တိုက်ခန်းထဲမှာ မီးစက်နှိုးထားပြီး လေအေးပေးစက်ဖွင့် အိပ်ကြလို့ ရန်ကုန်မြို့မှာ မိသားစုလိုက်သေဆုံးခဲ့ကြတဲ့ နာရေးဖြစ်စဥ် နှစ်ခု ၂၀၂၅ ခုနှစ် ဧပြီနဲ့ မေလထဲမှာ ဆက်တိုက်ဆိုသလိုဖြစ်ခဲ့ပါတယ်။
ပြတ်တောက်ချိန်များပြီး လာချိန်မမှန်တဲ့ လျှပ်စစ်မီးနဲ့ မြင့်တက်နေတဲ့ အပူဒဏ်တွေကိုအန်တုဖို့ မီးစက်တွေကို သုံးစွဲနေကြရပါတယ်။ အဲဒီ မီးစက်ကနေ ထွက်လာတဲ့ ဓာတ်ငွေ့တွေဟာ ရန်ကုန်မြို့က ကျဥ်းမြောင်းတဲ့ အလုံပိတ်တိုက်ခန်းတွေမှာ နေထိုင်ရသူတွေအတွက် သေဆုံးစေတဲ့အထိ ဖြစ်စေခဲ့တာပါ။
ဒါကို ကျန်းမာရေးဆိုင်ရာနားလည်တတ်ကျွမ်းသူတွေက ကာဗွန်မိုနောက်ဆိုဒ် (Carbon Monoxide-CO) အဆိပ်သင့်တာလို့ ကောက်ချက်ချထားကြပါတယ်။ CO ကို အသံတိတ်လူသတ်သမားလို့ ညွှန်းဆိုပြီး ဒါကို သတိထားဖို့ ကျန်းမာရေးဆိုင်ရာအသိပညာပေးတာတွေရှိလာပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ကျန်းမာရေးဝန်ကြီးဌာန အပါအဝင် ကျန်းမာရေး အသိပညာပေး စာမျက်နှာတွေကလည်း ကာဗွန်မိုနောက်ဆိုဒ် အဆိပ်သင့်တာနဲ့ပတ်သက်လို့ ဖြန့်ဝေလာကြပါတယ်။
ဘာ့ကြောင့် အသံတိတ်လူသတ်သမားလို့ ခေါ်ကြသလဲ
ကာဗွန်မိုနောက်ဆိုဒ်ဓာတ်ငွေ့ဟာ အငွေ့လည်း မမြင်ရ၊ အရောင်လည်း မရှိ၊ အနံ့လည်းမရပါဘူး။ ရှုရှိုက်မိချိန်မှာတောင် အဆိပ်သင့်လို့ သင့်မှန်း မသိလိုက်ချိန်မှာပဲ အသက်ဆုံးရှုံးတဲ့အထိ ဖြစ်နိုင်တာကြောင့်ပါပဲ။
ကာဗွန်မိုနောက်ဆိုက် ကို ရှူသွင်းလိုက်ရင် သူဟာ သွေးထဲဝင်သွားပြီး ဟီမိုဂလိုဘင် နဲ့ ပေါင်းကာ ကာဗွန်ဆီဟီမိုကလိုဘင် (Carboxyhemoglobin) ဖြစ်သွားပါတယ်။ ဟီမိုဂလိုဘင် ရဲ့သဘောက အောက်ဆီဂျင်ကို ကိုယ်ခန္ဓာ အစိတ်အပိုင်းတွေကို သယ်ဆောင်ပေးပါတယ်။
ကာဗွန်ဆီဟီမိုကလိုဘင် (Carboxyhemoglobin) ဖြစ်သွားရင် အောက်ဆီဂျင် သယ်နိုင်စွမ်းတွေ လျော့နည်းလာပါတယ်။ အောက်ဆီဂျင် မလုံလောက်မှုဟာ ဆဲလ်တွေကို ပျက်စီးစေပြီး သေစေနိုင်ပါတယ်။
လောင်စာတွေ မီးလောင်ကျွမ်းတဲ့အခါ ကာဗွန်မိုနောက်ဆိုက် ပါဝင်တဲ့ အခိုးအငွေ့တွေ ထွက်လာပါတယ်။ ကာဗွန်မိုနောက်ဆိုက် အိမ်အတွင်းမှာ ပိတ်မိခြင်းဟာ လူတွေနဲ့ တိရိစ္ဆာန်တွေအတွက် အန္တရာယ်ရှိပါတယ်။
ထင်း၊ မီးသွေး၊ ဓာတ်ဆီ၊ ရေနံဆီနဲ့ သဘာဝဓာတ်ငွေ့တွေ လောင်ကျွမ်းတာကနေ ဖြစ်ပေါ်လာတဲ့ ကာဗွန်မိုနောက်ဆိုဒ်(CO) ဓာတ်ငွေ့ဟာ အဲဒီလောင်စာတွေကို အသုံးပြုတဲ့ မီးစက်တွေ၊ မီးသွေးမီးဖိုတွေ၊ အပူပေးစက်တွေ၊ ကားအိပ်ဇောတွေ၊ ကျပ်ခိုးတွေ ပိတ်နေတဲ့ အိမ်တွင်း မီးလင်းဖိုတွေကနေ ထွက်ရှိလာတာ ဖြစ်တယ်လို့ NUG ကျန်းမာရေးဝန်ကြီးဌာန က ပညာပေး ထုတ်ပြန်ထားပါတယ်။
CO ဓာတ်ငွေ့ တွေကို ရှုရှိုက်မိတာကနေ ခန္ဓာကိုယ်ရဲ့ အောက်ဆီဂျင် သုံးစွဲမှုကို တားဆီးနိုင်ပြီး အဲဒီကနေမှ ဦးနှောက်၊ နှလုံးနဲ့ တခြား ကိုယ်တွင်းအင်္ဂါတွေကို ထိခိုက်စေနိုင်တာပါ။
မီးစက်ကို တိုက်ခန်းထဲထည့် နှိုးထားပြီး လေအေးပေးစက်ဖွင့် အိပ်ပျော်သွားကြချိန်မှာ အများစုက ဒီဓာတ်ငွေ့ကို ရှုရှိုက်မိနေမှန်း မသိ ရှုရှိုက်မိနေကြပါတယ်။
ခန္ဓာကိုယ်ထဲ လွယ်လွယ်ကူကူ ပျော်ဝင်နိုင်တဲ့ ဒီဓာတ်ငွေ့က ပမာဏနည်းနည်း ရှုမိရင်တောင် ရှုမိမှန်း မသိလိုက်ကြဘဲ ခန္ဓာကိုယ်က အောက်ဆီဂျင် ပြတ်လပ်သွားပါတယ်။ အဲဒီကနေ မူးဝေလာပြီး အိပ်ချင်လာတဲ့လက္ခဏာကနေ ဆက်တိုက်ရှုမိနေရင်း အသက်ဆုံးပါးတဲ့အထိ ဖြစ်နိုင်ပါတယ်။

” ဓာတ်ငွေ့က အသက်ရှုလမ်းကြောင်းထဲ စုဝင်လာပြီး သွေးနီဥနဲ့ သွားပေါင်းတာ၊ ပြီးတော့ အောက်ဆီဂျင်ကို ဖယ်ထုတ်လိုက်တယ်။ အဲဒီတော့ ခန္ဓာကိုယ်မှာ ဆဲလ်ရှိသမျှ နေရာတွေ အောက်ဆီဂျင်ပြတ်ပြီး ဆုံးတာပေါ့။ နှလုံးတို့၊ ကြွက်သားတို့ ဦးနှောက်တို့ပေါ့။ တဖြည်းဖြည်းနဲ့ သေသွားတာမို့လို့ အသံတိတ်လူသတ်သမားလို့ ခိုင်းနှိုင်းတာပေါ့”လို့ လုပ်ငန်းခွင် ကျန်းမာရေး ဆရာဝန်တစ်ယောက်က ပြောပါတယ်။
