စစ်ဗိုလ်ချုပ်များက တရုတ်နည်းပညာအခြေပြု ဒစ်ဂျစ်တယ် စောင့်ကြည့်ရေးစနစ်များနှင့် ကွန်ရက်များတိုးချဲ့အသုံးပြုကာ အများပြည်သူကို ပြင်းပြင်းထန်ထန် ဖိနှိပ်နေသည်ဟု ဒစ်ဂျစ်တယ်လုံခြုံရေးနှင့် လူ့အခွင့်အရေးအခြေအနေတို့ကို လေ့လာစောင့်ကြည့်နေသော မြန်မာအင်တာနက်ပရောဂျက်(MIP) အဖွဲ့က ဧပြီလကုန်ပိုင်းတွင် ထုတ်ပြန်ထားသည်။
စစ်တပ်အာဏာသိမ်းပြီးနောက် ၂၀၂၅ ခုနှစ် မတ်လကုန်အထိ အင်တာနက်ဖြတ်တောက်မှု ၃၅၇ ကြိမ် ရှိခဲ့ပြီး စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်နယ်တွင် အင်တာနက် ဖြတ်တောက်မှု အများဆုံးကြုံနေရသည်ဟု ဆိုသည်။
စစ်ကောင်စီ လွှမ်းမိုးချုပ်ကိုင်နိုင်မှု အားနည်းသော ဒေသများတွင် အင်တာနက် ဖြတ်တောက်ထားပြီး ကျန်ဒေသများတွင် စောင့်ကြည့်ရေး နည်းပညာများနှင့် ဖိနှိပ်လျက်ရှိသည်။
ထိုသို့ စောင့်ကြည့်ရေးနည်းပညာများဖြင့် ဖိနှိပ်ရာတွင် မိုဘိုင်းဆင်းမ်ကတ်များ၊ မိုဘိုင်းငွေပေးချေမှု Appနှင့် မဖြစ်မနေဖြည့်သွင်းခိုင်းသည့် နည်းလမ်းများဖြင့် ကောက်ယူနေသည်၊ ပြည်သူတို့၏ ကိုယ်ရေးအချက်အလက်များကို ရယူကာ နည်းလမ်းပေါင်းစုံဖြင့် ကြားဖြတ်နားထောင်ခြင်း၊ အွန်လိုင်းပေါ်မှ စောင့်ကြည့်ခြင်း၊ ခြေရာခံလိုက်ခြင်းမှသည် ဖမ်းဆီးထောင်ချသည်အထိ မတရား ပြုမူနေသည်။
ထို့ကြောင့် ဒစ်ဂျစ်တယ်စောင့်ကြည့်ရေးစနစ် နှင့် ကွန်ရက်များကို စစ်ကောင်စီ မည်သို့မည်ပုံ အသုံးချနေကြောင်း MIP နှင့် နွေဦးလုံခြုံရေး (SRS)မှ တာဝန်ရှိသူ ဦးဟန်ကို ဆက်သွယ်မေးမြန်းထားသည်။
မေး။ ။ အာဏာသိမ်းမှု ၄ နှစ်ကျော်လာပြီးနောက်ပိုင်းမှာ စစ်ကောင်စီရဲ့ ဒစ်ဂျစ်တယ်စောင့်ကြည့် ရေး ယန္တရားတွေ၊ စနစ်တွေကဘယ်လောက်အထိ အားကောင်းလာနေသလဲ။
ဖြေ။ ။ ပြည်တွင်းထဲနေနေကြရတဲ့ ပြည်သူတွေအားလုံး စောင့်ကြည့်ခံနေရပြီလို့ ပြောလို့ရပါတယ်။ ကျွန်တော်တို့ရဲ့ နေ့စဉ်ပြောဆိုနေထိုင်မှုတွေ၊ ကျွန်တော်တို့ရဲ့ တစ်ဦးပုဂ္ဂလိက လွတ်လပ်ခွင့်တွေ၊ ယုံကြည်မှုတွေကိုအားလုံးကို ကျွန်တော်တို့ရဲ့ ပတ်ဝန်းကျင်မှာ လူအားဖြင့်ရော၊ နည်းပညာအားဖြင့်ရော စောင့်ကြည့်ခံနေရပြီ။ အဲဒီကိစ္စတွေကို အွန်လိုင်းပေါ်မှာရော Offline မှာပါ ကြုံတွေ့နေရပြီ။
နောက်တစ်ခုက ပြည်ပကို အလုပ်သွားလုပ်သည်ဖြစ်စေ၊ ပညာသွားသင်သည်ဖြစ်စေ၊ အလည်အပတ်သွားသည်ဖြစ်စေ၊ ဒါမှမဟုတ် ပြည်ပမှ သွားရောက်နေထိုင်သူတွေကိုရော သူတို့တွေဆိုလို့ရှိရင်လည်း မြန်မာနဲ့ပတ်သက်တဲ့ ကိစ္စတွေကိုဆိုရင် အွန်လိုင်းကနေတစ်ဆင့် စောင့်ကြည့်ခံနေရတယ်။
အဲဒီလိုစောင့်ကြည့်မှုတွေထဲမှာ ပိုပြီးတော့အန္တရာယ်ကြီးတယ်လို့ ပြောရမယ့်သူတွေက CDM လုပ်ထားတဲ့ ဝန်ထမ်းတွေက နံပါတ်တစ်ဖြစ်ပါတယ်။ ပြည်တွင်းထဲမှာ ရှိနေတဲ့ CDM လုပ်ထားသူတွေဆိုရင်လည်း ပြည်တွင်း ခရီးသွားလာခွင့်တွေကိုတောင် ဆုံးရှုံးနေတဲ့ အခြေအနေတွေ ကျွန်တော်တို့တွေ့ရှိရတယ်။ ဒီလိုအခြေခံအခွင့်အရေးတွေ ကန့်သတ်ခံထားရသလို နောက်ပြီး ဖမ်းဆီးခံနိုင်ရချေတွေလည်း ရှိနေပါတယ်။
နောက်တစ်ခုက စစ်မှုထမ်းအကျုံးဝင်နေတဲ့ အသက် ၁၈ ကနေ ၃၅ အနှစ်အရွယ် ရှိနေတဲ့ လူငယ်လူရွယ်တွေပေါ့၊ သူတို့တွေကို အသက်အရွယ် အပိုင်းအခြားအလိုက် စာရင်းအတိအကျအားဖြင့် သိထားနိုင်တယ်။ ဒီလိုဆိုတော့ မတရားသဖြင့်စစ်မှုထမ်းဖို့ ဖိအားပေး ခံနေရကြမျိုးတွေလည်း ကြုံတွေ့နေရတာတွေ ရှိပါတယ်။
နောက်တစ်ခုက ပြည်တွင်းထဲမှာ အလုပ်လုပ်နေကြရတဲ့ တော်လှန်ရေးအင်အားစုတွေရဲ့ ဒီမိုကရေစီနဲ့ ဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်ဖို့ လုပ်နေကြတဲ့ တော်လှန်ရေးအလုပ်တွေ ကြိုးပမ်းနေမှုတွေ အပေါ်ကိုလည်း အကန့်အသတ်တွေ ဖြစ်လာနေတယ်။ သူတို့ရဲ့ လှုပ်ရှားမှုတွေအားလုံးက ပိုပြီးတော့ ကျပ်တည်းခက်ခဲတဲ့ အခြေအနေမျိုးတွေကို ရောက်လာတာမျိုးရှိနေတယ်။
သာမန်အရပ်သား ပြည်သူတွေအတွက်ဆိုရင်လည်း သူတို့ရဲ့ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်တွေ၊ သူတို့ရဲ့ နေ့စဉ်ကြုံတွေ့နေရတဲ့ကျပ်တည်းမှုတွေအကြောင်း ထုတ်ဖော်ပြောဆိုဖို့ကိုတောင်မှ ကိုယ့်ကိုယ်ကိုယ် ဆင်ဆာ လုပ်နေကြရတယ်။ ဒါမျိုးတွေကို ဖိနှိပ်တာတွေ၊ အရေးယူတာ၊ ဖမ်းဆီးတာတွေလုပ်နေတာ ဖြစ်တဲ့အတွက် အရပ်သားတွေအနေနဲ့လည်း CDM လည်း မဟုတ်နေဘူး၊ စစ်မှုထမ်းနဲ့လည်း အကျုံးမဝင်ဘူး၊ တော်လှန်ရေးနဲ့ ပတ်သက်ပြီးတော့ ဦးဆောင်ပြီးလုပ်နေသူတွေ မဟုတ်တဲ့တိုင်အောင်မှ စစ်ကောင်စီရဲ့ စနစ်တွေကို ဝေဖန်ပြောဆိုခွင့်တောင် မရတော့တဲ့ အထိဖြစ်နေပြီ။ နေ့စဉ်ဘ၀မှာ အိမ်ထဲပဲ နေနေ၊ အိမ်အပြင်မှာပဲ နေနေ ကျွန်တော်တို့ရဲ့ အချက်အလက်ကို ယူပြီးတော့ စောင့်ကြည့်နေတဲ့ အခြေအနေတစ်ခုကိုတောင် ရင်ဆိုင်ကြုံတွေ့နေရပြီ။
မေး။ ။ အများပြည်သူတွေကို စောင့်ကြည့်တဲ့ စနစ်တွေထဲမှာ အခုနောက်ဆုံး ထွက်ပေါ်လာတဲ့ စနစ်ဖြစ်တဲ့ လူပုဂ္ဂိုလ်တစ်ဦးချင်းကို စိစစ်ပြီး စောင့်ကြည့်တဲ့ PSMS (Person Scrutinizing and Monitoring System) အကြောင်းရှင်းပြပေးပါ၊အဲဒီစနစ်က ဘယ်လိုအလုပ်လုပ်တာလဲ။
ဖြေ။ ။ PSMS ဆိုတာက ဉာဏ်တုနည်းပညာလို့ ခေါ်တဲ့ AI ရယ်၊ Facial recognition လို့ခေါ်တဲ့ မျက်နှာသွင်ပြင် စကန်ဖတ်တဲ့စနစ်ရယ်၊ ဗဟိုချုပ်ကိုင်မှုရှိတဲ့ CCTV ကွန်ရက်ရယ်၊ နောက်ပြီးတော့ National Database (နိုင်ငံသားအားလုံး၏ ကိုယ်ရေးအချက်အလက်များ သိမ်းဆည်းထားသောစနစ်) တို့ စုပေါင်းပြီးတော့ အလုပ်လုပ်တဲ့ စနစ်ဖြစ်ပါတယ်။
အများစုက နယ်စပ်ဖြတ်သန်းတဲ့ နေရာတွေ၊ နယ်စပ်ဂိတ်၊ အထူးသဖြင့်က လေဆိပ်တွေမှာ ဒီစနစ်ကို အဓိက အသုံးပြုတယ်။ အဲဒီစနစ်က မှတ်ပုံတင်နံပါတ် (နိုင်ငံသားစိစစ်ရေးကတ်)ရှိတာနဲ့တင် လူတစ်ယောက်ရဲ့ အချက်အလက်တွေ သိသွားနိုင်တယ်။ ကျွန်တော်တို့ လေ့လာထားသလောက်ကတော့ CDM ဝန်ထမ်းတွေရဲ့ အချက်အလက်တွေ၊ တော်လှန်ရေးမှာပါဝင်လို့ သူတို့ အလိုရှိနေတဲ့သူတွေ၊ ပုဒ်မ ၅၀၅ အပြင် နိုင်ငံရေးပုဒ်မတွေနဲ့ တရားစွဲဆိုပြီး ဖမ်း၀ရမ်းထုတ်ခံထားရတဲ့သူတွေ၊ နိုင်ငံရေးလှုပ်ရှားမှုနဲ့ ပတ်သက်ပြီး ထင်ရှားတဲ့သူတွေ အဲဒီလိုလူမျိုးတွေရဲ့ စာရင်းတွေအကုန်လုံးက ရှိနေပြီ။
