နပခ တိုင်းစစ်ရုံးအတွင်း နေရာအချို့သာကျန်ရှိတော့ AA အသိပေး (ရုပ်သံ)

ရခိုင်ပြည်နယ်၊ အမ်းမြို့ရှိ စစ်ကောင်စီ၏ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ)အား တိုက်ခိုက်သိမ်းပိုက်နေရာ တိုင်းစစ်ရုံးအတွင်း အနည်းငယ်သောနေရာအချို့သာ ကျန်ရှိတော့သည်ဟု အာရက္ခတပ်တော်(AA)က အသိပေးထုတ်ပြန်သည်။

ထို့အပြင် တိုင်းစစ်ရုံးအတွင်း၌ အင်အားရာချီခန့်ရှိသေးသော ရန်သူများမှာလည်း ထိုးစစ်ကို အသည်းအသန် ခုခံကာကွယ်နေရသည်ဟု AAက ဆိုသည်။

ထို့အပြင် စစ်ကောင်စီက ရခိုင်ရိုးမတောင်တန်းထက်မှ လက်နက်ကြီးများဖြင့် တိုက်ပွဲရှိရာနေရာများသို့ အဆက်မပြတ် ပစ်ခတ်တိုက်ခိုက်နေ၍ ၎င်းတို့တပ်ဖွဲ့ဝင်များထံ ထိမှန်ကျရောက်၍ သေဆုံး၊ ဒဏ်ရာရရှိမှုများရှိခဲ့သည်ဟုလည်း အသိပေးထားသည်။

လေကြောင်းမှလည်း မရပ်မနား ပစ်ခတ်တိုက်ခိုက်နေသောကြောင့် နပခ ၌ မြေပြင်တိုက်ပွဲထက် ရန်သူ့ လက်နက်ကြီး၊ လေကြောင်းပစ်ခတ်တိုက်ခိုက်မှုများကြောင့် တိုက်ပွဲမှာ ပြင်းထန်နေရခြင်းဟု ဆိုသည်။

ထို့အပြင် ဒီဇင်ဘာ ၁၈ ရက်တွင်လည်း အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) ဝန်းကျင်တွင် လက်နက်ချ အလင်းဝင်ရောက်သူများ ဆက်လက်ရှိနေဆဲဟု ထပ်မံ အသိပေးထားသည်။

ဂွမြို့တွင်းတိုက်ပွဲမှာလည်း ယခင်ရက်များနည်းတူ ဆက်လက်ပြင်းထန်နေပြီး ယနေ့တွင် ဂွမြို့တွင်းတိုက်ပွဲအတွင်းမှ ရန်သူ့အလောင်း၊ လက်နက်ခဲယမ်း အမြောက်အမြားတို့ကို ထပ်မံသိမ်းဆည်းရမိသည်ဟု AAက ဆိုသည်။

ထို့အပြင် မောင်တောမြို့ရှိ အမှတ် (၅)နယ်ခြားစောင့် ရဲတပ်ဖွဲ့ခွဲ (နခခ-၅)မှ ထွက်ပြေးလွတ်မြောက်နေသော စစ်ကောင်စီတပ်၏ တပ်မ(၂၂) တပ်မမှူး ဗိုလ်မှူးကြီး အောင်နေမျိုးကို အသေဖမ်းမိခဲ့ကြောင်း အာရက္ခတပ်တော်(AA)က ယနေ့ညပိုင်းတွင် ကနဦး ထုတ်ပြန်ထားသည်။

မောင်တောမြို့၌ တခုတည်းကျန်နေသည့် နခခ(၅)ကို အာရက္ခတပ်တော်က ဒီဇင်ဘာ ၈ရက်တွင် အပြီးသိမ်းနိုင်ခဲ့ရာ အမှတ်(၂၂) ခြေမြန်တပ်မဌာနချုပ် (တမခ-၂၂) မှ တပ်မမှူး ဗိုလ်မှူးကြီးအောင်နေမျိုးအပါအဝင် လက်နက်ချအညံ့မခံဘဲ ထွက်ပြေးနေသည့် စစ်ကောင်စီတပ်များကို လိုက်လံရှင်းလင်းစဉ် ဗိုလ်မှူးကြီး အောင်နေမျိုးကို ဒီဇင်ဘာ ၁၇ရက်တွင် အသေမိခဲ့သည်ဟု ဆိုသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *