ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ တပ်မဟာ ခုနစ်ခုလုံးတွင် စစ်ကောင်စီတပ်နှင့် ကရင်အမျိုး သားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်များအကြား စစ်ရေးအခြေအနေများ တင်းမာနေကြောင်း သတင်းရင်းမြစ်များ၏ ပြောကြားချက်များအရ သိရသည်။
KNU ၏ စစ်ရေးတပ်ဖွဲ့များဖြစ်သည့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ကရင်အမျိုးသားကာကွယ်ရေးအဖွဲ့ (KNDO) တို့နှင့် ပြည်သူ့ကာကွယ်ရေးတပ် (PDF) ပူးပေါင်းတပ်များက KNU နယ်မြေများအတွင်း အထိုင်ချထားသည့် စစ်ကောင်စီ၏ တပ်စခန်းများအား တခုပြီးတခု တိုက်ခိုက်သိမ်းပိုက်နေခြင်းကြောင့် စစ်ရေးအခြေအနေများ ပြင်းထန်နေခြင်းဖြစ်သည်။
နယ်မြေသတ်မှတ်ချက်များအရ KNU တွင် တပ်မဟာ နယ်မြေခုနစ်ခုရှိပြီး ပဲခူးတိုင်းအရှေ့ခြမ်းမှ မြို့နယ်အချို့၊ မွန်ပြည်နယ် သထုံခရိုင်အတွင်းရှိ မြို့နယ်များ၊ ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းအတွင်းရှိ မြို့နယ်အများစု ပါဝင်သည်။
လက်ရှိတွင် KNU ၏ တပ်မဟာ (၁) သထုံခရိုင် ဘီးလင်း- နတ်ကြီး လမ်း ကြောင်းအတိုင်း စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေပြီး လက်နက်ကြီးများ ပစ်ခတ်နေကြောင်း တော်လှန်ရေးသတင်းရင်းမြစ်များ၏ ပြောကြားချက်အရ သိရသည်။ တော်လှန်ရေးအင်အားစုများ တိုက်ခိုက်သိမ်းပိုက်လိုက်သည့် မဲပလီဗျူဟာစခန်းအား ပြန်လည်ရယူရေးနှင့် နတ်ကြီး၊ ဝင်းတာပန်၊ လေးကေ စသည့် စခန်းများအား အင်အားဖြည့်တင်းရေး ကြိုးပမ်းနေခြင်းဟု ဆိုသည်။
“ မဲပလီဗျူဟာကို ပြန်ယူဖို့နဲ့ နတ်ကြီးစခန်းမကျဖို့ပေါ့။ အင်အားတော်တော်များတယ်လို့ကြားတယ်။ ဒီဘက်က တော့ ဘီးလင်းနဲ့ နတ်ကြီး၊ တညင်ပင်အကြားက တံတားတခု မိုင်းခွဲလိုက်တာရှိတယ်၊ ဒီလမ်းကို သူတို့ ထောက်ပို့လမ်းအဖြစ်သုံးမှာကို ကြိုတားတဲ့သဘောပေါ့” ဟု တော်လှန်ရေးပူးပေါင်းတပ်မှ တာဝန်ရှိသူတဦးက ပြောသည်။
တောင်ငူ၊ ရေတာရှည်၊ ထန်းတပင်၊ သံတောင်ကြီး စသည့်မြို့နယ်များပါဝင်သည့် တပ်မဟာ (၂) တောင်ငူ (တောအူးခရိုင်)တွင်လည်း တောင်ငူ- လိပ်သိုလ်- ယာဒို လမ်းအတိုင်း စစ်ကောင်စီက စစ်ကြောင်းထိုးပြီး ရိက္ခာ၊ အင်အားဖြည့်တင်းနေသည့် အတွက် စစ်ရေးအခြေအနေများတင်းမာနေပြီး လမ်းပန်း ဆက်သွယ်ရေးအခက်အခဲများကြောင့် ဒေသခံများပါ စားဝတ်နေရေးကြပ်တည်းနေကြောင်း သိရသည်။
အလားတူ တပ်မဟာ (၂)နယ်မြေအပိုင်တွင်ပါဝင်သည့် တောင်ငူမြို့နယ်၊ စပါးကြွယ်ကျေးရွာအုပ်စုမှ ကြို့ပင်ဆိပ်ရွာနှင့် အနီးတဝိုက်တွင်လည်း ယနေ့ (မေလ ၃၁ ရက်) နံနက်ပိုင်းအထိ စစ်ကောင်စီတပ်နှင့် ပူးပေါင်းတပ်များအကြား တိုက်ပွဲများဖြစ်ပွားခြင်းရှိသည်။ အဆိုပါရွာသည် ရန်- မန္တလေး အမြန်လမ်းနှင့် မိုင်အနည်းငယ်မျှသာ ကွာဝေးသည်။