အဲဒီတော့ မှတ်ပုံတင်နံပါတ်တစ်ခုတည်းနဲ့ သူတို့ရဲ့ အလိုရှိတဲ့ စာရင်းထဲမှာ ဒီလူက ရှိ၊ မရှိကို အလွယ်တကူနဲ့ သိနိုင်တဲ့ စနစ်ဖြစ်ပါတယ်။ ဥပမာဖြစ်စဉ်တစ်ခုဆိုရင် လူတစ်ယောက်ရဲ့ မှတ်ပုံတင်နံပါတ်တစ်ခုတည်းနဲ့ CDM ဝန်ထမ်းလည်းဖြစ်၊ စစ်မှုထမ်းဥပဒေအရ အကျုံးဝင်တဲ့ အသက်အရွယ်ထဲမှာ ပါဝင်နေတဲ့အကြောင်းကို သူတို့က တန်းပြောလာတဲ့ အခြေအနေဖြစ်လာတာကိုကျွန်တော်တို့ တွေ့ရတယ်။ နောက်ပိုင်းမှာ တဖြည်းဖြည်းနဲ့ ဘာတွေ ထပ်သိလာရလဲဆိုရင် စစ်ဆေးရေးဂိတ်တွေမှာ အဲဒီစနစ်ကိုTablet တွေ သုံးပြီးတော့ စစ်ဆေးလာနေတယ်။
အခုနောက်ပိုင်းမှာလည်း နယ်စပ်ဂိတ်တွေ၊ လေဆိပ်တွေကို ဒီစနစ်ကို အသုံးပြုပြီးတော့ အရေးယူတာတွေ လုပ်ဆောင်တာကိုလည်း ကျယ်ကျယ်ပြန့်ပြန့် လုပ်လာနေတာကို ကျွန်တော်တို့ တွေ့လာရတယ်။ National Database ကိုက သူတို့က ဘယ်လိုစုဆောင်းထားလဲဆိုရင် ပထမဆုံးက ဆင်းမ်ကတ်တွေ မှတ်ပုံတင်ခိုင်းတာ၊ အဲဒီလိုမှတ်ပုံတင်ခြင်းအားဖြင့် ဖုန်းနံပါတ်၊ ကိုယ်ရေးအချက်အလက်တွေကို သူတို့ရသွားတယ်၊ အဲဒီမှ မှတ်ပုံတင် နံပါတ်ရယ်၊ နေရပ်လိပ်စာတို့လို့ အချက်အလက်က အစ စုဆောင်းတာပေါ့။ နောက်တစ်ခုက UID လို့ ခေါ်တဲ့ အများသိကြတဲ့ စမတ်ကတ်ပေါ့၊ အဲဒါလုပ်ဖို့ အတွက်လည်း ဖိအားပေးလုပ်ခိုင်းခဲ့တယ်၊ ခရီးသွားလာမှုအတွက် ဒီစမတ်ကတ်မပါရင် အဆင်မပြေတာမျိုး ဖန်တီးယူပြီး လုပ်ခိုင်းခဲ့တယ်။ နောက်ပိုင်းမှာ ဒီစမတ်ကတ်မပါရင် ပတ်စပို့ (နိုင်ငံကူး လက်မှတ်စာအုပ်) မလုပ်ပေးတာမျိုးအထိ သူတို့လုပ်လာတယ်။
ဒီUID ကောက်တဲ့အချိန်မှာက ဘာတွေပါလဲဆိုတော့ မှတ်ပုံတင်နံပါတ်ရယ်၊ မျက်လုံး စကန်ဖတ်တာ၊ လက်ဗွေယူတယ်၊ သွေးအမျိုးအစားတွေ စသည်ဖြင့် ဇီဝအချက်အလက် (Biometric) ယူတယ်။ နေရပ်လိပ်စာတွေလည်း ယူထားတာဖြစ်တဲ့အတွက် လူတစ်ဦးချင်းစီရဲ့ အချက်အလက်တွေက National Database ထဲကို ရောက်ရှိသွားတာဖြစ်တယ်။ ဒီလိုဖိအားပေးလိုက်ခြင်းအားဖြင့်လည်း National Database အတွက် လိုအပ်တဲ့ အချက်အလက်တွေ စုဆောင်းပြီး သိမ်းဆည်းနိုင်အောင် သူတို့လုပ်ခဲ့တယ်။ နောက်တစ်ခုက၂၀၂၂ ခုနှစ်မှာ ပြန်ကောက်တဲ့ စစ်ကောင်စီရဲ့ သန်းခေါင်စာရင်း ကောက်ယူမှုကနေလည်း အချက်အလက်တွေ စုဆောင်းခဲ့တယ်။

