စခန်းတွေကိုရဖို့ သေသေချာချာတောင် မတိုက်လိုက်ရဘူး

“စခန်းတွေကိုရဖို့ သေသေချာချာတောင် မတိုက်လိုက်ရဘူး။ ဒရုန်းနဲ့စဗုံးကြဲကတည်းက စစ်သား ၄-၅၀လောက် ထွက်ပြေးသွားကြပြီ။ လာတိုက်ပြီဆိုတာနဲ့ အသေမခံနိုင်ဘူး၊ ပြေးမယ် ဆိုတဲ့စိတ်က အခိုင်အမာရှိ နေပြီဆိုတာတွေ့ရတယ်။ စစ်ရဲ့ သဘောသဘာဝကိုက ပြိုရင် ဆက်တိုက်ပြိုလေ့ရှိတယ်”

ဒါကတော့ ထိုင်း-မြန်မာနယ်စပ် KNU နယ်မြေထဲက စခန်းတွေကိုတိုက်ခိုက်သိမ်းယူကြအပြီးမှာ သူတို့ပြောတဲ့စကားပါ။

ဒီတော့ အဲ့ဒီဘက်က စစ်ရေး အ​ခြေအနေတွေကိုလေ့လာ ကြည့်တဲ့အခါ KNLA၊ KNDO၊ KNU တပ်မဟာတွေနဲ့ PDF တပ်ပေါင်းစုဟာ မတ်လကစပြီး ဧပြီနဲ့ ယခု မေလအတွင်းမှာ ထိုင်း-မြန်မာနယ်စပ်က နယ်ခြားစောင့်စခန်းတွေဖြစ်တဲ့ ပူးလူးတူ၊ ခလယ့်ဒေး၊ တခေါဘီခွီး၊ မော်ဖားသူးစခန်း ၊တာလယ်ဗျူဟာနဲ့ မော်ကွီးလူ(မယ်လ) စခန်းတွေကို ဆက်တိုက် တိုက်ခိုက်သိမ်းယူနိုင်ခဲ့တာ​ တွေ့ရပြီးအောက်ဘက်တကြော တပ်မဟာ ၇ ဘက်မှာဆိုရင်တော့ မော်ဖိုးကေ စခန်းနဲ့ နော်တရာ စခန်းတို့သာ ကျန်တော့တာ တွေ့ရတယ်။

ကျန်တဲ့ ဒီနယ်ခြားစောင့် စခန်းကြီးနှစ်ခုကလည်း နယ်စပ်မျဥ်းပေါ်မှာ ရှိနေတာ​ကြောင့် လေကြောင်းပစ်ကူ ကောင်းစွာ မရရှိတာရယ်၊ မြေပြင်က စစ်ကူပစ်ကူ Logistic နဲ့ L Of C လမ်းကြောင်းကိုဖြတ်တောက် ခံထားရတာရယ်၊ နော်တရာဆိုရင် သူ့အောက်ခြေက အဓိက ကာကင်းကုန်းကြီးဖြစ်တဲ့ တာကလယ်ဗျူဟာ စခန်းကို သိမ်းပိုက်ပြီးဖြစ်တာရယ် တွေကြောင့် သိပ်မကြာလောက် တော့တာ မြင်ရတယ်။ တပ်မဟာ၄ ဘက်မှာလည်း ထီးခီးစခန်း အပါ ကျန်စခန်းတွေကို သိမ်းထားပြီးတာ ရှိခဲ့တယ်။

ကရင်နဲ့ထိုင်း နယ်စပ်မျဥ်းတလျှောက် ကျန်ရှိတဲ့စခန်းတွေကို ကြည့်ရင် မြဝတီ အထက်ဘက်မှာဆိုရင် BGF ထိန်းချုပ်ထားတဲ့ ဝမ်ခသစ်နဲ့ ဝမ်ခဟောင်း နှစ်ခုကျန်တယ်။ ဆိုရရင် အစောက ပြောတဲ့ မော်ဖိုးကေနဲ့ နော်တရာသာ ထပ်ကျသွားမယ် ဆိုရင် အားလုံးလိုလို စစ်ကောင်စီရဲ့ ထိန်းချုပ်မှုအောက်မှာ မရှိတော့ဘူးဆိုရင် မှန်တယ်။

ဒီသတင်းတွေ နဲ့အတူ ဒီရက်ပိုင်းမှာ KNUဟာ ထိုင်းထံ စာပို့ဆက်သွယ်ပြီး ကရင်နဲ့တနင်္သာရီထဲက နိုင်ငံရေး၊ စစ်ရေးနဲ့ ရှေးလာရာ ကိစ္စတွေအသိပေးခဲ့တာ မြင်ရသလို၊ ထိုင်းစစ်တပ် အနေနဲ့လည်း သူ့နယ်စပ်မျဥ်းက တိုက်ပွဲတွေကြောင့် သူတို့ဘက်ကို ယာယီတိမ်းရှောင် လာခဲ့ရတဲ့ မြန်မာစစ်ဘေးရှောင်တွေကို နေစရာနဲ့ စားနပ်ရိက္ခာများ ပံ့ပိုးပေးခဲ့ကြပြီး အိမ်ပြန်ချိန်မှာလည်း သောင်ရင်းမြစ်အထိ သယ်ယူပို့ဆောင် ပေးခဲ့တာ မြင်ရတယ်။

