ဒီမိုကရေစီနည်းကျ ရွေးချယ်တင်မြှောက်ထားတဲ့ အစိုးရကို စစ်အာဏာသိမ်းဖြုတ်ချပြီး မြန်မာနိုင်ငံကို ဖရိုဖရဲဖြစ်စေတာ လေးနှစ်ကြာပြီးနောက်မှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ စစ်ကောင်စီက ဒီဇင်ဘာလမှာ စီစဉ်ထားတဲ့ ရွေးကောက်ပွဲမှာ နိုင်ငံအကျိုးအတွက် အမှန်တကယ် အလုပ်လုပ်နိုင်တဲ့ သမ္မတလောင်းကို ထောက်ခံဖို့ သူ့တပ်တွေကို တိုက်တွန်းပါတယ်။
စစ်အုပ်ချုပ်ရေး ခိုင်မာစေဖို့ အတုအယောင်အဖြစ် ကျယ်ကျယ်ပြန့်ပြန့် ရှုတ်ချခံရတဲ့ ရွေးကောက်ပွဲမှာ အနိုင်ရသူကို အာဏာလွှဲပေးဖို့ သူ့ကတိကို ထပ်ပြောပြီး ရက်ပိုင်းအတွင်း စစ်ကောင်စီခေါင်းဆောင်ဟာ ရှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံက စစ်တပ်မိသားစုတွေကို သွားရောက် တွေ့ဆုံတာဖြစ်တယ်။
၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲမှာ တောင်ပြိုကမ်းပြိုနိုင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) နဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) အပါအဝင် ဒီမိုကရေစီပါတီတွေကို စစ်ကောင်စီက ဖျက်သိမ်းပြီးနောက် စစ်တပ်ကျောထောက်နောက်ခံပြု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ဟာ ဒီဇင်ဘာလ ရွေးကောက်ပွဲမှာ အင်အားအကြီးမားဆုံးပါတီ ဖြစ်လာပါတယ်။
USDP ဥက္ကဋ္ဌ ဗိုလ်မှူးချုပ်ဟောင်း ဦးခင်ရီက သူ့ပါတီဟာ ရွေးကောက်ပွဲအတွက် အဆင်သင့်ပဲလို့ ပြောပါတယ်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ စစ်အရာရှိဟောင်းတွေ လွှမ်းမိုးတဲ့ USDP အတွက် မဲဆွယ်ပွဲ စတင်နေပုံရပြီလို့ လေ့လာသူတွေက ပြောပါတယ်။
၂၀၂၀ ရွေးကောက်ပွဲမှာ ကိုယ်စားလှယ်နေရာ ဒါဇင်အနည်းငယ်ပဲ ရပြီးနောက် USDP ဟာ မဲလိမ်မှု စွပ်စွဲချက်တွေအတွက် စစ်တပ်က ကြားဝင်ရေး တိုက်တွန်းဖို့ ပါတီငယ်လေးတွေကို စည်းရုံးပြီး မင်းအောင်လှိုင် စစ်အာဏာသိမ်းဖို့ အုတ်မြစ်ကူညီချထားပေးခဲ့တယ်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းမှု မတိုင်မီနဲ့ နောက်ပိုင်းမှာ အဲဒီတုန်းက USDP ဒုဥက္ကဋ္ဌ ဦးခင်ရီဟာ စစ်အာဏာသိမ်းမှု တရားဝင်ရေးအတွက် စစ်တပ်ထောက်ခံပွဲတွေ စီစဉ်ပေးတယ်။
၂၀၂၀ ရွေးကောက်ပွဲဟာ “အများအားဖြင့် လွတ်လပ်ပြီး မျှတတယ်” လို့ နိုင်ငံတကာလေ့လာသူတွေက ကြေညာပါတယ်။
၂၀၁၅ ခုနှစ်က ရွေးကောက်ပွဲမှာ NLD က တနိုင်ငံလုံးမှာ အများစု အနိုင်ရပေမယ့် ရှမ်းပြည်နယ်မှာ USDP ထောက်ခံမှု များပါတယ်။ ၂၀၂၀ ရွေးကောက်ပွဲမှာ NLD က အဲဒီဆုံးရှုံးမှုတွေကို ပွတ်ကာသီကာ ချေဖျက်ခဲ့ပေမယ့် စစ်တပ်လက်ဝေခံပါတီဟာ အဲဒီဒေသမှာ ခိုင်မာတဲ့ထောက်ခံမှုရကြောင်း ရလဒ်တွေက ပြသနေပါတယ်။
NLD နဲ့ SNLD ရဲ့ ယှဉ်ပြိုင်မှုတွေကို ဖယ်ရှားလိုက်ပြီးနောက်မှာ USDP ဟာ ဒီဇင်ဘာလမှာ ကျင်းပမယ့် ရွေးကောက်ပွဲမှာ USDP အနိုင်ရပြီး လက်ညှိုးထောင် ခေါင်းညိတ် လွှတ်တော်အတုအယောင်ကို လွှမ်းမိုးမယ့် အလားအလာရှိပြီး မင်းအောင်လှိုင် သမ္မတဖြစ်ရေး ကာလကြာမြင့်တဲ့ ရည်မှန်းချက်ကို ဖြည့်ဆည်းပေးဖို့ လမ်းဖွင့်ပေးလိုက်ပါတယ်။
