ဖလမ်းမြို့သိမ်း တိုက်ပွဲတွင် ခလရ ၂၆၈ တပ်ရင်းမှ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး ဝေလင်းထွန်းနှင့် ဒုတပ်ရင်းမှူး အောင်သီဟ တို့သေဆုံး၊ မိသားစုက အလောင်းပြန်မရဘဲ နာရေးလုပ်ရ

ချင်းပြည်နယ်၊ ဖလမ်းမြို့ တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်၏ ခလရ ၂၆၈ တပ်ရင်းမှ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး ဝေလင်းထွန်းနှင့် ဒုတပ်ရင်းမှူး အောင်သီဟ တို့သေဆုံးခဲ့ကြောင်း တပ်သတင်းရင်းမြစ်နှင့် CDM ဗိုလ်ကြီး ဇင်ယော်က ပြောဆိုသည်။

မတ်လ ၁၇ ရက်နေ့တွင် ဖလမ်းမြို့ ခလရ ၂၆၈ တပ်ရင်း၌ ဖြစ်ပွားသော တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်မှ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး ဝေလင်းထွန်းနှင့် ဒုတပ်ရင်းမှူး အောင်သီဟတို့ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ခလရ ၂၆၈ က တပ်ရင်းမှူး ၁၇ ရက်နေ့က ကျသွားပါတယ်။ သူ့အမျိုးသမီးကတော့ ကျန်းမာရေး အကြောင်းပြပြီး ဖလမ်းတပ်ထဲ လိုက်မနေဘူး။ သူ့ဇာတိ မော်လမြိုင်မှာပဲ နေတယ်လို့ သိရတယ်။ တပ်ရင်းမှူးအပြင် ဒုတပ်ရင်းမှူး အောင်သီဟလည်း ကျတယ်” ဟု CDM ဗိုလ်ကြီး ဇင်ယော်က ပြောဆိုသည်။

လက်ရှိအချိန်တွင် မော်လမြိုင်မြို့ရှိ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး ဝေလင်းထွန်း၏ အမျိုးသမီးက ၎င်းနေအိမ်၌ နာ ရေး လုပ်ဆောင်နေကြောင်း၊ ထို့ကြောင့် တပ်ရင်းမှူး ဝေလင်းထွန်း ကျဆုံးသတင်းကို အတည်ပြုနိုင်ခဲ့ကြောင်း CDMဗိုလ်ကြီး ဇင်ယော်က ဆက်လက်ပြောဆိုသည်။

ဖလမ်းမြို့သိမ်းတိုက်ပွဲတွင် ခလရ ၂၆၈ တပ်ရင်းမှ ဒုတိယတပ်ရင်းမှူး အောင်သီဟ သေဆုံးသွားမှုကိုလည်း တပ်သတင်းရင်းမြစ်က အတည်ပြုပြီး ၎င်းနှင့်နီးစပ်သော ဆွေမျိုးသားချင်း တစ်ဦးကလည်း ထပ်မံ အတည်ပြုသည်။

“ဒုတပ်ရင်းမှူး အောင်သီဟက ရန်ကုန်၊ ထောက်ကြန့်တပ်က ရာထူးတိုးပြီး ဖလမ်းကို ပြောင်းသွားတာ။ ပထမ လက် မောင်းကို ကျည်ထိတယ်။ နောက်တော့ လက်ပစ်ဗုံး မှန်ပြီး သေဆုံးပါတယ်။ မိသားစုဆီကိုတော့ အလောင်း ပြန်မပို့ပါဘူး။ ဖလမ်းတပ်ထဲမှာပဲ သဂြိုလ်လိုက်တယ်” ဟု ဆွေမျိုးသားချင်းတစ်ဦးက ရှင်းပြသည်။

မတ်လ ၁၁ ရက်နေ့ နံနက် ၅ နာရီခန့်တွင် ဖလမ်းမြို့ရှိ တော်လှန်ရေးတပ်ဖွဲ့များ ထိန်းချုပ်ထားသော ဘုရားကျောင်း ကုန်း နှင့် ဆေးရုံကုန်းတို့ကို အကြမ်းဖက် စစ်ကောင်စီတပ်က လေကြောင်း ပစ်ကူယူကာ ထိုးစစ်ဆင် တိုက်ခိုက်လာခြင်းကြောင့် တိုက်ပွဲစတင်ဖြစ်ပွားပြီး ခလရ ၂၆၈ တပ်ရင်းကို အပြီးသတ် သိမ်းပိုက်နိုင်ရေး တန်ပြန်ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ- ဖလမ်းမြို့ အခြေစိုက် ခလရ ၂၆၈ စစ်ကြောင်း။ (ပုံအဟောင်းဖြစ်ပါသည်။)

အချစ်စာပေများဖတ်ရန်

မြန်မာစာတန်းထိုးဇာတ်ကားများကြည့်ရန်


Leave a Reply

Your email address will not be published. Required fields are marked *