ကမ္ဘာပေါ်မှာ အာဏာအရှိဆုံး နိုင်ငံရေးသမားနဲ့ အချမ်းသာဆုံးပုဂ္ဂိုလ်တို့ ကြားက ညီရင်းအစ်ကို အဖြစ် ပုံဖော်ထားတဲ့ဆက်ဆံရေး ယိုယွင်းပျက်စီးလာပါပြီ။ သူတို့ နှစ်ဦးကြားက တင်းမာမှုတွေကလည်း အထွတ်အထိပ်ကိုရောက်လာပါပြီ။
ဒါကြောင့်လည်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ နည်းပညာဘီလျံနာ သူဌေးကြီး အီလွန်မတ်စ် တို့ကြား ဆက်ဆံရေး ပျက်ယွင်းပေါက်ကွဲလာမှုကို တစ်ကမ္ဘာလုံးက သိသာမြင်သာလာပါပြီ။
နှစ်ဦးလုံးက သူတို့အသံတွေကို ကမ္ဘာက သိအောင် အကျယ်ဆုံးပြောနိုင်သူတွေပါ။တကယ်တမ်းတော့ သူတို့အချင်းချင်းကြားမှာ လှည့်စားမှုတွေရှိနေခဲ့ပါတယ်။ ဒီလိုအသံတွေထွက်ဖူးခဲ့ပေမဲ့ အခုတော့ သူတို့ကြား သဘောထားကွဲလွဲမှု စကားလုံးစစ်ပွဲတွေ လူသိရှင်ကြားဖြစ်လာရတဲ့အထိ ဆက်ဆံရေးတင်းမာလာပါပြီ။
ထရမ့်က မတ်စ် ပိုင်ဆိုင်တဲ့ စီးပွားရေးလုပ်ငန်းတွေအတွက် အစိုးရရဲ့ထောက်ပံ့ငွေတွေနဲ့ ဖက်ဒရယ်အစိုးရနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်တွေကို ဖျက်သိမ်းဖို့သင့်ကြောင်း ခြိမ်းခြောက်ခဲ့သလို မတ်စ်ကတော့ ထရမ့်ကို လွှတ်တော်မှာ တရားဝင် စွပ်စွဲပြစ်တင်တာမျိုးလုပ်သင့်တယ်လို့ ပြောပါတယ်။
ပြဿနာဇစ်မြစ်ကိုခြေရာကောက်မယ်ဆိုရင် လွှတ်တော်ကို ထရမ့်တင်သွင်းခဲ့တဲ့ အခွန်ဆိုင်ရာနဲ့ အစိုးရအသုံးစရိတ်ဆိုင်ရာ (Big Beautiful Bill) အဆိုမူကြမ်းကြောင့်ဖြစ်ပါတယ်။
အဲဒီမူကြမ်းထဲမှာ အခွန်ပိုင်းဆိုင်ရာဖြေလျှော့မှုတွေနဲ့ နိုင်ငံရဲ့ ကာကွယ်ရေး အသုံးစရိတ်ကို မြှင့်တင်ဖို့တွေပါဝင်ပါတယ်။ မတ်စ် ကတော့ နိုင်ငံအတွက်ကုန်ကျစရိတ်ကြီးမားတဲ့ အဲဒီဥပဒေမူကြမ်းဟာ သူဦးဆောင်ခဲ့တဲ့ အစိုးရ အစွမ်းထက်မှုဌာန (Doge) ရဲ့အားထုတ်ခဲ့မှုတွေကို အလဟဿ ဖြစ်စေတယ်လို့ စွပ်စွဲထားပါတယ်။
ထရမ့်က ပြီးပြည့်စုံမှုအရှိဆုံး အခွန်ဆိုင်ရာအဆိုပြုချက်လို့ ပုံဖော်ထားတဲ့ ဒီမူကြမ်းကို မတ်စ် ကတော့ အမှိုက်ပုံးထဲပစ်ရမယ်ဆိုတဲ့အထိ ဝေဖန်ပါတယ်။
