အဆိုတော်ပိုပိုအား ဆန္ဒပြသည့် တောင်ကိုရီးယားရောက်မြန်မာများနှင့် Bar လာရောက်သူအချို့ ခိုက်ရန်ဖြစ်ပွား
တောင်ကိုရီးယားနိုင်ငံရောက် မြန်မာများက အဆိုတော် ပိုပို၏ ဖျော်ဖြေပွဲအား ကန့်ကွက်ဆန္ဒပြနေကြစဉ် Bar သို့ လာရောက်သူ မြန်မာအချို့နှင့် ထိပ်တိုက်တွေ့မှု ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

မေလ ၃၁ ရက် ညနေ ၅နာရီမှ ဇွန်လ၁ရက်နေ့ နံနက်ပိုင်းအထိ တောင်ကိုရီးယားအင်ချွန်းမြို့ရှိလေပြေ Bar နှင့် စားသောက်ဆိုင်အရှေ့တွင် ‘ရေပေါ်ဆီအနုပညာရှင် ပိုပို တောင်ကိုရီးယားမှာဖျော်ဖြေမှုအလိုမရှိ’ ဟူသော ဆိုင်း ဘုတ်ကိုင်ဆောင်၍ တောင်ကိုရီးယားရောက်မြန်မာ ၅၀ ခန့် ဆန္ဒထုတ်ဖော်ခဲ့ကြခြင်းဖြစ်သည်။
ထိုကဲ့သို့ဆန္ဒထုတ်ဖော်နေစဉ် လေပြေဆိုင်ထဲမှ ထွက်လာသူနှစ်ဦးနှင့် ကန့်ကွက်ဆန္ဒပြသူများကြား အနည်းငယ်ခိုက်ရန်ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ဆန္ဒထုတ်ဖော်ရာတွင်ပါဝင်ခဲ့သူ CDM ဗိုလ်ကြီး လင်းထက်အောင်က ပြောသည်။
“မူးနေတဲ့သူနှစ်ယောက်ကနေပြီးတော့ ဆင်းလာပြီးတော့ ဆန္ဒပြနေတဲ့သူတွေကို တော်လှန်ရေးနဲ့ပတ်သက်ပြီးတော့ ရိုင်းစိုင်းတဲ့စကားတွေနဲ့ ဆဲဆိုတယ်။ မင်းတို့ကောင်တွေ ဘာလဲညာလဲဆိုပြီးတော့ စိန်ခေါ်တဲ့ပုံစံမျိုးတွေလုပ်တယ်။ အဲ့တော့ လာရောက်ဝန်းရံတဲ့သူတွေနဲ့ အနည်းငယ် စကားများတာတော့ဖြစ်ခဲ့ပါတယ်။လူအုပ်ကြီးထဲတော့ သူတို့မျက်နှာကိုထိုးမိလား၊ မထိုးမိလားဆိုတာတော့ သေချာပြောလို့မရပါဘူး။ လာရောက်ပြဿနာရှာသူကိုယ်တိုင်က မူးနေတာဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။

အဆိုပါဆန္ဒထုတ်ဖော်မှုကို ဗိုလ်သံချောင်းထောက်ပို့အဖွဲ့နှင့် မြင်းခြံ Generation Z တို့မှ ဦးဆောင်ပါဝင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“တောင်ကိုရီးယားမှာ လူအစုလိုက်ဆန္ဒပြမယ်ဆိုရင် ၄၈ နာရီတိုင်ကြားရမယ်ပေါ့နော်။ အဲ့နေ့ကကျွန်တော်တို့သွားတိုင်ကြားတော့ ၄၈ နာရီမပြည့်တဲ့အတွက်တဦးချင်းပဲ ဆိုင်းဘုတ်ကိုင်ပြီးဆန္ဒပြရတာပေါ့။ဘေးနားကနေပြီးတော့ကျန်တဲ့သူတွေကဒါကို လာရောက်ဝန်းရံကြတာပေါ့”ဟုကိုလင်းထက်အောင်က ပြောသည်။
ဆိုင်ရှင်ဘက်မှလည်း ၎င်းတို့ဆိုင်သို့လာရောက်သူအား ကိုယ်ထိလက်ရောက်စော်ကားသည့်အတွက်ဟုဆိုကာ ရဲတိုင်ကြားမည်ဖြစ်ကြောင်း Live လွှင့် ပြောဆိုခဲ့သည်။ သို့သော် နောက်ဆက်တွဲ အမှုဆက်မဖြစ်တော့ကြောင်း ဆန္ဒပြရာတွင် ပါဝင်ခဲ့သူများထံမှ သိရသည်။

လေပြေ Bar နှင့်စားသောက်ဆိုင်တွင် အဆိုတော်ပိုပိုလာရောက်ဖျော်ဖြေမည်ဖြစ်ကြောင်း ကြော်ငြာခဲ့ရာတွင် တောင်ကိုရီးယားရောက်မြန်မာများမှ ဝိုင်းဝန်းကန့်ကွက်ခဲ့ကြသည့်အတွက် ပွဲအစီအစဉ်ကို ဖျက်သိမ်းကြောင်း ဆိုင်ဘက်မှ ပြန်လည်ကြေညာခဲ့သည်။
သို့သော်လည်း မေလ ၃၁ ရက်နေ့ ညပိုင်းတွင် အဆိုတော်ပိုပို သီချင်းဆိုဆို၊ မဆိုဆိုဆန္ဒပြကြမည်ဖြစ်သည့်အတွက်ဟုဆိုကာ အဆိုတော်ပိုပိုအား ၎င်း၏ဘားတွင် သီချင်းဆိုခိုင်းခဲ့ကြောင်း ဆိုင်ဘက်က ထပ်မံဖော်ပြလာသည်ကိုလည်း တွေ့ရသည်။
အဆိုတော်ပိုပိုသည် စစ်အာဏာသိမ်းမှုကိုဆန့်ကျင်သည့် လမ်းပေါ်ထွက် လှုပ်ရှားမှုများတွင် ပါဝင်ခဲ့ခြင်းကြောင့် ၂၀၂၁ ခုနှစ် ဧပြီလတွင် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး ရာဇသတ်ကြီးပုဒ်မ ၅၀၅(က)ဖြင့် ထောင်ဒဏ် သုံးနှစ်ချမှတ်ခံခဲ့ရသည်။
၎င်းသည် တနှစ်နီးပါးအကြာတွင် ပြန်လည်လွတ်မြောက်လာခဲ့သည်။

သို့သော်စစ်ကောင်စီနှင့် နီးစပ်သည့်အဆို တော်ယုန်လေးကို ၎င်းထောင်မှထွက်ထွက်ချင်း ကျေးဇူးတင်စကားပြောခြင်း၊ စစ်ကောင်စီနှင့်နီးစပ်သူများနှင့် ထဲထဲဝင်ဝင်ပေါင်းသင်းဆက်ဆံခြင်းများ၊ လူထုလက်မခံသည့် ပြည်ပရှိုးပွဲများကိုစီစဉ်ခြင်းများကြောင့် ပြည်သူလူထုမှ ‘ရေပေါ်ဆီအနုပညာရှင်’ အဖြစ် သတ်မှတ်ခံထားရသူတဦး ဖြစ်သည်။


Leave a Reply