အမ်း အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် ၏ နိဂုံး

မီးလောင် ကြေမွ ပျက်စီး နေသော ရခိုင်ပြည် အမ်း အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) အဆောက်အအုံများကို အာရက္ခတပ်တော် AA က ဗီဒီယိုနှင့်တကွ ဒီဇင်ဘာ ၁၇ ရက်နေ့ ညပိုင်းမှာ ထပ်မံထုတ်ပြန်လိုက်သည်။

ဒီဇင်ဘာလ ၆ ရက်နေ့တွင် AA က အမ်းဒေသတခုလုံးကို ထိန်းချုပ်နိုင်ပြီဟု ထုတ်ပြန်ခဲ့ပြီးနောက် တခုတည်းသာ ကျန်ရှိသော နောက်ဆုံးလက်ကျန် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် (နပခ) ကို AA က ထိုးစစ်ဆင် တိုက်ခိုက်နေသည်။

အဆိုပါ ဗီဒီယိုတွင် အမ်းမြို့ရှိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၏ အဆောက်အအုံ မီးလောင်နေပြီး တပ်မိသားစုဝင်များပါ အလံဖြူထောင်ထားသည်ကို AA က ဗီဒီယိုနှင့်တကွ ယမန်နေ့ ညပိုင်း ထပ်မံထုတ်ပြန် လိုက်ခြင်း ဖြစ်သည်။

ဒီဇင်ဘာလ ၁၆ ရက်နေ့ ပထမဦးဆုံး ထုတ်ပြန်သည့် ဗီဒီယိုတွင်မူ အလံဖြူထောင် လက်နက်ချသော စစ်သုံ့ပန်းများ၏ မြင်ကွင်းများကို အဓိက ထုတ်ပြန်ခဲ့ပြီးနောက် ဒီဇင်ဘာလ ၁၇ ရက်နေ့တွင် ဒုတိယအကြိမ် ထုတ်ပြန်လာခြင်းဖြစ်သည်။

“စောစော အလံဖြူထောင်လျှင် စောစော အသက်ရှင်ကျန်ရစ်စေမယ်၊ မိသားစု ဆွေမျိုးတို့နှင့် စောစောတွေ့ဆုံရလိမ့်မယ်” ဟု မြန်မာဘာသာ စာသားနှင့် ” No Early Surrender in White Flag , No Happy New Year -စောစောစီစီး အလံဖြူထောင် လက်နက်မချလျှင် ပျော်ရွှင်စရာနှစ်သစ် ရှိလိမ့်မည်မဟုတ်”ဆိုသော အင်္ဂလိပ်စာသားကိုလည်း ထည့်သွင်းထားသည်။

ရခိုင်ပြည်တွင် ၁၇ မြို့နယ် ရှိသည့်အနက် AA က လက်ရှိအချိန်အထိ မြို့နယ် ၁၃ မြို့နယ်ကို သိမ်းပိုက်ထားပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် နပခ ကိုမူ တစုံတရာ အတည်ပြု ထုတ်ပြန်ပြောဆိုခြင်းမျိုး မရှိသေးကြောင်း သိရသည်။

ပုံစာ- ရခိုင်ပြည် အမ်း အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) အဆောက်အအုံများကို တွေ့ရစဉ်။ ဓါတ်ပုံ- AA

Comments

Leave a Reply

Your email address will not be published. Required fields are marked *