ထို့အပြင် တပ်မဟာ (၃) ခလယ်လွီထူခရိုင်အတွင်း ပါဝင်သည့် ကျောက်ကြီး၊ ရွှေကျင်၊ ကျောက်တံခါးမြိုနယ်တို့တွင်လည်း စစ်ရေးအခြေအနေများ တင်းမာနေသည်ဟု သိရသည်။ ယမန်နေ့ (မေလ ၃၀ ရက်) ညပိုင်းကလည်း ရွှေကျင်မြို့နယ်တွင်း၌ စစ်ကောင်စီတပ်နှင့် KNLA ပူးပေါင်းတပ်များအကြား တိုက်ပွဲဖြစ်ပွားခြင်းရှိပြီး နှစ်ဖက်ထိ ခိုက်ကျဆုံးမှုများရှိခဲ့ကြောင်း သတင်းရင်းမြစ်၏ ကနဦး ပြောကြားချက်အရ သိရသည်။ အသေးစိတ်အခြေအနေများကို မသိရှိရသေးပေ။
အလားတူ တပ်မဟာ (၄) မြိတ်- ထားဝယ်ခရိုင်အတွင်း၊ လောင်းလုံးမြို့နယ်ရှိ ရဲစခန်း၊ စမ်းလှမ်းတာဝါတိုင်စခန်းကုန်းနှင့် လက်ခတ်တောင်တာဝါတိုင်စခန်းကုန်းတို့အား တော်လှန်ရေးအင်အားစုပူးပေါင်းတပ်များက ယမန်နေ့ (မေလ ၃၀ ရက်နေ့) ကစ၍ တိုက်ခိုက်နေခြင်းကြောင့် တိုက်ပွဲများ ပြင်းထန်နေပြီး ပင်လယ်ပြင်ရှိ ရေတပ်နှင့် စစ်ကောင်စီ၏ တပ်ရင်းများမှ လက်နက်ကြီးများ ပစ်ကူနေကြောင်း ဒေသခံများက ပြောသည်။
အလားတူ ထားဝယ်ခရိုင် ရေဖြူမြိုန့ယ် ထားဝယ်အထူးစီးပွားရေးဇုန် ရှိရာဒေသအနီး၊ ထားဝယ်- သရက်ချောင်းလမ်းပိုင်းနှင့် ထားဝယ် အရှေ့တောဒေသ၊ ထားဝယ်- ထီးခီးလမ်းပိုင်းတို့တွင်လည်း မေလ စတုတ္ထအပတ်အတွင်းအထိ တိုက်ပွဲဖြစ်ပွားခြင်းများ ရှိကြောင်းနှင့် လက်ရှိအထိ စစ်ရေးအခြေအနေများ တင်းမာနေဆဲဖြစ်သည်။
“အဓိကကတော့ လောင်းလုံး၊ လောင်းလုံးတော်တော်ကြမ်းနေတယ်။ ပြီးတော့ ထားဝယ် အရှေ့တောဘက်ရော၊ ရေဖြူမှာရော၊ ရေဖြူကတော့ ဒိ အထူးစီး ပွားရေးဇုန်ရှိတဲ့ဘက်ခြမ်းမှာ တိုက်ပွဲတွေဖြစ်နေတယ်လို့ကြားတယ်။ ပြီးတော့ ထားဝယ်- သရက်ချောင်း ဘက်မှာလည်း အခြေအနေမကောင်းဘူး” ဟု သတင်းရင်းမြစ်က ပြောသည်။
တပ်မဟာ (၅) ဖာပွန်ခရိုင်တွင်လည်း စစ်ရေးအခြေအနေတင်းမာပြီး စစ်ကောင် စီက ထောက်ပို့်ရေးလုပ်ငန်းများအတွက် လေကြောင်းကိုသာ အသုံးပြုနေရပြီး လေကြောင်းတိုက်ခိုက်မှုများ ဆက်ရှိနေသည်။
“ စစ်ကြောင်းထိုးလာတဲ့ စစ်သားတချို့က ကတိုင်တိအနောက်ဘက်က အရင် BGF (၁၀၁၃) စခန်းနေရာကနေ ခုခံနေတာရှိတယ်၊ သူတို့ရဲ့ ကတိုင်တိစခန်းနေရာအထိတော့ မရောက်သေးဘူးနော်။ ပြီးတော့ လူသောမြို့နယ်မြောက်ပိုင်း၊ ကရင်နီ၊ တပ်မဟာ (၂)၊ တပ်မဟာ (၃) တို့နဲ့ နီးတဲ့ လယ်မူပလောစခန်းဘက်မှာတော့ စစ်ကူလည်း လာတာရှိသလို ဒီဘက်ကလည်း ဒရုန်းနဲ့လက်နက်ကြီးနဲ့ ပစ်တာရှိတယ်၊ သူတို့ကလည်း ပြန်ပစ်တာရှိပါတယ်။ စခန်းသိမ်းကြေညာတာတော့ မရှိသေးပါဘူး” ဟု KNU တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီး စောကလယ်ဒို့က ပြောသည်။
