ငလျင်ဒဏ်ကြောင့် ပြိုကျခဲ့ရတဲ့ စစ်အုပ်စုရဲ့ထောက်တိုင် ခရိုနီတစ်ဦးဖြစ်တဲ့ လီဆန်းရှင်း (ခ) ဦးတင်မောင် ပိုင်ဆိုင်တဲ့ မန္တလေးမြို့က ဂရိတ်ဝေါ ဟိုတယ်ကိစ္စဟာ ပိတ်မိနေသူတွေရဲ့ အလောင်းတွေ ရှာတွေ့ပြီးတဲ့နောက်မှာ မြန်မာပြည်သူလူထုအကြား ဝေဖန်မှု ပိုမို ကျယ်လောင်လာပါတယ်။
ဂရိတ်ဝေါဟိုတယ်မှာ ပိတ်မိနေခဲ့တဲ့ အသက်ရှင်နေသူတွေကို ငလျင်လှုပ်ခတ်ပြီးနောက် မတ်လ (၃၀) ရက်နေ့မှာ ရှာဖွေကယ်ဆယ်ရေး စတင်ပြုလုပ်ခဲ့ပြီး နောက်တစ်နေ့ မတ်လ (၃၁) ရက်နေ့မှာတော့ ဟိုတယ်ဘက်က ရှာဖွေကယ်ဆယ်ရေး ရပ်ဆိုင်းခဲ့ပါတယ်။ ရှာဖွေကယ်ဆယ်ရေး လုပ်နေသူတွေက ဟိုတယ်မှာ တည်းနေသူတွေရဲ့ တန်ဖိုးကြီး ပစ္စည်းများကို ခိုးယူနေတာကြောင့် ရပ်ဆိုင်းလိုက်တာဖြစ်ကြောင်း ဟိုတယ်ဘက်က အကြောင်းပြခဲ့ပြီး ဟိုတယ်ကို ရဲနှင့် ပျူသူ့စစ်တွေက လုံခြုံရေး ယူပေးထားခဲ့ပါတယ်။
ဒါပေမယ့် ဟိုတယ်ထဲမှာ အသက်ရှင်လျက် ပိတ်မိနေသူတွေရဲ့ မိသားစု၀င်တွေက ငိုယိုတောင်းပန်နေသည့် Video များ ပျံ့နှံ့လာပြီးနောက်မှာတော့ ဧပြီလ (၃) ရက်နေ့မှာ တရုတ်ကယ်ဆယ်ရေးအဖွဲ့တွေနဲ့ ဒေသခံအဖွဲ့ အချို့ကို ဟိုတယ်ဘက်က ရှာဖွေကယ်ဆယ်ရေး ပြန်လုပ်ခွင့် ပေးခဲ့ပါတယ်။ ပြန်လုပ်ခွင့် ပေးခဲ့ပေမယ့် ဟိုတယ်ရဲ့ အဓိက ပြိုကျခဲ့တဲ့ တည်းခိုသူများတဲ့ဘက်ခြမ်းကို ခွင့်မပြုခဲ့ပဲ တည်းခိုသူနည်းတဲ့ဘက်ခြမ်းကိုသာ ခွင့်ပြုခဲ့ပါတယ်။ အခုလို နောက်ကျမှ ပြန်လည်ခွင့်ပြုခဲ့တာကြောင့် အသက်ရှင်လျှက် ပိတ်မိနေသူတွေဟာလည်း မသေဆုံးသင့်ပဲ သေဆုံးခဲ့ရပါတယ်။
အဲဒီနောက်ပိုင်းမှာ ဟိုတယ်ထဲကနေ လူသေအလောင်း (Dead Body) အများအပြား တွေ့ခဲ့ရကြောင်း သတင်းတွေ ဆက်တိုက်ထွက်ပေါ်လာပေမယ့် တည်းခိုသူအရေအတွက်နဲ့ အချက်အလက်ကို ဟိုတယ်ဘက်က ထုတ်ပြန်မပေးခဲ့ပါဘူး။ မီဒီယာတွေထံမှတစ်ဆင့် သိရတဲ့ အတည်ပြုနိုင်ထားတဲ့ ပိတ်မိနေဆဲ မြန်မာနိုင်ငံသားစာရင်းဟာလည်း လူဆယ်ဂဏန်း ၀န်းကျင်သာရှိပါတယ်။ ဆိုတော့ ကျန်တဲ့ပိုင်ရှင်မဲ့ အလောင်းတွေက ဘယ်သူတွေပါလဲ??
၎င်းဟိုတယ်မှာ တရုတ်နိုင်ငံသား ကျောက်မျက်လုပ်ငန်းရှင်တွေလည်း တည်းခိုနေကြကြောင်း သတင်းထွက်ပေါ်လာခဲ့ပေမယ့် တရုတ်နိုင်ငံဘက်ကလည်း ၎င်းနိုင်ငံသား ဘယ်လောက်အထိ အဆိုပါ ဟိုတယ်မှာ ပိတ်မိနေတယ်ဆိုတာကို သတင်းထုတ်ပြန်ခြင်း မရှိပါဘူး။
မန္တလေး ဒေသခံတွေကတော့ သေဆုံးသူ ပိုင်ရှင်မဲ့အလောင်း အများစုဟာ ၎င်းဟိုတယ်မှာ နေထိုင်ပြီး ကျားဖြန့်လုပ်ငန်း လုပ်ကိုင်နေတဲ့ တရုတ်တွေဖြစ်ကြောင်း…
ဒီဟော်တယ်ကို ကယ်ဆယ်ရေးမလုပ်ရန်တားမြစ်ထားတဲ့ရိုးသားမှု့မရှတဲ့ရက်စက်တဲ့
လူယုတ်မာတစ်ဦးအကြောင်း…သိစေရန်
စစ်အုပ်စုရဲ့ ဒေါက်တိုင်များထဲက တစ်ယောက် (သို့မဟုတ်) ဂရိတ်ဝေါ ဦးတင်မောင်

ဂရိတ်ဝေါကုမ္ပဏီလို့ဆိုလိုက်ရင် မြန်မာနိုင်ငံမှာတော့ မသိသူမရှိလောက်အောင်ပါပဲ။
အထူးသဖြင့် မြန်မာပြည်အထက်ပိုင်းကလူတွေ ပိုသိတဲ့အမည်နာမတစ်ခုလည်း ဖြစ်ပါတယ်။ နာမည်ကောင်းနဲ့ ကျော်ကြားတာမျိုးတော့မဟုတ်ပါဘူး။ နာမည်ဆိုးနဲ့ကျော်ကြားတာပါ။ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ အဲ့ဒီကုမ္ပဏီရဲ့ နောက်ကွယ်က ဦးဆောင်ချုပ်ကိုင်နေသူက တရုတ်လူမျိုး တစ်ဦးပါ။ မြန်မာနိုင်ငံကို အာဏာမသိမ်းခင်က ယခင်နဝတအစိုးရလက်ထက် တရုတ်နယ်စပ်တလျောက် အထူးဒေသတွေဖွဲ့၊ ငြိမ်းချမ်းရေးအတွက်ဆိုပြီး မှတ်ပုံတင်တွေလုပ်ပေးတဲ့အချိန်မှာ တရုတ်နိုင်ငံသား တစ်ယောက်ဖြစ်တဲ့ လီဆန်းရှင်းဟာ ဦးတင်မောင်ဆိုတဲ့ မြန်မာနိုင်ငံသားတစ်ဦး ဖြစ်လာခဲ့ပါတယ်။ ဒါဟာ ဂရိတ်ဝေါကုမ္ပဏီရဲ့ အစပါပဲ။
လီဆန်းရှင်းလို့ အမည်ရတဲ့ ဦးတင်မောင်ဟာ စစ်အစိုးရလက်ထက်မှာ ခရိုနီတစ်ယောက်ဖြစ်လာခဲ့ပြီး စစ်အစိုးရလက်ထက် လယ်ယာမြေပေါင်းများစွာနဲ့ သစ်တောတွေကို အပြောင်ရှင်းခဲ့တဲ့သူတစ်ယောက် ဖြစ်ပါတယ်။ ဦးတင်မောင်ရဲ့ ဂရိတ်ဝေါဟာ အစပိုင်းမှာ မန္တလေးတိုင်းမှူးနဲ့ပေါင်းပြီး မန္တလေးမှာ လုပ်ကွက်ပေါင်းများစွာ ရခဲ့ပါတယ်။ စစ်ကိုင်းတိုင်းထဲက သစ်တောဧကပေါင်းများစွာကို ကြံစိုက်ပျိုးမြေအဖြစ် သိမ်းယူရခဲ့တဲ့နောက်ပိုင်းမှာ ဦးတင်မောင်ရဲ့ဂရိတ်ဝေါဟာ ခြေလှမ်းကြဲလာပါတော့တယ်။
