ငွေမှားယွင်းလွှဲမိသူတွေရဲ့လုံခြုံရေး စိုးရိမ်ရပြီ

မှားယွင်းငွေလွှဲမိတဲ့ဖြစ်စဥ်အပေါ် ခိုင်နှင်းဝေဖောင်ဒေးရှင်းက ရက်ပေါင်း ၂၀ ကျော်တဲ့အထိ ပြန်မပေးခဲ့တဲ့အပြင် ဖောင်ဒေးရှင်းကဝန်ထမ်းတွေရဲ့ မချေမငံဆက်ဆံမှုပြုခဲ့မှုတွေကြောင့် ဒီဖြစ်စဉ်ဟာ ဟိုးလေးတကြော် ဖြစ်ခဲ့ရပါတယ်။

ဖြစ်စဉ်အကျဉ်းချုပ်ကတော့ ယခင်ကတည်းက ခိုင်နှင်းဝေဖောင်ဒေးရှင်းကို လှူဒါန်းဖူးသူတစ်ဦးဟာ ယခုကိစ္စမှာ မိမိလုပ်ငန်းကိစ္စငွေကို ခိုင်နှင်းဝေဖောင်ဒေးရှင်းအကောင့်ထံ မှားယွင်းလွှဲပြောင်းမိခဲ့တဲ့အတွက် အချက်အလက် အပြည့်အစုံနဲ့ မှားယွင်းလွှဲမိပါကြောင်းနှင့် ပြန်လည်ထုတ်ပေးဖို့ မေတ္တာရပ်ခံခဲ့တာပါတယ်။

မှားယွင်းလွှဲမိပြီး ၁ နာရီအတွင်း သွားရောက်ဆက်သွယ်ခဲ့တာ ဖြစ်ပေမယ့်လည်း ဖောင်ဒေးရှင်း ဝန်ထမ်းတွေက မချေမငံ ဆက်ဆံတဲ့အပြင် “လှူတဲ့ထဲ ပါသွားပြီ” လို့ပါ ပြောခဲ့ပါသေးတယ်။

မှားယွင်းလွှဲပြောင်းမိသူက ဘဏ်ကတစ်ဆင့် ဆက်သွယ်ချိန်မှာ ခိုင်နှင်းဝေရဲ့ အလှူခံ အကောင့်ပိတ်ခံရနိုင်ခြေ ရှိတာကြောင့် ဖောင်ဒေးရှင်းအနေနဲ့ နစ်နာမှာကို စိုးရိမ်တဲ့အတွက် လူကိုယ်တိုင်ပဲ သွားရောက်တောင်း ခံခဲ့တာလည်းဖြစ်ပါတယ်။

အလွန်လွယ်ကူရိုးရှင်းပြီး အမြန်ဆုံးဖြေရှင်းလို့ရ၊ အထောက်အထားမှန်မှန်ကန်ကန်လည်း ရှိနေတဲ့ ကိစ္စရပ်တစ်ခုအပေါ် ဖောင်ဒေးရှင်းဘက်ကလူတွေက နေပြည်တော်အဆင့်ဆင့် တင်ပြီးမှ ဖြေရှင်းပေးလို့ရမယ် ဆိုတာတွေအထိလုပ်လာခဲ့ပါတယ်။

သန်းရွှေ စစ်အစိုးရလက်ထက်က တရားရုံး၊ ရဲစခန်းတို့ရဲ့ လုပ်ထုံးလုပ်နည်း ရစ်နည်းပတ်နည်းအသွယ်သွယ် ထက်တောင် ပိုမိုရှုပ်ထွေး ရစ်ပတ်နေတဲ့ မင်းအောင်လှိုင်လက်ထက် ခိုင်နှင်းဝေဖောင်ဒေးရှင်းရဲ့ ညစ်ပတ်နေပုံကို ငွေမှားယွင်းလွှဲမိသူက လိုင်းပေါ်တင်ပြခဲ့ချိန်မှာ ပြည်သူအများစုက အမြန်ဆုံးပြန်ပေးဖို့ ထောက်ပြ ဝေဖန်ခဲ့ကြပါတယ်။

အဲဒီလိုထောက်ပြနေတဲ့ကြားကနေပဲ ခိုင်နှင်းဝေ ကိုယ်တိုင်လူလုံးစထွက်ပြလာပြီး “ကိုယ်တိုင်ရှင်းပေးမယ်၊ လူကိုယ်တိုင်လာ ၊ သက်သေတွေယူလာ၊ ကိုယ်စားလှယ်လွှဲစာတွေယူလာ ဆိုပြီး ပို့စ်တင်ကာ သူကိုယ်တိုင်ထွက်လာခဲ့ပြီး ခိုင်နှင်းဝေအောက်ဆွဲတချို့က မှားယွင်းငွေလွှဲမိသူကို ငွေလိမ်သူအဖြစ်လ ည်းကောင်း၊ နာမည်ကြီးချင်လို့လုပ်သူဖြစ်ကြောင်း အစရှိသဖြင့် ပုံဖျက်ဖို့ ကြိုးစားလာခဲ့ပါတော့တယ်။