ဒါ့ကြောင့် အိပ်ပျော်နေတဲ့သူတွေ၊ အရက်မူးနေတဲ့သူတွေဟာ CO ဓာတ်ငွေ့ကို ရှုမိမယ်ဆိုရင် သတိပြုမိတဲ့အချိန် မရောက်ခင်မှာပဲ အသက်ဆုံးရှုံးနိုင်တဲ့အတွက် လူမသိလိုက်ဘဲ အသတ်ခံလိုက်ရသလို ဖြစ်တာလို့လည်း ကျန်းမာရေး ကျွမ်းကျင်သူတွေက ရှင်းပြထားတာပါ။
CO ဓာတ်ငွေ့ ရှုမိလို့ အဆိပ်သင့်တဲ့ လက္ခဏာတွေကတော့ ခေါင်းကိုက်၊ ခေါင်းမူး၊ အားနည်းနုံးခွေ၊ ပျို့အန်၊ မအီမသာဖြစ်တာ၊ နှလုံးခုန်မြန်တာ၊ အသက်ရှုမဝတာ၊ အသက်ရှုရ ခက်ခဲတာ၊ တက်တာ၊ ရင်ဘတ်အောင့်တာ၊ နှလုံးဖောက်တာ၊ ရုတ်တရက် နားမကြားတော့ဘဲ အမြင်အာရုံပါ ဝေဝါးလာတာ၊ သတိလစ်တာတွေ ဖြစ်ပြီး အသက်ဆုံးရှုံးနိုင်တယ်လို့ NUG ကျန်းမာရေးဝန်ကြီးဌာန က သတိပေးထားပါတယ်။
CO ကြောင့် သေဆုံးရတဲ့ မိသားတစ်စုနဲ့ သားအဖနှစ်ယောက်
ရန်ကုန်မြို့ ၊ စမ်းချောင်းမြို့နယ်၊ လင်းလွန်းတောင် ရွှေလောင်းလမ်းထဲက အသက် ၃၀ အရွယ် ဖခင်၊ ၂၅ နှစ်အရွယ် မိခင်၊ ၁၆ နှစ်အရွယ် ညီမ၊ ၈ နှစ်ရွယ် သားဖြစ်သူနဲ့ ခွေးလေးတစ်ကောင် တို့ဟာ တိုက်ခန်းထဲမှာ သေဆုံးခဲ့ကြပါတယ်။
တစ်မိသားစုလုံးနဲ့ ၃ ရက်ခန့် အဆက်အသွယ်ပြတ်တောက်နေတာကြောင့် သေဆုံးသူ အမျိုးသားရဲ့ မိခင်ဖြစ်သူက မေ ၁ ရက် မှာ တိုက်ခန်းတံခါးကို ခေါက်ချိန်မှာ အပုပ်နံ့တွေ မခံနိုင်လောက်အောင် ထွက်နေတဲ့အတွက် သော့ဖျက်ဝင်ကြမှ သူတို့သေဆုံးနေတာကို သိခဲ့ကြတာဖြစ်ပါတယ်။
ကျန်ရစ်သူ မိသားစုတွေရဲ့ နာရေးဖိတ်စာမှာတော့ သေဆုံးသူတွေဟာ ဧပြီ ၂၈ ရက်မှာ ရုတ်တရက်ကွယ်လွန်သွားကြတာကြောင့် မေ ၂ ရက်က ထိန်ပင်သုဿာန်မှာ ကောင်းကောင်းမွန်မွန် သင်္ဂြုဟ်လိုက်တယ်လို့ တွေ့ရပါတယ်။
ဒါဟာ သေဆုံးပြီး လေးရက်အကြာမှ သိကြရတဲ့ နာရေး တစ်ခုဖြစ်ပါတယ်။