သစ်တောတွေကထွက်လာတဲ့သစ်တွေနဲ့ ငွေကြေးအမြောက်အများရခဲ့တဲ့ ဦးတင်မောင်ဟာ မန္တလေး ၇၈ လမ်းမကြီးပေါ်က ရထားပိုင်မြေပေါ်မှာ စီမံကိန်းအကြီးစားတစ်ခုကို ထပ်ချဲ့ပြန်ပါတယ်။ အဲ့ဒီမြေဟာ ရထားပိုင်မြေဆိုပေမဲ့ စည်ပင်ကသိမ်းထားတာြဖစ်တာမို့ မန္တလေးမြို့တော်စည်ပင် သာယာရေး ကော်မတီနဲ့ လက်ဝါးချင်းရိုက်ပြီး သိမ်းလိုက်တဲ့သဘောပါပဲ။ ခွင့်ပြုစီမံကိန်းက လူနေဆိုင်ခန်းတွေဖြစ်ပေမဲ့ တကယ်တမ်းမှာ ဂရိတ်ဝေါဟိုတယ်၊ တော်ဝင်နှင်းဆီဆေးရုံနဲ့ အခြားတန်ဖိုးကြီးအိမ်ရာတွေ ဆောက်လုပ်ခဲ့တာပါ။ သူပိုင်ဟိုတယ်ရဲ့ အနောက်ဘက်က ရေမြောင်းကို ကွန်ကရစ်နဲ့အသေပိတ်ပြီး ကျူးကျော်ထားတာမို့ ငွေတချောင်းမြောင်းကနေ ဂရိတ်ဝေါမြောင်းလို့ နာမည်အသစ်တွင်သွားတဲ့အထိ လုပ်ခဲ့သူပါ။ ဒီလုပ်ရပ်တွေကြောင့် မြို့တော်ဝန်က ဆေးရုံကိုသိမ်းယူခဲ့ပေမယ့် သိပ်မကြာခင်မှာပဲ တရားလွှတ်တော်ချုပ်ရုံးက ဒီလိုသိမ်းဆည်းတာဟာ တရားဥပဒေနဲ့ မညီညွတ်ဘူးဆိုပြီး ဆေးရုံကိုပြန်ပေးခဲ့ပါတယ်။
မန္တလေးလိုမြို့ကြီးရဲ့ အထင်ကရနေရာမှာ ခွင့်ပြုမိန့်ထက်ကျော်လွန်ပြီး စိတ်တိုင်းကျ ထင်သလိုဆောက်လုပ်ခဲ့တာဖြစ်ပေမဲ့ အဲ့ဒီအချိန်က အာဏာလက်ဝယ်ရှိတဲ့ တာဝန်ရှိသူတွေ ဘယ်သူမှ မတားဆီးနိုင်ခဲ့ကြပါဘူး။ ဒါကို ထောက်ချင့်ကြည့်မယ်ဆိုရင် ဂရိတ်ဝေါဦးတင်မောင်ရဲ့ ပေါက်ရောက်မှု အတိုင်းအတာကို ခန့်မှန်းနိုင်ပါတယ်။ ဒါ့အပြင် ၁၈ နှစ်ကျော်ကြာအောင် အခွန်တိမ်းရှောင်မှု ပြုလုပ်ခဲ့တဲ့ အမှုမှာလည်း ဘယ်လိုက ဘယ်ပုံဖြစ်တယ် မသိရပေမယ့် လွတ်အောင်ရှောင်ခဲ့ပြန်ပါသေးတယ်။ အရှောင်အတိမ်း ကောင်းလွန်းလှတဲ့သူ့ကို မန္တလေးတိုင်းဒေသကြီး အစိုးရကို အိတ်ထောင်ထဲထည့်ထားသူလို့ ပြောစမှတ်ပြုရလောက်အောင် မန္တလေးမှာ သူ့ရဲ့ စီးပွားရေး အင်ပါယာက ကြီးမားလွန်းပါတယ်။ အင်ပါယာက ဘယ်လောက်ထိကြီးမားသလဲဆိုရင် စစ်ကိုင်းတိုင်းအတွင်း တကောင်း၊ ထီးချိုင့်၊ ကသာ၊ ရွေကူ စတဲ့မြို့နယ်တွေမှာ မြေဧက ၄ သိန်းကျော်ကို အသာလေးအိပ်ထောင်ထဲ ထည့်ထားနိုင်ခဲ့သူပါ။

ဒီလိုအဂတိလိုက်စားမှုတွေ တပုံကြီးနဲ့ ခရိုနီကြီးကို ၂၀၁၃ ခုနှစ်မှာ သမ္မတ ဉီးသိန်းစိန်က “ နိုင်ငံ့စွမ်းဆောင်ရည်ဆု ” ပေးအပ်ခဲ့လို့ ဆန္ဒပြမှုတွေဖြစ်ပေါ်ခဲ့ပါသေးတယ်။ အဲ့ဒီတုန်းက ဂုဏ်ပြုဆုရရှိသူအများစုဟာ ဦးတင်မောင်နဲ့ မခြားနားတဲ့ ခရိုနီတွေပဲဖြစ်ပါတယ်။ ဂရိတ်ဝေါဦးတင်မောင်ဟာ သူ့ကိုလုပ်ကိုင်ခွင့်ပေးထားတဲ့ စစ်ကိုင်းတိုင်းထဲက သစ်တော ဧကပေါင်း ၈ သိန်းကျော် ကို နှစ်အပိုင်းအခြားလေးအတွင်းမှာ ပြောင်ထွက်သွားအောင် လုပ်ပစ်လိုက်သူပါ။ ထီးချိုင့်မြို့၊ မောင်းကုန်းကျေးရွာမှာ ဂရိတ်ဝေါသကြားစက်နဲ့ သစ်အချောထည်စက်ရုံဆောက်ထားပြီး သံယံဇာတတင်မက ဒေသခံတွေဆီကပါ ကုပ်သွေးစုပ် အမြတ်ထုတ်နေတာဖြစ်ပါတယ်။
ဂရိတ်ဝေါဦးတင်မောင်ဟာ ကသာနဲ့ ထီးချိုင့်ကြားမှာ နီကယ်စက်ရုံ ဆောက်လုပ်ထားပါသေးတယ်။ ဒီစက်ရုံအတွက် သီးသန့်မဟာဓာတ်အားလိုင်းတစ်လိုင်း သွယ်တန်းပေးရတဲ့အထိ စစ်အစိုးရ အသိုင်းအဝိုင်းအတွင်း ပေါက်ရောက်ခဲ့သူပါ။
သကြားထုတ်လုပ်ဖို့အတွက် ကြံစိုက်ရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ စစ်ကိုင်းက သစ်တောတွေကို အကြိုက်ခုတ်ခဲ့တာတင်မကပါဘူး ထီးချိုင့်မြို့နယ်၊ မောင်းကုန်းကျေးရွာအုပ်စုထဲမှာ သကြားထုတ်လုပ်တဲ့ စက်ရုံ၊ အရက်ချက်စက်ရုံနဲ့ သစ်ပါးလွှာစက်ရုံတွေ တည်ဆောက်ထားပြီး ဧရာဝတီမြစ်ထဲကို ရေဆိုးစွန့်ထုတ်မှုတွေရှိတယ်လို့လည်း ဆိုကြပါတယ်။