ငွေမှားယွင်းလွှဲမိသူဟာ မဲဆောက်မြို့မှာ နေထိုင်တာကြောင့် နေပြည်တော်ကို ကိုယ်တိုင်သွားဖို့ရာမှာ ကုန်ကျစရိတ်ရော လုံခြုံရေးပါ အခက်အခဲရှိနေခဲ့ပါတယ်။ ဒါပေမယ့်လည်း ငွေမှားလွှဲပေးသူဟာ KBZ ဘဏ် အကောင့်နဲ့ လွှဲတာဖြစ်တဲ့အပြင် အကောင့်ပိုင်ရှင်ကိုယ်တိုင်က ပြန်လည်တောင်းခံနေတာကို ခိုင်နှင်းဝေက ထောက်ခံစာမျိုးစုံ တောင်းခံနေတာပဲဖြစ်ပါတယ်။

ခိုင်နှင်းဝေကိုယ်တိုင်က အမှားကိုဝန်မခံတဲ့အပြင် ဖြေရှင်းပုံကိုက နေပြည်တော်ဝိတ်အားကိုးနဲ့ သွယ်ဝိုက်ခြိမ်း ခြောက်ပုံပေါက်နေခဲ့သလို အောက်ဆွဲပညာမဲ့အွန်လိုင်းဖန်အားကိုးနဲ့ ပုံဖျက်ဖို့လုပ်နေတာကြောင့် စစ်ကောင်စီကို တော်လှန်နေတဲ့ လူသိများထင်ရှားသူတွေပါ ဒီကိစ္စကို ဝိုင်းဝန်းထောက်ပြဝေဖန်လာခဲ့ပါတော့တယ်။

ခိုင်နှင်းဝေဟာ ဂရုမစိုက်ခဲ့တဲ့အပြင် အချိန်တန် ငါအလှူအတန်းလုပ်ပြရင် အောက်ဆွဲပညာမဲ့ဖန်တွေ ဝန်းရံမှုနဲ့အတူ ဒီအသံတွေပျောက်သွားမယ်ဆိုတဲ့ပုံနဲ့ ကလေးတွေကျောင်းအပ်တဲ့ပုံကို ဘန်းပြပြီး ပို့စ်တင်ခဲ့ပြန်ပါသေးတယ်။

အဲဒီအောက်မှာတော့ ပြည်သူအများစုက ပိုမိုဆဲဆိုဝေဖန်လာခဲ့ကြပါတော့တယ်။

“ခိုင်နှင်းဝေဟာ ကလေးတွေရဲ့ ကျေးဇူးရှင်မဟုတ်ဘူး၊ ကလေးတွေက သာ ကျေးဇူးရှင်၊ ကလေးတွေမရှိရင် ဘန်းပြလုပ်စားစရာမရှိ” ဆိုတဲ့မှတ်ချက်တွေ နဲ့ ခိုင်နှင်းဝေဖောင်ဒေးရှင်းရဲ့ ငွေကြေးစီမံခန့်ခွဲမှုအပိုင်းတွေအပေါ် ယုံကြည်မှုကင်းမဲ့စရာဖြစ်လာကြောင်း ဝေဖန်မှတ်ချက်တွေဟာ ဒီဖြစ်ရပ်အပြီးမှာ ထင်ရှားတဲ့ ထောက်ပြမှုတွေဖြစ်လာခဲ့ပါတော့တယ်။

အချို့သောမှတ်ချက်တွေမှာဆိုရင် ခိုင်နှင်းဝေဟာ မိဘမဲ့ဂေဟာမထောင်ခင်က စီးပွားရေး လုပ်ငန်း မယ်မယ်ရရ မရှိခဲ့ဘဲ အခုမှ ထည်ထည်ဝါဝါနေနေတာကိုလည်း ထောက်ပြကြပါသေးတယ်။ ဒီဖြစ်ရပ်မတိုင်ခင်ကလည်း အင်္ကျီ၊ အဝတ်အစား ဝတ်ပုံကို ရိုးရှင်းအောင် ပြင်ဆင် ဝတ်ဆင်တတ်ပေမယ့် လက်ထဲက သိန်းရာချီတန်ဖိုးရှိတဲ့ နာရီတွေ၊ လက်ကိုင်အိတ်တွေကို ဝေဖန်ထောက်ပြမှုတွေလည်း ဟိုးလေးတကြော်ဖြစ်ခဲ့ပါသေးတယ်။

အမှန်တကယ်မှာလည်း ခိုင်နှင်းဝေရဲ့ လှူဒါန်းမှုအချို့တွေဟာ စစ်ကောင်စီလက်အောက်ခံအဖွဲ့တွေနဲ့ လက်ဝေခံလူ တန်းစားတွေဆီကို ပြီးပြီးရောထိုးထည့်ခဲ့တဲ့ အလှူမှတ်တမ်းတွေ ပြီးခဲ့တဲ့ ရေဘေးနဲ့ ငလျင်ဘေးတွေမှာ အများအပြား တွေ့မြင်နေရပါတယ်။ ငလျင်အပြီးမှာ နေပြည်တော်က စစ်ကောင်စီရဲ့ ဆေးရုံကို သိန်း ၄၀၀၀ ဖိုးမက လှူဒါန်းခဲ့စဉ်ကလည်း ဝေဖန်မှုတွေအများအပြား ရှိခဲ့ပါသေးတယ်။

တစ်နိုင်ငံလုံး ဆက်တိုက် ဝိုင်းဆဲနေမှုအပြီးမှာတော့ ပြီးခဲ့တဲ့ နာရီပိုင်း မေလ ၂၇ ရက်နေ့ နံနက်ပိုင်းမှ ခိုင်နှင်းဝေဟာ တစ်ပတ်အတွင်း မြဝတီ ကမ္ဘောဇဘဏ်ကနေ လာရောက်ထုတ်ယူနိုင်အောင်လုပ်ပေးပါမယ်၊ ပြန်ပေးပါမယ် ဆိုပြီး ဖေ့စ်ဘွတ်ခ်ပို့စ် ထပ်တင်ခဲ့ပါတော့တယ်။

တကယ်တော့ ပြန်ပေးပါမယ်ဆိုတဲ့ပို့စ်ဟာလည်း ပြည်သူတွေဝိုင်းဆဲဆိုနေတဲ့အပြင် ကာယကံရှင်တွေက ဒီငွေ သိန်းသုံးဆယ်နီးပါးကိစ္စ အဆုံးခံလိုက်ပါတော့မယ် ဆိုတော့မှ ရေးတင်လာတာပါ။

အစပထမပိုင်းမှာ ငွေပြန်ပေးရမယ့်သူတွေကို သွယ်ဝိုက်ခြိမ်းခြောက် ပုံဖျက်တာတွေလုပ်ခဲ့သလို မဲဆောက်၊ ထိုင်းဘက်အခြမ်းမှာ ရှိနေကြတဲ့ကာယကံရှင်တွေကို ရန်ကုန်အထိလာခိုင်းနေကတည်းက ငွေမှားယွင်းလွှဲမိသူတွေရဲ့လုံခြုံရေးအတွက် ပြည်သူတွေက စိုးရိမ်နေခဲ့ကြပါတယ်။
ကျိန်းသေ ပုဒ်မတစ်ခုခုတပ်ပြီး အမှုစွဲမယ့် ရည်ရွယ်ချက်ဆိုတာမျိုး ပြည်သူတွေကသံသယရှိလာခဲ့ပါတယ်။

ယခု ပြန်ပေးမယ်ဆိုတဲ့ ပို့စ် တင်ခဲ့ရာမှာလည်း အကောင့်ထဲ ငွေလွှဲထည့်လိုက်လျှင်ပြီးနေသည့်ကိစ္စ မြဝတီရှိ ကမ္ဘောဇဘဏ်ကို ထပ်လာခိုင်းနေတဲ့အတွက် ငွေမှားယွင်းလွှဲမိတယ်ဆိုတဲ့ ကာယကံရှင်တွေအနေနဲ့ စစ်ကောင်စီနဲ့အနီးကပ်ရှိနေတဲ့ ခိုင်နှင်းဝေနဲ့ပတ်သက်ပြီး ပိုမိုဂရုစိုက်ဖို့၊ လုံခြုံရေးအထူးသတိပြုဖို့ ပြည်သူတွေက စိုးရိမ်တကြီး မှာကြားနေတာကိုလည်း တွေ့မြင်ရမှာဖြစ်ပါတယ်။

အချစ်စာပေများဖတ်ရန်

မြန်မာစာတန်းထိုးဇာတ်ကားများကြည့်ရန်


Leave a Reply

Your email address will not be published. Required fields are marked *