပါတယ်။ ဒါကြောင့် ဒီ ၃ မြို့ကို ထိန်းချုပ် လိုက်ရင်ပဲ အကြမ်းဖက် စစ်တပ်ရဲ့ လက်နက် ထုတ်လုပ်မှု ၃ ပုံ ၁ ပုံ မက လျော့သွားလိမ့်မယ်။
တကယ်တော့ ညောင်ကျိုးကို တိုက်ရတာ တကယ့် မြို့သိမ်း တိုက်ပွဲအကြီးကြီး တိုက်သလို တိုက်ခဲ့ရတာ။ စစ်ရှုံးကောင်စီဟာ စစ်မှုထမ်း လူသစ်တွေ အပါအဝင် အင်အားရာချီ အသုံးပြုပြီး ဘန်ကာအကြီးကြီးတွေ၊ လက်နက်ကြီး အကုန်ဆင်ထားတာ။ အဲဒီစခန်း မတိုင်ခင် ရှေ့ကစခန်း မိုးထိတောင်ကို ဇန်နဝါရီ ၂၆ က သိမ်းခဲ့တာ ဆိုတော့ ဒီစခန်းကို တစ်လခွဲလောက် တိုက်ခဲ့ရတဲ့ သဘောပဲ။ အခု ဒီစခန်းရသွားပြီ ဆိုတော့ အနီးဆုံး ကပစ စက်ရုံဖြစ်တဲ့ ညောင်ခြေထောက်က ကပစ ၆ ကို ဆက်ပြီး သိမ်းနိုင်ပါတယ်။ အခုတောင် ကပစ ၆ က ထုတ်လုပ်မှုတွေ ရပ်သွားပြီလို့ သတင်း ကြားပါတယ်။
ဒီနေ့မှာ နောက်ထပ်ကြားရတဲ့ အောင်ပွဲသတင်းက ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်၊ ထိုင်း-မြန်မာ နယ်စပ်မှာရှိတဲ့ ပွိုင့် ၁၂၄၈ ပူလူတူ စခန်းကို KNU နဲ့ ပူးပေါင်းတပ်တွေ သိမ်းပိုက်လိုက်နိုင်တဲ့ သတင်းပဲ ဖြစ်ပါတယ်။ တော်လှန်ရေး တပ်တွေဟာ ဒီစခန်းကို သီတင်းပတ် နှစ်ပတ်လောက် တိုက်ယူခဲ့ရပြီး ရန်သူဟာ လေယာဉ်၊ ဒရုန်း၊ လက်နက်ကြီး တွေနဲ့ အခိုင်အမာ ခုခံခဲ့ပေမယ့် နောက်ဆုံးမှာ စစ်ရှုံးကောင်စီရဲ့ တပ်ဖွဲ့ဝင်တွေကို ထိုင်းနိုင်ငံထဲ ရုပ်ပျက် ဆင်းပျက် အသက်လု ထွက်ပြေး ကြရတဲ့အထိ တိုက်ခိုက် မောင်းထုတ် နိုင်ခဲ့ပါတယ်။
ကချင်ဘက်က ဗန်းမော် မြို့သိမ်းပွဲကလည်း ဆက်လက် ပြင်းထန်နေပြီး အခုဆိုရင် စကခ ၂၁ ရဲ့ ကာကင်း စခန်းတွေတောင် ကျသွားပြီလို့ သိရပါတယ်။ တပ်တစ်ခု တစ်ခုရဲ့ အကျယ်အဝန်းက မိုင်နဲ့ချီနေလို့ အချိန်ယူပြီး တိုက်နေရပေမယ့် ကြာလာလေလေ တော်လှန်ရေး တပ်တွေက အသာစီး ရလေလေ ဖြစ်နေတာကြောင့် စစ်ရှုံးကောင်စီဟာ တနိုင်းတို့၊ ဖားကန့်တို့ဘက်က တပ်တွေ၊ ဝါရာဇွပ်က မင်းဇေသန့်တို့ အုပ်စုတွေကို တိုက်ပွဲဖော်ပြီး လှုပ်ခိုင်းနေရ ပါတယ်။ ဒါပေမယ့် သူတို့ကလည်း တစ်ချက် တစ်ချက် အလစ်ဝင်တိုက်တာ လောက်သာ လုပ်နိုင်ပြီး KIA က counter ပြန်တိုက်ရင် အလောင်းတောင် မကောက်နိုင်ဘဲ ပြေးရရှာပါတယ်။

စကစဟာ ဒရုန်းတွေ ပိုသုံးလာနိုင်တယ် ဆိုပေမယ့် တကယ်တမ်း ထိရောက်မှုက အားနည်းသလို တော်လှန်ရေး တပ်တွေရဲ့ Jammer တွေကို မကျော်နိုင်လို့ ပြုတ်ကျတာ မနည်းပါဘူး။ စက်တပ် လေထီးတွေ သုံးပြန်တော့လည်း ပစ်ချခံရတာ ၇ စီးလောက် ရှိပြီလို့ ဆရာစိုးမင်း ရေးထားတာ တွေ့ပါတယ်။ ဒီရက်ပိုင်း စက်တပ် လေထီးတွေ ပစ်ချခံရတဲ့ သတင်း မကြာခဏ ကြားရပြီး လက်နက် သိပ်မကောင်းသေးတဲ့ အညာဒူဘိုင်း ဘက်မှာတောင် တစ်စင်း ပစ်ချခံရတယ်လို့ ကြားပါတယ်။ မော်ဒန်စစ်ပွဲတွေကို ဒုတိယ ကမ္ဘာစစ် လောက်က ဗျူဟာတွေနဲ့ ထွက်လာတဲ့ စကစရဲ့ ဥာဏ်ရည်ကိုတော့ သဘောကျမိပါတယ်။