ဆိုတော့ ဒီအပေါ် သုံးသပ်ကြည့်ရင် KNU ကထုတ်ပြန်တဲ့ ပုံတွေအရဆိုရင် တာကလယ်စခန်းသိမ်းတုန်းက သိမ်းပိုက်ရရှိတဲ့လက်နက်ကြီး (၁၂၀မမအပါ)တွေနဲ့ ကျည်တွေ မနည်းလှတာမြင်ရတဲ့ အတွက်လည်း ကရင်ထဲက ကျန်စခန်းငယ်တွေ၊ တပ်ဌာနချုပ်တွေ အနေနဲ့ စိုးရိမ်ရတဲ့ အ​ခြေအနေ ဖြစ်လာနေတယ်။

သတင်းအရ ခုဆိုရင် တိုက်ပွဲတွေဟာ နယ်စပ်မှာစခန်းတွေသိမ်းတာနဲ့ တပြိုင်တည်း မြေပြန့်လွင်ပြင်ဘက် ကျုံဒိုး၊ ဘားအံဘက်ကိုပါ ဆင်းလာတာမျိုး မြင်ရပြီး မကြာမီရက်ကဆိုရင် စစ်တောင်းအရှေ့ဘက် ပဲခူးတိုင်း ရွှေကျင်နဲ့ကျောက်ကြီးနား ဝန်းကျင်ထဲက တပ်စခန်းငယ် ၆ခုနဲ့ တပ်ရင်းဌာနချုပ် တစ်ခုကိုလည်းသိမ်းပိုက်ခဲ့တာ တွေ့ရတယ်။

ဆိုတော့ KNU ရဲ့တပ်မဟာတွေ၊ KNLA၊ KNDOနဲ့ NUG PDFs တွေဟာ ခု ၃လအတွင်းမှာ တကျော့ပြန် စစ်ရေးဖော်ဆောင် လာနေခဲ့ပြီး နယ်စပ်စခန်းတွေ အားလုံးကို ထိန်းချုပ်နိုင်ခွင့် ရသွားပြီဆိုရင်တော့ AAရဲ့ စစ်မဟာဗျူဟာ နည်းတူ သူ့အင်အားတွေဟာ ဘားအံခရိုင်၊ မွန်ဒေသနဲ့စစ်တောင်း လွင်ပြင်ဘက်ကို တစတစ ဆင်းလာနိုင်ကြတော့မယ့် သဘောရှိတယ်။

စစ်ရှုံးကောင်စီ ဘက်ကိုကြည့်ရင် သူ့အနေနဲ့ ၈၈-၈၉-၉၀ ဝန်းကျင်ကတည်းက KNU ထံက တိုက်ယူခဲ့တဲ့ မော်ဖိုးကေ၊ မယ်လ၊ မဲသဝေါ စတဲ့စခန်းကြီးတွေဟာ နှစ်၃၀ ကျော်အကြာ ခုအခြေအနေမှာ အားလုံး ပြန်လက်လွှတ်ရတဲ့ အနေအထား ဖြစ်လာနေခဲ့တယ်။ နာမည်ကြီးစခန်းသိမ်းတိုက်ပွဲ Omega shape ဝမ်ခသစ်နဲ့ ဝမ်ခဟောင်းအနေနဲ့ BGFလက်ထဲမှာ ရှိနေတာမို့ သူ့ထိန်းချုပ်မှု အောက်လို့ မဆိုသာဘူး။

ဆိုရရင် စစ်ရှုံးကောင်စီဟာ ၂၀၂၁ ဖေဖော်ဝါရီလ၊ သူအာဏာလုပြီး ချိန်ကစလို့ ရခိုင်၊ ချင်းနဲ့ အိန္ဒိယနယ်စပ်၊ တရုတ်၊ ထိုင်းနဲ့နယ်စပ်က ကိုယ့်နိုင်ငံကို တပါးသူ ပြည်ပက ကျူးကျော်စစ် ဆင်လာရင် ကာကွယ်ရမယ့် နယ်နမိတ် စောင့်ရှောက်ရေး နယ်မြေထိမ်းနယ်ခြားစောင့် စခန်းမှန်သမျှကို ERO တွေလက်ထဲ ပြောင်းပေးလိုက်ရတာ အမှန်ပဲ ဖြစ်တယ်။

အလားတူ ရခိုင်၊ ကချင်၊ ချင်းနဲ့ ကရင်နီမှာ မြို့တော်တွေသာ ကွက်ကွက်လေး ကျန်အောင် ထိန်းထားနိုင်ပြီး ခုအခြေအနေ အရဆိုရင် ကရင်မှာလည်း ဘားအံတစ်ခုသာ နောက်ဆုံး တောင့်ခံနိုင်တော့မယ့် အခြေအနေ ဖြစ်လာနေတယ်။

သူ့စစ်သားတွေ အနေနဲ့လည်း အစမှာဆိုထားသလို စတိုက်ခံရပြီ ဆိုတာနဲ့ ပြေးဖို့သာလမ်းရှာထားကြသလို၊ အသက် အသေခံပြီး ကာကွယ်ကြမယ့် စိတ်ဓာတ်ခံယူချက် ကောင်းတဲ့ စစ်သားဆိုတာလည်း မရှိသလောက် နည်းလာနေခဲ့တယ်။ ဒါတွေက တနိုင်ငံလုံးသာမက အိမ်နီးချင်း နိုင်ငံတွေပါ သိနေတဲ့ Open secret တွေပဲ ဖြစ်တယ်။

ဇင်သော်နိုင်

Comments

Leave a Reply

Your email address will not be published. Required fields are marked *