“သူ့အမေ ဖုန်းဆက်တာ မကိုင်တာ ၃ ရက်ရှိလို့ လိုက်လာရင်း သိတာပါ။ အခန်းကို အလုံပိတ်ပြီး လေအေးပေးစက် ဖွင့်ထားတော့ မီးလာချိန်တိုင်း အေးနေတော့ ၃ ရက်မြောက်နေ့ကြမှ အနံ့စရတာပါ။မီးစက်ကို နောက်ဖေး အိမ်သာ ရေချိုးခန်းရှေ့မှာ ထားပြီး မောင်းထားတာ”လို့ ရွှေလောင်းလမ်းထဲ နေထိုင်သူတစ်ယောက်က ဘီဘီစီကို ပြောပါတယ်။
သေဆုံးသူတွေရဲ့ ရုပ်အလောင်းတွေကို စမ်းချောင်း မီးသတ်တပ်ဖွဲ့က လာရောက်သယ်ယူတဲ့အခါ အလောင်းသယ်အိတ်တွေကို အလုံပိတ်ပြီး တစ်လောင်းပြီးတစ်လောင်း သယ်လာကြတာကို တွေ့ရပါတယ်။
“အဖေက သားလေးကို ဖက်ထားရင်း မှောက်လျက်သေနေတာပါ။ ကလေးအမေက အကူအညီတောင်းဖို့ ထခဲ့သေးပုံရတယ်။ သူကျတော့ အခန်းတံခါးနားမှာ သေနေတာ” လို့ ရွှေလောင်းလမ်းထဲမှာနေထိုင်သူတစ်ဦးက သူ သိရှိထားတဲ့ အခြေအနေတွေကို ပြောပြပါတယ်။
ဒီမိသားစုလိုပဲ အခန်းထဲ မီးစက်နှိုးထားပြီး အဲယားကွန်းလေအေးပေးစက်ဖွင့် အိပ်မိတဲ့ ရန်ကုန်၊ လှိုင်မြို့နယ်၊ ၄ ရပ်ကွက် ၊ အေးရိပ်မွန် အိမ်ရာထဲက မြေညီထပ်တိုက်ခန်းတစ်ခုမှာ ငှားနေတဲ့ မိသားစု ငါးယောက်ထဲမှာ သားအဖနှစ်ယောက် သေဆုံးတဲ့ဖြစ်စဥ်လည်းရှိခဲ့ပါတယ်။
ဒါကလည်း နွေရာသီ အပူချိန်မြင့်တဲ့ ဧပြီ လထဲမှာ ဖြစ်ခဲ့တာပါ။ အဲဒီမိသားစုဟာ တခြားမြို့နယ်ကနေ ရွှေပိတောက် ငါးဈေးမှာ ငါးဒိုင်ဖွင့်ထားကြတဲ့ မိသားစုဖြစ်ပါတယ်။
အပူချိန် မြင့်တက်နေသလို လျှပ်စစ်ပြတ်တောက်ချိန်များတာကြောင့် နွေအပူကို အံတုဖို့ အနံ ၁၅ ပေ၊ အလျား ပေ ၅၀ ရှိတဲ့ တိုက်ခန်းရဲ့ အရှေ့သံပန်းတံခါးနဲ့ တံခါးမကြီးကြားမှာ မီးစက်နှိုးပြီး လေအေးပေးစက်ဖွင့် အိပ်ကြပါတယ်။
သားအဖနှစ်ဦးသေဆုံးတဲ့ ဖြစ်စဥ်မတိုင်ခင် မီးစက်ဖွင့်အိပ်ကြချိန်မှာ တစ်မိသားစုလုံး နုံးချိသလို ခံစားရတာနဲ့ ပျို့အန်ချင်တာတွေကြောင့် အစားမှားတယ်ဆိုတဲ့အထင်နဲ့ ရပ်ကွက်ထဲက ဆေးဆိုင်မှာ ဆေးဝယ်သောက်ခဲ့ကြတယ်လို့ သူတို့မိသားစုအခြေအနေကို သိသူ နီးစပ်သူတစ်ဦးက ပြောပြပါတယ်။

CO အဆိပ်သင့်တဲ့ လက္ခဏာတွေကလည်း တုပ်ကွေးနဲ့ အစာအဆိပ်သင့် ရောဂါလက္ခဏာတွေနဲ့ ဆင်တူတာကြောင့် အဆိပ်သင့်မှန်း မသိနိုင်ကြတာတွေလည်း ဖြစ်ပါတယ်။
