တောင်ငူလေတပ်ကို ရှော့တိုက်ဒုံးတွေနဲ့ တိုက်ခိုက်ခဲ့ရာမှာ လေယာဉ် ၃ စင်းပျက်စီးပြီး လေတပ်အရာရှိ ဒုတိယဗိုလ်မှူးကြီး ၂ ယောက်အပါအဝင် ၁၀ ယောက် ပွဲချင်းပြီးသေဆုံးတယ်လို့ Brave Warriors for Myanmar က ဒီနေ့ ထုတ်ပြန်ပါတယ်။

မေ ၁၈ ရက် မနက်အစောပိုင်းက တောင်ငူ (ကေတုမတီ) လေတပ်စခန်းကို BWM Mission 37 အဖြစ် ရှော့တိုက်ဒုံး ၁၁ လုံးပစ်ခတ်ခဲ့ပြီး ၈ လုံးကို အောင်အောင်မြင်မြင်ပစ်ခတ်နိုင်ခဲ့တာလို့ မနေ့ကပဲ ထုတ်ပြန်ထားပါတယ်။

စိတ်ချယုံကြည်ရတဲ့ သတင်းရင်းမြစ်တွေကတဆင့် စုံစမ်းသိရှိထားရသလောက် အဲဒီ တိုက်ခိုက်မှုအတွင်း လေတပ်အရာရှိ ဒုတိယဗိုလ်မှူးကြီးအဆင့်ရှိသူ ၂ ယောက်၊ လေတပ်အရာရှိ ဗိုလ်ကြီးအဆင့်ရှိသူ ၂ ယောက်နဲ့ လေအုပ်အပါအဝင် တခြားအဆင့်စစ်သည် ၆ ယောက် ပွဲချင်းပြီး သေတယ်လို့ ဆိုပါတယ်။

Jet Fighter ၂ စင်း ထိခိုက်ပျက်စီးခဲ့သလို Y-8 ၁ စင်းလည်း ထိခိုက်ပျက်စီးတာတချို့ရှိခဲ့ပြီး လေတပ်အတွင်း ပစ္စည်းသယ်ပို့ပေးနေတဲ့ ယာဉ်တချို့လည်း ထိခိုက်ပျက်စီးတယ်လို့ ဆိုပါတယ်။

ပြီးတော့ လေတပ်အတွင်း ဒရုန်းဂိုဒေါင် မီးလောင်ပျက်စီးသွားသလို လေတပ်စစ်သည်တွေ နားနေဆောင် ၁ လုံးနဲ့ လေယာဉ်အပိုပစ္စည်းဂိုဒေါင် ၂ လုံး ပျက်စီးပြီး လေတပ်စစ်သည် ၁၂ ယောက် ဒဏ်ရာရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

အဲဒီတိုက်ခိုက်မှုကို Brave Warriors for Myanmar (BWM) အဖွဲ့ရဲ့ စီမံမှုနဲ့ Mountain Knight Civilian Defense Forces (MKCDF)၊ Anti-Coup People’s Liberation Force (ACPLF)၊ သံတောင်မြောက်ပိုင်း အထူးဒေသအဖွဲ့တို့ ပူးပေါင်းခဲ့တာဖြစ်ပြီး တောင်ငူလေတပ်စခန်းဟာ ၂၀၂၃ ခုနှစ် မတ်လကနေ အခုထိ ၉ ကြိမ် တိုက်ခိုက်ခံထားရပြီးဖြစ်ပါတယ်။

ဒီနေ့ မနက်အစောပိုင်းမှာလည်း သံတောင်ကြီးမြို့နယ်၊ ဘုရင့်နောင်တပ်မြို့က တိုက်ခိုက်ရေးကျောင်းကို ၁ဝ၇ မမ ရှော့တိုက်ဒုံး ၅ လုံး နဲ့ ပစ်ခတ်ရာမှာ ၄ လုံးကို အောင်အောင်မြင်မြင်ပစ်ခတ် တိုက်ခိုက်နိုင်ခဲ့တယ်လို့ Brave Warriors for Myanmar က ထုတ်ပြန်ပါတယ်။

အချစ်စာပေများဖတ်ရန်

မြန်မာစာတန်းထိုးဇာတ်ကားများကြည့်ရန်


Leave a Reply

Your email address will not be published. Required fields are marked *