နောက်ထပ် သိမ်းလက်စမြို့ တစ်မြို့က ချင်းပြည်နယ်၊ ဖလမ်းမြို့ပါ။ တစ်ခုတည်းသော လက်ကျန်စခန်း ဖြစ်တဲ့ ခလရ ၂၆၈ ကို အပြီးသတ် သိမ်းနိုင်ရင် ပွဲသိမ်းပြီဖြစ်လို့ တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။ လတ်တလော မှာတင် အဲဒီတပ်ထဲက လက်နက်ချလို့ အရှင်ဖမ်းမိတဲ့ စခတွေ ရှိနေပါတယ်။ ဖလမ်းဟာ စစ်ရှုံးကောင်စီ အနေနဲ့ ကုန်းလမ်းက လာဖို့ မဖြစ်နိုင်တော့တဲ့မြို့ ဖြစ်လို့ လေကြောင်းနဲ့ပဲ လူနဲ့ လက်နက်၊ ရိက္ခာတွေ လာလာပို့ပေး နေရပါတယ်။ တနေ့ကို အကြိမ် ၂၀ လောက် လေယာဉ်နဲ့ ဗုံးလာလာကျဲလို့ ဘယ်လောက် အသည်းအသန် ခုခံနေရတယ် ဆိုတာ သိနိုင်ပါတယ်။
အကြမ်းဖက် စစ်တပ်ဘက်က မိုးဗြဲနဲ့ တောင်ခမ်း ဘက်မှာတော့ စခန်းတချို့ ပြန်ရတယ်လို့ ကြားပါတယ်။ အဲဒီဘက်တွေက တော်လှန်ရေး တပ်တွေရဲ့ ထိုးစစ်အရှိန် ကျလာတဲ့ အချိန်မှာ စစ်တပ် ဘက်က တန်ပြန် ထိုးစစ်နဲ့ နယ်မြေတချို့ ပြန်သိမ်းလိုက် နိုင်ပုံရပါတယ်။ စစ်ဆိုတာကတော့ ဗျူဟာအရ အဆုတ်အတက် ရှိမှာဖြစ်လို့ စိုးရိမ်စရာတော့ သိပ်မရှိပါဘူး။ အဲဒီဘက်မှာ သူတို့ နည်းနည်း သာသယောင် ဖြစ်နေပေမယ့် လက်နက် ပြည့်စုံလာတဲ့ အညာဘက်နဲ့ မြေလတ်ပိုင်းမှာ တော်လှန်ရေး တပ်တွေဟာ သိသိသာသာကို အသာစီး ရလာနေ ပါတယ်။
နွားထိုးကြီးမှာ ဆိုရင် တပ်ရင်း တစ်ရင်းစာ အင်အား ၂၀၀ ကျော်ပါတဲ့ စစ်ကြောင်းကြီး ကိုတောင် အတုန်းအရုန်းနဲ့ တပ်ပျက်ပြီး ထွက်ပြေး ရတဲ့အထိ တိုက်နိုင်ခဲ့တာ တွေ့ရပါတယ်။ ဒါကြောင့် အဲဒီဘက်မှာ အလိုလို သွေးပျက်ပြီး လာလာ အလင်းဝင် ကြတဲ့ စခတွေ မနည်းမနောပါပဲ။ တိုက်ပွဲတွေက ပုဂံနားအထိ ရောက်လာနေပြီ ဖြစ်ပြီး ညောင်ဦး မြို့နယ်ထဲမှာပါတဲ့ ငသရောက်မြို့ အနီးမှာ တိုက်ပွဲ ဖြစ်နေကြောင်း တွေ့ရပါတယ်။ ရှုံးမဲမဲနေတဲ့ စစ်ရှုံးကောင်စီဟာ သူတို့ လက်လွှတ် ထားရတဲ့ စဉ့်ကူးမြို့နယ်၊ လက်ပန်လှ ရွာက သာမန် အရပ်သားတွေနဲ့ စည်ကားနေတဲ့ စျေးတန်းကို အကြောင်းမဲ့ ဗုံးကျဲ တိုက်ခိုက်ခဲ့ပါတယ်။
MOD ကတော့ အညာက တပ်မှူးတွေကို စနစ်တကျ သင်တန်းပေးပြီး မဟာမိတ်တွေနဲ့အတူ ပြည်လုံးကျွတ် ထိုးစစ်ကို ဆင်နွှဲဖို့ လေသံပစ် လိုက်ပါတယ်။ တစ်ဆက်တည်း မှာပဲ မကွေးတိုင်းထဲက တပ်တွေကို KIA ရဲ့ အမှတ် ၁ စစ်ဒေသ အောက်ကနေ မဟုတ်ဘဲ MOD က တိုက်ရိုက် ကွပ်ကဲမယ် လို့လည်း သတင်း ထွက်ပါတယ်။ အဲဒီတပ်တွေကို လက်စွမ်းထက်နေတဲ့ ERO တစ်ဖွဲ့နဲ့ ပူးပေါင်းပြီး စစ်ရေးဖော်ဆောင်မယ် လို့ပါ ကြားရပါတယ်။ ကြားထားတဲ့ အတိုင်း တကယ် ဖြစ်လာနိုင်မလား ဆိုတာကတော့ စောင့်ကြည့်ရမှာပါပဲ။
ဇင်သော်နိုင်


Leave a Reply