တနင်္သာရီတိုင်း ထားဝယ်ခရိုင် ထီးခီးနယ်စပ်ကုန်သွယ်ရေးဇုန်ရှိ လက်ကျန်တပ်စခန်း ၂ခုမှ စစ်သားများ ထွက်ပြေး သွားသဖြင့် ယခုအခါ ယင်းနယ်စပ်တလျှောက် စစ်ကောင်စီတပ်များ ကင်းသွားပြီဟု ကရင်အမျိုးသားအစည်းအရုံး (KNU)တပ်မဟာ ၄ ထားဝယ်ခရိုင် အတွင်းရေးမှုး ပဒိုစောအယ်နားက ပြောသည်။
ထီးခီးနယ်စပ် စီးပွားရေးဇုန်သည် ထားဝယ်နှင့် ၉၇ မိုင်ဝေးပြီး မေတ္တာမြို့နယ်ခွဲတခုသာခြားကာ အဓိက စခန်းကြီးဖြစ်သည့် ထီးထဗျူဟာ အပါအဝင် ထီးခီး၊ ဗောဓိ၊ ငါးရံ့နီစသည့် တပ်စခန်းငယ်များကို ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) ပူးပေါင်းတပ် များက ၃လအတွင်း ရှင်းလင်းခဲ့ခြင်းဖြစ် သည်။
ပဒိုစောအယ်နားက “ထီးခီးဒေသတလျောက်မှာတော့ လက်ကျန်စခန်းက ငါးရံ့နီစခန်းတခုပဲရှိတယ်။ ကျနော်တို့ ဘာမှ မလုပ်ခင် စကစရဲ့ စစ်တပ်တွေ ထွက်ပြေးကုန်ပြီ။ မေတ္တာနဲ့ထီးခီးထိ စခန်းတခုမှ မကျန်တော့ဘူး “ ဟု ပြောသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးကြခြင်းဖြစ်ပြီး ဗောဓိစခန်းသိမ်း တိုက်ပွဲ၌ တပ်ဖွဲ့ဝင် ၃၀ ကျော် ထွက်ပြေးခဲ့သလို ငါးရံ့နီစခန်းရှိ တပ်ဖွဲ့ဝင်များလည်း ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးခြင်း ဖြစ်ကြောင်း သိရသည်။
ထီးထဗျူဟာနှင့် ထီးခီးနယ်စပ်စခန်းများကို ဧပြီလ ၁၉ ရက်နှင့် မေလ ၉ ရက်က သိမ်းပိုက်နိုင်ခဲ့ပြီး တလကျော်အကြာ လက်ကျန်စခန်းနှစ်ခုကို သိမ်းပိုက် ရှင်းလင်းနိုင်ခြင်း ဖြစ်သည်။
ထားဝယ်မြို့ အရှေ့တောင်ဘက် ၉၇ မိုင်၊ မေတ္တာမြို့နယ်ခွဲ၏ အရှေ့ဘက် ၆၃ မိုင်အကွာ ထီးခီးနယ်စပ် ကုန်သွယ်ရေး စခန်းကို မြေဧရိယာ ၇၄ ဒသမ ၃၈ ဧက ပေါ်တွင် မြန်မာ-ထိုင်း နှစ်နိုင်ငံကုန်သွယ်မှုများ ဆောင်ရွက်နိုင်ရန် ၂၀၁၃ ခုနှစ်က ဖွင့်လှစ်ခဲ့ ခြင်းဖြစ်သည်။
လက်ရှိတွင် ထီးခီးနယ်စပ်၌ စစ်ကောင်စီစခန်းများကင်းစင်သွားပြီဖြစ်သော်လည်း မေတ္တာမြို့နှင့် မေတ္တာ-ထားဝယ် လမ်းတလျောက် စစ်ကောင်စီတပ်စခန်းများ ကျန်ရှိသေးကြောင်း ဒေသခံစစ်ရေး သတင်းရင်းမြစ်က ပြောသည်။
၎င်းက “အပေါ်ကို နည်းနည်းထပ်တက်ရင် နတ်အိမ်ထောင်စခန်း၊ ထားဝယ်ဘက်ကို ဝင်လာရင် သုခစခန်း၊ မေတ္တာဗျူဟာ စခန်း၊ ကျောက်မဲတောင်စခန်းတွေ ကျန်သေးတယ် “ ဟု ပြောသည်။
စစ်ကောင်စီသည် ထီးထဗျူဟာ နှင့် ထီးခီးနယ်စပ်စခန်းများကျရှုံးပြီးနောက် ထိုဒေသကို ပြန်လည်ထိန်းချုပ်နိုင်ရန် ထီးခီး နယ်စပ်လက်ကျန်စခန်းနှစ်ခုသို့ ရဟတ်ယာဉ်ဖြင့် လက်နက်ခဲယမ်းတို့ ပို့ဆောင်ခဲ့သလို ထားဝယ်ဘက်မှလည်း မေတ္တာမြို့ အထိ စစ်ကြောင်းထိုးလာမှုများ ရှိခဲ့သည်ဟု သိရသည်။