နောက်တစ်ရက်မှာတော့ သူတို့က မီးစက်ကို သူခိုး ခိုးမှာ စိုးတာကြောင့် အရင်ထားတဲ့ နေရာကနေ အိမ်အတွင်းပိုင်းထဲကိုထည့်ပြီး မီးစက်ဖွင့်အိပ်ခဲ့ကြပါတယ်။
မနက်မိုးလင်းချိန်မှာ မိန်းမ၊ ညီမနဲ့ သမီးဖြစ်သူတို့က အသက်ရှုကြပ်နေတာကြောင့် ရပ်ကွက်ကို အကူအညီတောင်းတဲ့အတွက် ရန်ကုန် ဆေးရုံကြီးကို အရေးပေါ် တင်လိုက်ကြရပါတယ်။
ဖခင်ဖြစ်သူ အသက် ၃၆ နှစ်အရွယ် အမျိုးသားနဲ့ ၅ နှစ်အရွယ် သားဖြစ်သူတို့ကတော့ သေဆုံးသွားခဲ့ပါတယ်။
“တစ်ရက်တည်းမှာတင် အဖေကလည်း အသက်ငယ်ငယ်၊ ကလေးလေးလည်း သေသွားတဲ့ ဖြစ်ရပ်ပါ။ သူတို့နှစ်ယောက် ကန့်လန့်ကာနောက်ကွယ် အခန်းထောင့်မှာအိပ်ကြတော့ အဆိပ်ငွေ့ ရှူသွင်းတဲ့ ပမာဏများတော့တာပေါ့” လို့ ဆရာဝန်လည်းဖြစ် တစ်ရပ်ကွက်တည်းလည်းနေထိုင်သူတစ်ဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် အတွင်းမှာလည်း လူမသေဆုံးခဲ့ပေမဲ့ ဆေးရုံပို့ခဲ့ရတဲ့ CO အဆိပ်သင့်သူတွေရှိခဲ့ပါတယ်။
မီးစက်ကို တိုက်ခန်းထဲ ထည့်ဖွင့်ထားတဲ့ လူငယ် ငါးဦး ဟာ ည ၁၀ နာရီဝန်းကျင်မှာ အသက်ရှုရ ကျပ်လာတာကြောင့် ပတ်ဝန်းကျင်ကို အကူအညီတောင်းတာကြောင့် တွဲလက် လူမှုကူညီရေး အသင်းက ဆေးရုံပို့ပေးခဲ့ရပါတယ်။
“ငါးယောက်မှာ သုံးယောက်က လမ်းလျှောက်နိုင်သေးတယ်။ နှစ်ယောက်က လမ်းမလျှောက်နိုင်တော့လို့ တွဲခေါ်ပြီး ကားပေါ်မှာ အောက်ဆီဂျင်ပေးခဲ့ရတယ်။ အသိစောလို့ပါ။ နောက်တစ်နာရီလောက်ကြာရင်တော့ အသက်အန္တရာယ် ထိခိုက်နိုင်တယ်”လို့ တွဲလက် လူမှုကူညီရေးအဖွဲ့ တာဝန်ရှိသူက ပြောပြပါတယ်။
ဒီဓာတ်ငွေ့ကြောင့် သေဆုံးတဲ့အထိ ဝမ်းနည်းစရာ ဖြစ်ရပ်တွေဟာ တိုက်ခန်းတွေမှာ မီးစက်သုံးနေကြသူတွေအတွက် သတိပေး ခေါင်းလောင်းသံ တစ်ခုပါပဲ။
အသံတိတ်လူသတ်သမားကို အိမ်ထဲဆွဲခေါ်မိတဲ့ နောက်ကွယ်က အကြောင်းအရင်းတွေ