ဘဲဥပုံရုံးခန်းမှာ ဂျာမန်ခေါင်းဆောင်နဲ့တွေ့ဆုံမှုအပြီး သတင်းထောက်တွေနဲ့တွေ့ဆုံချိန်မှာ ထရမ့်က သူ မတ်စ် ကို စိတ်ပျက်နေကြောင်းနဲ့ သူတို့ကြားမှာ ရင်းနှီးတဲ့ဆက်ဆံရေးရှိခဲ့ပေမဲ့ အဲဒီအခြေအနေ ဆက်ရှိဖို့ မသေချာတော့ဘူးလို့ လူသိရှင်ကြားထုတ်ပြောခဲ့ပါတယ်။
အဲဒါကိုတုံ့ပြန်တဲ့အနေနဲ့ မတ်စ် က သူ့ကိုယ်ပိုင် လူမှုကွန်ရက် X ပေါ်မှာ ထရမ့်ကို စတင်တိုက်ခိုက်ခဲ့သလို ဆက်တိုက် တိုက်ခိုက်မှုတွေဆက်လုပ်နေပါတယ်။
ထရမ့်ကလည်း မတ်စ်က ”ရူးသွားပြီ” လို့ အကြိမ်ပေါင်းများစွာပြောခဲ့ပါတယ်။
ထရမ်နဲ့ ကြားကပြဿနာတွေ ပေါ်ထွက်လာချိန်မှာပဲ မတ်စ်ပိုင်ဆိုင်တဲ့ Tesla ရဲ့ စတော့ရှယ်ယာတွေ ၁၄ ရာခိုင်နှုန်းအထိ သိသိသာသာကျဆင်းသွားခဲ့ပြီး ဒေါ်လာ ၁၅၀ ဘီလီယံလောက် ဆုံးရှုံးသွားပါတယ်။
ဒါက သူ့ရဲ့ ကုမ္ပဏီသက်တမ်းတလျှောက် တစ်ရက်အတွင်း ရှယ်ယာတန်ဖိုး စံချိန်တင်ကျဆင်းမှုလည်း ဖြစ်လာပါတယ်။ ဒါအပြင် EV ကုမ္ပဏီရဲ့ တန်ဖိုးကလည်း ဒေါ်လာ ၁ ထရီလီယံသတ်မှတ်နှုန်းအောက် ကျဆင်းသွားပါတယ်။
”ကျွန်တော်တို့ရဲ့ ဘီလျံဒေါ်လာဘီလီယံပေါင်းများစွာကို ချွေတာဖို့ အလွယ်ဆုံးအကောင်းဆုံးနည်းလမ်းက အီလွန် မတ်စ် ကို အစိုးရက ထောက်ပံ့ထားတဲ့ငွေတွေ ကို ဖြတ်တောက်လိုက်ဖို့ပဲ။ အစိုးရထောက်ပံ့ကြေးစာချုပ်တွေကို ရပ်လိုက်ဖို့ပဲ” လို့ ထရမ့်က သူ့ကိုယ်ပိုင် Truth ဆိုရှယ်မီဒီယာမှာ ခြိမ်းခြောက်ရေးသားပါတယ်။
ဒါပေမဲ့ တဖက်တည်းက ဒီလိုပြောနေတာတော့ မဟုတ်ပါဘူး။ မတ်စ် ကလည်း ထရမ့်လုပ်လိုတယ်ဆိုရင် ထောက်ပံ့ငွေ ဖြတ်တောက်တာကို လုပ်နိုင်ကြောင်း ရဲရဲတောက်စိန်ခေါ် ခဲ့ပါတယ်။
ဒါတင်မက သူ့ရဲ့ ကိုယ်ပိုင် Dragon အာကာသယာဉ်ကို ဖျက်သိမ်းပစ်လိုက်ဖို့ကို အရှိန်မြှင့်ဆက်လုပ်မယ်လို့ တန်ပြန်ခြိမ်းခြောက်ခဲ့ပါတယ်။ Dragon ဟာ အမေရိကန် အာကာသယာဉ်မှူးတွေနဲ့ နိုင်ငံတကာ အာကာသစခန်းတွေကို ရိက္ခာများ သယ်ဆောင်ဖို့ အားကိုးအားထားပြုနေရတဲ့ အာကာသယာဉ်ဖြစ်ပါတယ်။
ဒါပေမဲ့ နောက်ပိုင်းမှာတော့ အဲဒီကိစ္စကို သူ ဆက်မပြောတော့ပါဘူး။