တပ်မဟာ (၆) ဒူးပလာယာခရိုင်တွင်မူ KNLA ပူးပေါင်းတပ်များက မြဝတီခရိုင်၊ ဝေါလေမြိုင်မြို့အတွင်း၊ ထိုင်း- မြန် မာနယ်စပ်အနီးတဝိုက်ရှိ ဘလယ်ဒို၊ ကနဲလေး၊ မော်ခီး၊ ဘုရင့်နောင်၊ ဝါးမီးထ (ရွှေအေးမြိုင်) စသည့် စစ်ကောင် စီ၏ တပ်စခန်းများအား မေလ တတိယအပတ်နှင့် စတုတ္ထအပတ်အတွင်း သိမ်းပိုက်ထားပြီး ဝေါလေဗျူဟာ၊ သေ့ဘောဘိုးဗျူဟာ၊ ဥကရစ်ထ၊ ထီးကပလယ်တပ်စခန်းများအား ဆက်လက် ပိတ်ဆို့တိုက်ခိုက်မှုများ ဆက်လက် လုပ်ဆောင်နေသည်။
အလားတူ အဆိုပါခရိုင်အတွင်းရှိ ကော့ကရိတ်- မြဝတီ အာရှလမ်းတွင်လည်း စစ်ကောင်စီ၏ အောင်ဇေယျစစ် ကြောင်းနှင့် တော်လှန်ရေးအင်အားစုပူးပေါင်းတပ်များအကြား တိုက်ပွဲများ နေ့စဉ်ဖြစ်ပွားမှု ရှိနေကြောင်း၊ ကျုံဒိုး၊ ကော့ကရိတ် လမ်းတွင်လည်း စစ်ရေးအခြေအနေများ တင်းမာနေကြောင်း ကော့ကရိတ်သတင်းရင်းမြစ်က ပြောသည်။
ထို့အတူ တပ်မဟာ (၇) နယ်မြေအပိုင် ထိုင်း- မြန်မာနယ်စပ်တွင် အထိုင်ချထားသည့် စစ်ကောင်စီ၏ ပူးလူးတူ၊ ခလယ်ဒေး၊ မော်ဖားသူး၊ တခေါဘီခွီးမဆုတ်တန်းခံစစ်စခန်းနှင့် တာလယ်ဗျူဟာစခန်း၊ မယ်လစခန်း၊ မော်ဖိုးကေစခန်း စသည့် တပ်စခန်း ခုနစ်ခုအား ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းယူထားနိုင်သည့် KNU တပ်မဟာ (၇) နယ်မြေအတွင်းရှိ မဲသဝေါစခန်းကိုလည်း KNLA ပူးပေါင်းတပ်များက ပိတ်ဆို့ထားသဖြင့် စစ်ရေးတင်းမာနေကြောင်း သိရသည်။
တပ်မဟာ နယ်မြေအနှံ့ဖြစ်ပေါ်နေဆဲ တိုက်ပွဲများနှင့် စစ်ဘေးရှောင်များ၏ လက်ရှိ ကျန်းမာရေး၊ စားဝတ်နေရေးအခြေအနေများနှင့် ပတ်သက်၍ မဇ္ဈိမက KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးအား ဆက်သွယ်မေးမြန်းထားသော်လည်း ပြန်လည်ဖြေကြားခြင်း မရှိသေးပါ။
တိုက်ပွဲများ ပြင်းထန်လာသည်နှင့်အမျှ စစ်ကောင်စီက လေကြောင်းမှ တိုက်ခိုက်မှုများကိုလည်း ပြင်းပြင်းထန်ထန်လုပ်ဆောင်လာသည်။ လက်တလော မေလကုန်ပိုင်းတွင် လေကြောင်းက တိုက်ခိုက်ခံရမှု အများဆုံးဒေသမှာ စစ်ရေးအခြေအနေ အပြင်းထန်ဆုံးဖြစ်နေသည့် တပ်မဟာ (၆) နယ်မြေအတွင်းဖြစ်သည်။
တိုက်ပွဲများနှင့် လေကြောင်းတိုက်ခိုက်မှုများကြောင့် အရပ်သားများလည်း နေရပ်စွန့်ခွာထွက်ပြေးနေကြရပြီး ပြီးခဲ့သည့် ဧပြီလကုန်ပိုင်းအထိ စာရင်းပြုစုချက်များအရ KNU တပ်မဟာ ခုနစ်ခုလုံးအတွင်း နေရပ်စွန့်ခွာ ထွက်ပြေးနေရသူ ၁,၁၇၁,၃၈၇ ဦး ရှိကြောင်း ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ရက် (KPSN)၏ ထုတ်ပြန်ချက်အရ သိရသည်။


Leave a Reply