စစ်ကောင်စီကောက်ယူထားတဲ့ ကနဦး သန်းခေါင်စာရင်းအရ လူဦးရေ ၇ သန်းကျော်နဲ့ မြန်မာနိုင်ငံမှာ လူဦးရေအများဆုံး ဖြစ်နေတဲ့ ရန်ကုန်မြို့က တိုက်ခန်းအများစုဟာ ကျဥ်းမြောင်းလွန်းပြီး လေဝင်လေထွက်အတွက် တံခါးပေါက်တွေလည်းနည်းပါးပါတယ်။
တိုက်ခန်းအများစုမှာ အရှေ့တံခါးမကြီးနဲ့ အိမ်နောက်ဖေးပေါက်ကလွဲရင် ဘေးပြတင်းပေါက်မရှိသလောက် နည်းကြပါတယ်။
လက်ရှိ ရန်ကုန်မှာ လျှပ်စစ်မီးက တစ်ရက်ကို ၈ နာရီပြတ် ၄ နာရီလာစနစ်နဲ့ မီးပေးနေပေမယ့် လာရမယ့် ၄ နာရီမှာလည်း မီးအချိန်မှန် မရကြပါဘူး။
အပူချိန်မြင့်တက်နေတဲ့ ရန်ကုန်ရဲ့ နွေပူပူ၊ လေဝင်လေထွက်နည်းတဲ့ တိုက်ခန်းထဲ ပူပူလောင်လောင် နေရတဲ့ ဘဝကိုလည်း “ငရဲခန်း”လို့ ရန်ကုန်မြို့ခံတချို့က တင်စားကြပါသေးတယ်။
ဒီအခြေအနေကို ရင်ဆိုင်ဖို့အတွက် မီးစက်တွေက အလင်းရောင်အပြင် လေအေးပေးစက်နဲ့ ပန်ကာလို လေရနိုင်တဲ့ အိမ်သုံးလျှပ်စစ်ပစ္စည်းတွေအတွက် အရေးကြီးတဲ့ အစိတ်အပိုင်းဖြစ်လာပါတယ်။
မီးစက်သုံးရင် လေဝင်လေထွက်ကောင်းတဲ့ အပြင်နေရာမှာ အသုံးပြုကြဖို့ကိုလည်း မီးစက်ရောင်းသူတွေက ဝယ်ယူသူတွေကို မှာကြသူတွေလည်း ရှိကြပါတယ်။
ဒါပေမဲ့ တိုက်ခန်းတံခါးသော့တွေဖျက်ပြီး ရေစက်တွေ၊ စက်ဘီးတွေ၊ မီးစက်တွေကို ခိုးယူခံရတဲ့ ဖြစ်စဥ်တွေ အဖြစ်များလာတာကြောင့် မီးစက်တွေကို အိမ်တွင်းကိုထည့်သုံးကြတဲ့အခါမှာတော့ လူသတ်သမားတစ်ဦးကို အိမ်ထဲ ခေါ်ထည့်ထားတဲ့ အဖြစ်ရောက်သွားကြပါတယ်။
“တိုက်ခန်းတွေဆိုတော့ မီးစက်ဖွင့်ရင် အသံဆူလို့ ပြောကြဆိုကြတာလည်း ရှိတယ်၊ သူခိုးရန်ကလည်း ကြောက်ရတော့ တိုက်ခန်းထဲ ထည့်ဖွင့်ရင်းမှ ဖြစ်ကြတာလို့” မီးစက်ရောင်းသူက မှတ်ချက်ပေးပါတယ်။

ဘယ်လိုသတိထားရမလဲ
ကာဗွန်မိုနောက်ဆိုဒ်(CO) အဆိပ်သင့်တယ်လို့ သိသိချင်း အဆိပ်သင့်နေသူကို အခန်းထဲ ဒါမှမဟုတ် အိမ်ခန်းထဲကနေ အပြင်ဘက် လေကောင်းလေသန့်ရတဲ့ နေရာကို ချက်ချင်းရွှေ့ရမှာ ဖြစ်ပါတယ်။
ပြီးရင် မျက်နှာဖုံး ဒါမှမဟုတ် အဝတ်တစ်ခုခုနဲ့ နှာခေါင်းကို အကာအကွယ်ယူပြီး CO ဓာတ်ငွေ့ ထုတ်နေတဲ့ မီးစက်၊ မီးဖို တို့ကို အမြန်ပိတ်ရမှာပါ။
အဆိပ်သင့်ထားသူ အသက်ရှုရပ်သွားတယ်ဆိုရင် အသက်ပြန်ရှုနိုင်တဲ့အထိ အရေးပေါ် အသက်ကယ်နည်း (CPR) လုပ်ဖို့ ၊ ဆေးရုံချက်ချင်းပို့ဖို့ လုပ်ဆောင်ရမှာဖြစ်တယ်လို့ ကျန်းမာရေး အသိပညာပေးသူတွေက ရေးသား ဖြန့်ဝေထားကြပါတယ်။
“အခန်းထဲမှာလည်း ရှိသမျှ လေဝင်လေထွက်ရမယ့်နေရာတွေကို အကုန်ဖွင့်ထားရပါမယ်။ အဲဒီအဆိပ်ဓာတ်ငွေ့က ချက်ချင်း မကုန်နိုင်သေးဘူး၊ လေဝင်လေထွက်နည်းရင် အဆိပ်ငွေ့ကုန်ဖို့ ပိုကြာနိုင်တယ်”လို့ လုပ်ငန်းခွင်ကျန်းမာရေးဆိုင်ရာ ဆရာဝန်တစ်ဦး က မှတ်ချက်ပေးပါတယ်။
ပြတင်းပေါက်တွေ ၊ တခါးတွေ ဖွင့်ထားတယ်ဆိုပေမဲ့လည်း မီးစက်တွေကို အိမ်ထဲ ၊ ကားဂိုထောင်ထဲ လုံးဝမသုံးဖို့၊ ပြတင်းပေါက် အပါအဝင် လေဝင်ပေါက်တွေနဲ့ အနည်းဆုံး ပေ ၂၀ လောက်ဝေးတဲ့ နေရာမှာသာ မီးစက်ဖွင့်သုံးဖို့နဲ့ CO Detector ခေါ် ကာဗွန်မိုနောက်ဆိုဒ် သတိပေးစက်ကိုလည်း အိမ်ထဲမှာ တပ်ဆင်သင့်တယ်လို့ NUG က ထုတ်ပြန်ထားပါတယ်။
“ပေ ၂၀ အဝေးဆိုတာက တိုက်ခန်းမှာနေတဲ့သူတွေအတွက် ခက်ခဲပါတယ်။ တိုက်ခန်းမှာက ဝရန်တာနဲ့ လှေကားပဲ ရှိတယ်လေ။ တိုက်အောက်ကိုဆင်းတာနဲ့ လမ်းကို တန်းရောက်နေပြီ”လို့ ရန်ကုန်မြို့ခံတစ်ဦးကလည်း တိုက်ခန်းကျဥ်းတဲ့ အခက်အခဲကို ပြောပြပါတယ်။
လေအေးပေးစက်ဖွင့်လို့ရတဲ့ အင်ဗာတာ၊ ဆိုလာတွေ သုံးဖို့ကိုလည်း တခြားကျန်းမာရေး ကျွမ်းကျင်သူတွေက အကြံပြုထားပေမဲ့လည်း မြင့်မားတဲ့ ဈေးနှုန်းတွေကြောင့် တပ်ဆင်နိုင်တဲ့ အခြေအနေက အလှမ်းဝေးနေကြပြန်ပါတယ်။
ဒါပေမဲ့လည်း အသံတိတ် အဆိပ်ငွေ့ လူသတ်သမားကိုတော့ အိမ်ထဲမသွင်းမိဖို့ အရေးကြီးတာကတော့ မဖြစ်မနေ သတိထားရမယ့် အချက်ပါပဲလို့ သတိပေးထားကြပါတယ်။


Leave a Reply