၂၀၁၅ ခုနှစ်တုန်းက မြန်မာနိုင်ငံမှာ ဟိုးလေးတကျော်ကျော်ဖြစ်ခဲ့တဲ့ တရုတ်နိုင်ငံသားတွေက လိင်ပိုင်းဆိုင်ရာ တရားမဝင် ခွဲစိတ်ဆေးခန်းဖွင့်ဖို့ ကူညီတယ်လို့ နာမည်ထွက်ပေမယ့် အမှန်တကယ်မှာတော့ သူ့ရဲ့ တော်ဝင်နှင်းဆီဆေးရုံကနေ လက်ခွဲအဖြစ် တရုတ်နိုင်ငံသားတွေကို ခေါ်ယူဖွင့်လှစ်ထားတာဖြစ်တယ်ဆိုတဲ့ ပြောဆိုမှုတွေလည်း ရှိခဲ့ပါတယ်။ ဒီအမှုမှာ ဉီးတင်မောင်ဟာ ကျန်းမာရေးကိစ္စနဲ့ ခရီးသွားနေတယ်ဆိုပြီး အထောက်အထားတွေတင်ပြခဲ့တာကြောင့် တရားစွဲဆိုခံရမှုကနေ ကင်းလွတ်သွားခဲ့ပါတယ်။ အဲ့ဒီအချိန်မှာ ဉီးတင်မောင်ဟာ အမှန်တကယ် ခရီးထွက်သွားခဲ့တာဖြစ်ပေမယ့် စင်ကာပူမှာ စည်းစိမ်အပြည့်နဲ့နေထိုင် ရှောင်တိမ်းခဲ့တာဖြစ်တယ်လို့ ဆိုကြသလို မန္တလေးမှာပဲရှိနေခဲ့တယ်ဆိုတဲ့ သတင်းတွေလည်း ရှိနေပါတယ်။
ဦးတင်မောင်ဟာ အင်အားကြီးရုံတင်မကပါဘူး ရက်စက်လွန်းသူလည်း ဖြစ်ပါတယ်။ မန္တလေးတိုင်း၊ မတ္တရာမြို့နယ်က အနာကြီးရောဂါသည်ပိုင် မြေဧက ၂၀၀ ကျော်ကို စစ်အစိုးရရဲ့ ကျန်းမာရေးဝန်ကြီးဌာနနဲ့ပေါင်းပြီး သိမ်းလိုက်တဲ့အထိ ဆိုးဝါးရက်စက်ခဲ့တာကြောင့် NLD အစိုးရလက်ထက်မှာ မန္တလေးတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က အခမ်းအနားနဲ့တကွ ပြန်လည်စွန့်လွှတ်ပွဲ ပြုလုပ်စေခဲ့ရပါတယ်။ ဒါပေမယ့် ဒီလိုလုပ်ဆောင်နိုင်ဖို့ ဦးတင်မောင်နဲ့ အများကြီးညှိနှိုင်းပြောဆိုခဲ့ရတယ်ဆိုတဲ့ သတင်းတွေလည်း ရှိခဲ့ပါတယ်။
ဂရိတ်ဝေါနဲ့ပတ်သက်တဲ့ မကောင်းသတင်းတွေ၊ တရားစွဲဆိုမှုတွေ ဆက်တိုက်ဖြစ်ပေါ်ခဲ့ပေမယ့် သူကတော့ လူမြင်ကွင်းကနေ ပျောက်ချက်သားကောင်းနေခဲ့ပါတယ်။ လူကပျောက်နေခဲ့ပေမယ့် ၂၀၁၉ မှာ မြန်မာနိုင်ငံရဲ့ လျှပ်စစ်စွမ်းအင်လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ဖို့ ဇီဝလောင်စာနဲ့ လျှပ်စစ်ထုတ်လုပ်နိုင်တဲ့ Biomass Energy စက်ရုံတွေ တည်ထောင်မယ်ဆိုပြီး သတင်းလွှင့်ခဲ့ပြန်ပါတယ်။