မေး ။ ။ ပြည်တွင်းဘဏ်တွေရဲ့ ဒစ်ဂျစ်တယ်ငွေပေးချေမှု အက်ပလီကေးရှင်းတွေ၊ အဓိကအားဖြင့် ကမ္ဘောဇဘဏ်ရဲ့ Kpay သုံးသူတွေကို စစ်ကောင်စီက ဘယ်လိုစောင့်ကြည့်ပြီး အရေးယူမှုတွေ လုပ်ဆောင်လဲ။
ဖြေ။ ။ ဒီ Kpay အကောင့်တို့ဘာတို့ဆိုတာကလည်း အဓိက မိုဘိုင်းလ်ဖုန်းနံပါတ်နဲ့မှ အကောင့်ဖွင့်ရတယ်၊ အဲဒီဆင်းမ်ကတ်တွေကလည်း ကိုယ်ရေးအချက်အလက် အပြည့်အစုံ စာရင်းသွင်းထားရတယ်၊ နောက်တစ်ခုက အဲဒီ App တွေကို အသုံးပြုဖို့ Face recognition လုပ်ရတယ်၊ ဒါတွေဆိုတော့ ကိုယ့်ရဲ့ အချက်အလက်တွေကို သူတို့(စစ်ကောင်စီ) ရပြီးသားဖြစ်သွားတယ်။ အခုနောက်ဆုံးဆိုရင် MMQR လို ငွေပေးချေမှုစနစ်တွေ အားလုံးရဲ့ ငွေအလွှဲအပြောင်းတွေက ဗဟိုဘဏ်ကို ဖြတ်ရတာဆိုတော့ ကိုယ့်ရဲ့ငွေပေးချေမှု အားလုံးကိုလည်း စောင့်ကြည့်လာနိုင်တယ်။ ကိုယ့်ရဲ့ ငွေကြေးစီးဆင်းတွေက ဘယ်ကိုသွားနေလဲဆိုတာကို စောင့်ကြည့်ပြီး သိနိုင်တယ်။
အဲဒီလိုတွေစောင့်ကြည့်ပြီးတော့ ဘဏ်အကောင့်တွေကို ပိတ်သိမ်းတာ၊ အဲဒီကနေတစ်ဆင့် ခြေရာခံပြီး ဖမ်းဆီးတာတွေ ရှိခဲ့တာတွေလည်း ရှိနေပြီးသားဖြစ်ပါတယ်။ နောက်ပြီးတော့ အေးဂျင့်ဆိုင်တွေမှာ ငွေလွှဲရင် ကိုယ်ရေးအချက်အလက် တောင်းခိုင်းတာမျိုး၊ ဆိုင်မှာ CCTV တပ်ခိုင်းတာမျိုး၊ ဒီလိုကိစ္စတွေ အားလုံးကို လုပ်ခိုင်းထားတာဖြစ်တဲ့အတွက် Kpay တို့ Wave Money တို့လို မိုဘိုင်းလ်ငွေပေးချေမှုတို့ကတစ်ဆင့် နောက်ယောင်ခံလိုက်ပြီးတော့ ဖမ်းဆီးအရေးယူခံရတာကို ကျွန်တော်တို့ တွေ့ရတာဖြစ်ပါတယ်။ နောက်တစ်ခုက ဆင်းမ်ကတ်ပေါ့လေ၊ အဲဒီဆင်းမ်ကတ်က ဘယ်နေရာ ရောက်နေလဲဆိုတာကို သိနိုင်တဲ့ကိစ္စပေါ့၊ အဲဒီနည်းလမ်းအရလည်း ဘယ်မြို့နယ်၊ ဘယ်ဧရိယာမှာရှိနေလဲဆိုတာကို သိနိုင်တာပေါ့။ အဲဒီတော့ အဲဒီအချက်အလက်တွေကို အားလုံးကို ခြုံငုံလိုက်ပြီဆိုရင် လူတစ်ယောက်ကို သူတို့ ခြေရာခံလိုက်နိုင်ဖို့ အရမ်းလွယ်ကူသွားပြီ။