စစ်ကောင်စီက ရေးဆွဲတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ အောက်လွှတ်တော် (ပြည်သူ့လွှတ်တော်)၊ အထက်လွှတ်တော် (အမျိုးသားလွှတ်တော်) နဲ့ စစ်တပ်ကခန့်တဲ့ ကိုယ်စားလှယ်တွေဟာ လွှတ်တော်ကိုယ်စားလှယ်ထဲကဖြစ်စေ၊ ပြင်ပပုဂ္ဂိုလ်ဖြစ်စေ သမ္မတလောင်းတဦးစီ အမည်စာရင်း တင်သွင်းနိုင်ပါတယ်။ လွှတ်တော်မှာ နေရာ ၂၅ ရာခိုင်နှုန်း ယူထာတဲ့ စစ်တပ်က ခန့်အပ်သူတွေနဲ့ USDP ဟာ အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင် သမ္မတရာထူးရဖို့ လုံလောက်တဲ့ အရေအတွက်ရှိပါတယ်။
ဒါကြောင့် USDP ဟာ မင်းအောင်လှိုင်ရဲ့ သမ္မတဖြစ်ရေးအိပ်မက်မှာ အရေးပါတဲ့အခန်းက ပါဝင်ပါတယ်။
အနောက်နိုင်ငံတွေဟာ စစ်အုပ်ချုပ်ရေး သက်ဆိုးရှည်စေမယ့် စစ်ကောင်စီ စီစဉ်တဲ့ ရွေးကောက်ပွဲအတုကို ဆန့်ကျင်ရာမှာ အရပ်သား အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ တခြား စစ်ကောင်စီဆန့်ကျင်ရေးအုပ်စုတွေ၊ မြန်မာပြည်သူတွေနဲ့ ပူးပေါင်းပါတယ်။
တချိန်တည်းမှာပဲ စစ်ကောင်စီရဲ့ အဓိက နိုင်ငံတကာ မဟာမိတ် တရုတ်နဲ့ ရုရှားက ရွေးကောက်ပွဲကို ထောက်ခံပါတယ်။
ဒါပေမယ့် အာဆီယံ အလှည့်ကျဥက္ကဋ္ဌ မလေးရှားက ရွေးကောက်ပွဲ မတိုင်မီ အကြမ်းဖက်မှုရပ်ဆိုင်းဖို့ စစ်ကောင်စီကို တိုက်တွန်းပါတယ်။
“မြန်မာပြည်သူတွေ တစိတ်တပိုင်းသာ ပါဝင်ရင် ရွေးကောက်ပွဲကျင်းပစရာ အကြောင်းမရှိဘူး” လို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီး မစ္စတာ မိုဟာမက် ဟက်ဆန်က မေလ ၂၅ ရက်နေ့မှာ ပြောပါတယ်။
နိုင်ငံပိုင်နက် ၄ ပုံ ၁ ပုံ အောက်ကိုသာ စစ်တပ်က ထိန်းချုပ်နိုင်ကြောင်း ခန့်မှန်းတွက်ချက်မှုတွေက ဖော်ပြပြီး စစ်ကောင်စီကလည်း ရွေးကောက်ပွဲမတိုင်မီ လူဦးရေ ၅၁ ကျော် ရှိတဲ့အနက် လူ ၃၂.၂ သန်းကို သန်းခေါင်စာရင်းကောက်ယူဖို့ ကြိုးစားရာမှာ လူ ၁၉ သန်းကျော်ကို သန်းခေါင်စာရင်း မကောက်နိုင်ခဲ့ကြောင်း ဝန်ခံပါတယ်။
လက်ရှိအချိန်အထိ စစ်ကောင်စီဟာ ရွေးကောက်ပွဲအတွက် နိုင်ငံရေးပါတီ ၅၄ ခုကို ခွင့်ပြုထားပါတယ်။ USDP နဲ့အတူ စစ်ကောင်စီနဲ့နီးစပ်တဲ့ ယှဉ်ပြိုင်သူတွေမှာ ဦးကိုကိုကြီး ဦးဆောင်တဲ့ ပြည်သူ့ပါတီ (PP)၊ ဒေါ်သက်သက်ခိုင် ဦးဆောင်တဲ့ ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) နဲ့ စိုင်းအိုက်ပေါင်း ခေါင်းဆောင်တဲ့ ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP) တို့ ရွေးကောက်ပွဲဝင်မှာ ဖြစ်ပါတယ်။
မဲဆွယ်ပွဲကို ရွေးကောက်ပွဲ မတိုင်ခင် သုံးလမှာ စတင်ရမှာ ဖြစ်ပါတယ်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ မောင်ကဝိ၏ Junta Boss Hits Campaign Trail in Pursuit of Myanmar Presidency ကို ဘာသာပြန်သည်။)


Leave a Reply