အာဏာသိမ်းခါနီး ၂၀၂၁ ဇန်နဝါရီ ၂၂ ရက်မှာတော့ စစ်ကိုင်းတိုင်းထဲက လယ်မြေတချို့ကို လှူဒါန်းမယ်ဆိုပြီး ဘွားကနဲပေါ်လာခဲ့ပြီးတဲ့နောက် မကြာခင်မှာ အာဏာသိမ်းမှုဖြစ်လာခဲ့တော့တာပါပဲ။ ဒါက ဆက်စပ်မှု ရှိ၊ မရှိ မပြောနိုင်ပေမယ့် အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ နာမည်ပျောက်သွားခဲ့တဲ့ ခရိုနီ တစ်ဦးလို့ပြောရင်လည်း မမှားပါဘူး။ အာဏာသိမ်းပြီးနောက်ပိုင်းမှာ ဦးတင်မောင်ကို စစ်ကောင်စီက ဖမ်းဆီးစစ်ဆေးတယ်ဆိုတဲ့ အသံတွေလည်းရှိပေမယ့် အတည်ပြုလို့ မရခဲ့ပါဘူး။
မည်သို့ပင်ဆိုစေ လီဆန်းရှင်း ခေါ် ဦးတင်မောင်ရဲ့ လက်တံတွေဟာ မြန်မာပြည်မှာ နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေဆဲဖြစ်ပြီး သံယံဇာတတွေ၊ လူ့အခွင့်အရေးတွေနဲ့ သဘာဝပတ်ဝန်းကျင်အပေါ် ကုပ်သွေးစုပ် အမြတ်ထုတ်နေတုန်းပဲ ဆိုတာကိုတော့ မေ့မထားစေချင်ပါဘူး။
၁။ မန္တလေးဂရိတ်ဝေါရှော့ပင်းစင်တာ
၂။ မန္တလေးဂရိတ်ဝေါဟိုတယ်
၃။ မန္တလေးတော်ဝင်နှင်းဆီဆေးရုံ
၄။ ၇၈ လမ်းပေါ်က လူနေဆိုင်ခန်းများ
၅။ ကသာသစ်အချောထည်စက်ရုံ
၆။ နီကယ်စက်ရုံ
၇။ သကြားချက်စက်ရုံ
၈။ အီသနောစက်ရုံ
၉။ ကျွန်းစိုက်ခင်းဧက ၈၀၀၀
၁၀။ တစ်ရှူးသုတေသနဓာတ်ခွဲခန်း
၁၁။ အကြီးမြန် ယူကလစ်စိုက်ခင်းများ
၁၂။ မန္တလေးသိပ္ပံလမ်းပေါ်မှ ယူကလစ်နဲ့ငှက်ပျော စိုက်ခင်း
၁၃။ နန်းတော်ဆေးရုံ
၁၄။ ရန်ကုန်မြို့ ဦးဝိစာရလမ်းပေါ်က နေအိမ်နဲ့ ကုမ္ပဏီရုံး
၁၅။ Great – Wall Tomorrow – Hi – Tech Agriculture Co.,Ltd (မြေဩဇာနဲ့ စပ်မျိုးစပါး)


Leave a Reply