အီလွန်မတ်စ် ဘက်က ထရမ့်ကို တန်ပြန်ထိုးနှက်မှုတွေထဲ မှာလာမယ့် ရွေးကောက်ပွဲမှာ ရီပတ်ဘလီကန်အမတ်တွေအတွက် ရန်ပုံငွေပြဿနာဖြစ်စေရမယ်ဆိုတဲ့ မဆင်မခြင်ပြောဆိုမှုတွေပါဝင် ပါတယ်။ အဆိုးဆုံးကတော့ ဇွန် ၅ ရက်က တုံ့ပြန်မှုပါ။
“တကယ်ကြီးမားတဲ့ဗုံး” ကိုပစ်ချလိုက်ပြီလို့ မတ်စ် က ပြောပြီး ကွယ်လွန်ခဲ့ပြီဖြစ်တဲ့ အရွယ်မရောက်သူများနဲ့ လိင်ပြစ်မှုကျူးလွန်ခဲ့သူ Jeffrey Epstein ရဲ့ အများပြည်သူမသိသေးတဲ့ ဖိုင်တွေရှိတယ်လို့ X မှာရေးပါတယ်။ အဲဒီဖိုင်တွေထဲမှာ ထရမ့်ပါဝင်ပတ်သက်နေတယ်လို့ အထောက်အထားမရှိစွပ်စွဲပြောဆိုတာဖြစ်ပါတယ်။
ထရမ့်ရဲ့ အိမ်ဖြူတော်ပြောခွင့်ရ ကယ်ရိုလိုင်း ကတော့ မတ်စ်ရဲ့ ပြောဆိုချက်တွေက စွပ်စွဲချက်တွေသာဖြစ်တယ်လို့ တုံ့ပြန်ပါတယ်။
” သူလိုချင်တဲ့ မူဝါဒတွေ မပါဝင်လို့ Big Beautiful Bill ( ထရမ့်ရဲ့ အခွန်ဆိုင်ရာမူကြမ်း) ကို မပျော်ရွှင်တဲ့ အီလွန် ရဲ့ ကံဆိုးတဲ့ ဇာတ်လမ်းတစ်ပုဒ်ပါ” လို့ ကယ်ရိုလိုင်းက ပြောပါတယ်။
တကယ်တမ်းတော့ မတ်စ်က ထရမ့်ရဲ့ အစိုးရတစ်ခုလုံးကို တိုက်ဖျက်နိုင်မှာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ သူက ထိပ်ပိုင်းနိုင်ငံရေးထဲက အတွင်းရေးတွေကို အတိအကျသိထားသလို ပြောနိုင်မယ့်သူဖြစ်သွားပြီ။ ထရမ့် နဲ့ ရီပတ်ဘလီကန်တွေရဲ့ အတွင်းရေးတွေကို ခြေခြေမြစ်မြစ်လည်း သူသိထားပါတယ်။
ဒီအချက်ကို ထရမ့်က သဘောပေါက်ပါတယ်။ ဒါကြောင့်လည်း အိမ်ဖြူတော်ရဲများကို ချီးကျူးဂုဏ်ပြုပွဲအခမ်းအနားမှာ မတ်စ်နဲ့ ပတ်သက်ပြီး မှတ်ချက်ပြုတာကိုရှောင်ခဲ့ပါတယ်။
သူ့ရဲ့ Truth Social မှာတော့ မတ်စ်ကို ”ဆန့်ကျင်လုပ်ဆောင်”ဖို့ ဝန်မလေးပေမဲ့ မတ်စ်ဟာ ပြီးခဲ့တဲ့လပိုင်းတွေကတည်းက အစိုးရတာဝန်ကနေ နုတ်ထွက်သင့်ခဲ့တယ်လို့ ရေးပါတယ်။ အဲဒီနောက် ထရမ့်ဟာ သူ့ရဲ့ “ကြီးမား လှပတဲ့” အခွန်နှင့် အသုံးစရိတ် ဥပဒေမူကြမ်း အတည်ပြုရေးဘက်ဆီ ဦးတည်လုပ်ဆောင်ခဲ့ပါတယ်။
ဒါပေမဲ့ ဇွန် ၄ ရက်ကစလို့ လူသိထင်ရှားဖြစ်လာတဲ့ ပြဿနာက ပုံမှန်အခြေအနေကို ပြန်လည်လျှောက်လှမ်းကြဖို့ နှစ်ဦးလုံးအတွက်ခက်ခဲသွားစေပြီဖြစ်ပါတယ်။


Leave a Reply