မွန်တော်လှန်ရေးတပ်များဖြစ်သော မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) NMSP (AD)နှင့် မွန်ပြည် လွတ်မြောက်ရေးတပ်တော် (MLA)တို့ ပေါင်းစည်းကာ ရာမည မွန်တပ်တော်အဖြစ် ဖွဲ့စည်းလိုက်ကြောင်း ယနေ့ ထုတ်ပြန်သည်။

အဆိုပါတပ် ၂ တပ်သည် စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး၊ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းပိုင်ခွင့် အပြည့်အဝရှိသော မွန်ပြည်ပေါ် ထွန်းရေး ရည်ရွယ်ချက်ဖြင့် ပေါင်းစည်းကာ ရာမညမွန်တပ်တော်-Ramonnya Mon Army (RMA)” ကို ယနေ့ ဖွဲ့စည်းလိုက်ကြောင်း သိရသည်။

NMSP-AD နိုင်ငံရေးစစ်ရေးဦးဆောင်အဖွဲနှင့် MLA ဦးဆောင်အဖွဲတို့ပါဝင်သော NMSP (AD) နိုင်ငံရေးစစ်ရေးကော်မတီကို အဖွဲဝင် ၂၆ ဦးဖြင့် ဖွဲစည်းကာ ကော်မတီဝင်များမှ နိုင်ငံရေးစစ်ရေးဦးဆောင်ကော်မတီ ၉ ဦးကို ရွေးချယ်ပြီး ဥက္ကဋ္ဌ နိုင်ဇေယျ၊ ဒုဥက္ကဋ္ဌ နိုင်လယီကောင်း၊ အတွင်းရေးမှူး နိုင်ဗညားလယ်တို့ကို ရွေးချယ် ခန့်အပ်ခဲ့ကြောင်း၊ ထို့ပြင် ကော်မတီဦးဆောင်မှုဖြင့် ရာမညမွန် တပ်တော် RMA၏ စစ်ရေးဆိုင်ရာလုပ်ငန်းများ အကောင်အထည်ဖော်ရန် အဖွဲ့ဝင် ၇ ဦးပါဝင်သော စစ်ကော်မတီ ကို ဖွဲ့စည်း၍ စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်စလွန်းထော၊ ဒုစစ်ဦးစီးချုပ် ၁ ဗိုလ်မှူးကြီစိုးဝင်းနှင့် ဒုစစ်ဦးစီးချုပ် ၂ ဗိုလ်မှူးကြီး ကျည်ဆံတို့အား ခန့်အပ်တာဝန်ပေးကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝရှိသော မွန်ပြည်ပေါ်ထွန်းရေးနှင့် စစ်အာဏာရှင်စနစ် အမြန်ဆုံးချုပ်ငြိမ်းရေးအတွက် မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး)၊ ရာမညမွန်တပ်တော် (NMSP(AD)/RMA) တို့သည် အဖိနှိပ်ခံ ဘဝတူ တိုင်းရင်းသားတော်လှန်ရေး မဟာမိတ်အဖွဲ့အစည်းများ၊ ပြည်သူ့ကာကွယ်ရေးတပ်များနှင့်အတူ ပူးပေါင်း တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ဖော်ပြသည်။


Leave a Reply

Your email address will not be published. Required fields are marked *