KNU)တပ်မဟာ ၄ ထားဝယ်ခရိုင် အတွင်းရေးမှုး ပဒိုစောအယ်နားက “ထီးထနဲ့ ထီးခီးကို သူတို့ပြန်ထိန်းချုပ်ဖို့ ထားဝယ် ဘက်က စစ်ကြောင်းလာတယ်။ ဒါပေမယ့် အဲဒီမေတ္တာနဲ့ ကျောက်မဲတောင်ထိပဲ သူတို့ လာနိုင်တယ်။ ရှေ့ဆက်ပြီး စစ်ကြောင်းမထိုးနိုင်ဘူး။ အဲဒီဘက်မှာ ကျနော်တို့ တပ်ရင်း ၁၀ နဲ့ တပ်ရင်း ၁၂ က ကြားဖြတ်တိုက်ခိုက်တာရှိတယ်။ နောက်တခြားတော်လှန်ရေးအင်အားစုတွေလည်း ကြားမှာရှိတဲ့အတွက် ဒီစစ်ကြောင်းက ဆက်တိုးလို့မရဘူး” ဟု ပြောသည်။
မြန်မာနိုင်ငံတောင်ဘက် ထားဝယ်မြို့၏ မြောက်ဘက် ကပ္ပလီပင်လယ်ပြင်နှင့် ထိုင်းပင်လယ်ကွေ့အနီး အချက်အချာ ကျ သည့်နေရာတွင် အကောင်အထည်ဖော်မည့် ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းသည် ရေနက်ဆိပ်ကမ်း၊ စက်မှုဇုန်၊ လျှပ်စစ်စွမ်းအင်နှင့် အခြားစီမံကိန်းများပါဝင်သလို ထိုစီမံကိန်းအတွက် ထိုင်းနိုင်ငံဘက်မှ လာရောက်သည့် ကုမ္ပဏီများ သည်လည်း ထားဝယ်- ထီးခီး နယ်စပ်ကုန်သွယ်ရေးလမ်းပိုင်းကို အသုံးပြုနေရကြောင်းသိရသည်။
အဆိုပါ ထားဝယ်ရေနက်စီမံကိန်းကို အကောင်အထည်ဖော်ရန် ၂၀၀၈ ခုနှစ်က စစ်အစိုးရနှင့် ထိုင်းနိုင်ငံအခြေစိုက် အီတာလျံထိုင်းကုမ္ပဏီတို့ကြား သဘောတူလက်မှတ်ရေးထိုးခဲ့ကြသော်လည်း ဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၃ ခုနှစ်တွင် စီမံကိန်းအတွက် လိုအပ်သည့်ငွေကြေးကို အချိန်မီ ရှာဖွေဖြည့်ဆည်းခြင်း မပြုနိုင်သည့်အကြောင်းပြချက်ဖြင့် စာချုပ်ကို ရပ်ဆိုင်းခဲ့ကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်က သတင်းထုတ်ပြန်ခဲ့သည်။
ထို့နောက် ဂျပန်ချေးငွေ အကူအညီဖြင့် လုပ်ဆောင်ရန် ကြိုးစားသော်လည်း မအောင်မြင်ခဲ့ဘဲ ယခု အာဏာသိမ်း စစ်ကောင်စီလက်ထက်တွင် ရုရှားနှင့်ပူးပေါင်း အကောင်အထည်ဖော်ရန် စီစဉ်နေရာ အဆိုပါစီမံကိန်းနေရာသည် ထီးခီးနယ်စပ်လမ်းကြောင်းနှင့် ချိတ်ဆက်ထားသည့်အတွက် ထီခီးဒေသကို နယ်မြေပြန်လည်စိုးမိုးနိုင်ရေးမှာ စစ်ကောင်စီအတွက် အရေးကြီးနေသည်။
အာဏာသိမ်းပြီးနောက်ပိုင်း နယ်စပ်ကုန်သွယ်ရေးစခန်းအများစုကို တိုင်းရင်းသားလက်နက်ကိုင်များက သိမ်းပိုက်ထိန်းချုပ် ထားနိုင်ခဲ့ပြီး KNU တပ်မဟာ ၄ ခု လှုပ်ရှားနေသောနယ်မြေတွင် ကုန်သွယ်မှုအကြီးဆုံးဖြစ်သည့် မြဝတီ၊ ထီးခီး၊ မောတောင်၊ မြိတ်နှင့် ကော့သောင်းနယ်စပ်ကုန်သွယ်ရေး ၅ ခုအနက် ကုန်းမြေချင်းထိဆက်နေသည့် နယ်စပ်ဂိတ် အားလုံးနီးပါးကို စစ်ကောင်စီက လက်လွှတ်ထားရကြောင်း၊ မြိတ်နှင့် ကော့သောင်းသည် ပင်လယ်ရေကြောင်းမှသာ တရားဝင် ကုန်သွယ်နေခြင်းဖြစ်ကြောင်း သိရသည်။


Leave a Reply