နောက်တစ်ခုက ဖုန်းနဲ့ ကြားဖြတ်နားထောင်တဲ့ စနစ်တွေကိုလည်း ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနေပြီ။ ဒါ့အပြင် SMS (စာတို) ပို့တဲ့စနစ်တွေကိုလည်း ကြားဖြတ်စောင့်ကြည့်နိုင်အောင် တိုးချဲ့ပြီး လုပ်နေတာကိုလည်း ကျွန်တော်တို့ တွေ့လာနေရတယ်။ ဥပမာအားဖြင့်စာတွေထဲမှာ “ တော်လှန်ရေး ”၊ “ ဆန္ဒပြ ” စသည်ဖြင့် စကားလုံးတစ်လုံးချင်းကို အထူးသတ်မှတ်ထားပြီး (Key word) ကြားဖြတ်စောင့်ကြည့်တာ မျိုးတွေလည်း လုပ်ဆောင်လာနေတယ်။
မေး။ ။ သတင်းဌာနဝက်ဘ်ဆိုက်တွေနဲ့ Facebook ကို ပိတ်ပင်ခဲ့တယ်။ အခုရော အွန်လိုင်း လူမှုကွန်ရက် ဆိုရှယ်မီဒီယာတွေကို ဘယ်လိုစောင့်ကြည့် ပိတ်ပင်နေသလဲ။
ဖြေ ။ ။ လူမှုကွန်ရက်မီဒီယာတွေကို စောင့်ကြည့်တဲ့ ကိစ္စက အထူးသဖြင့် Facebook တို့၊ TikTok တို့ကို စောင့်ကြည့်တာပေါ့လေ။ အဲဒီကိစ္စကို စစ်တပ်လော်ဘီတွေနဲ့ စစ်တပ်ထောက်ခံသူတွေက အများဆုံး လုပ်ဆောင်နေတာ တွေ့ရတယ်။ ဆိုရှယ်မီဒီယာသုံးစွဲတွေက ဖုန်းနံပါတ်တွေ၊ နေရပ်လိပ်စာတွေကို စီးပွားရေးလုပ်ငန်းဆို ဖော်ပြထားရတာတွေရှိတယ်၊ အဲဒါတွေကိုစစ်တပ်နဲ့ စစ်တပ်ထောက်ခံသူတွေက စောင့်ကြည့်တာတွေ၊ သူတို့ရဲ့ လော်ဘီ တယ်လီဂရမ်ချန်နယ်မှာ ပြန်လည်ဖွင့်ချတာမျိုး လုပ်တာပေါ့။
သူတို့ကြောင့် ဖမ်းဆီးအရေးယူခံလိုက်ရတဲ့သူတွေ အများကြီးရှိခဲ့တာကိုလည်း ကျွန်တော်တို့ တွေ့ခဲ့ရတယ်။ သာမန်လူတွေရော၊ ထင်ရှားကျော်ကြားတဲ့ သူတွေရောက ပုံစံအမျိုးမျိုး၊ နည်းလမ်းအမျိုးမျိုးနဲ့ ဆိုရှယ်မီဒီယာတွေကနေ စောင့်ကြည့်ခံရပြီးတော့ ဖမ်းဆီးအရေးယူပြီး ဖိနှိပ်နေတာ။ နောက်တစ်ခုက Cyber Narrator ပေါ့၊ သုံးစွဲသူတွေရဲ့ အင်တာနက်အသုံးပြုမှု၊ ကွန်ရက်ချိတ်ဆက်မှုတွေကို စောင့်ကြည့်တဲ့ နည်းလမ်းကိုလည်း သူတို့အသုံးပြုလာနေတယ်။ နောက်ပြီး ဘယ်သူတွေက ဘာတွေအသုံးပြုနေလဲ ဆိုတာကအစ ခွဲခြားပြီးတော့ အလွယ်တကူ ဖော်ထုတ်လာနိုင်တာကိုလည်း ကျွန်တော်တို့တွေ့ရှိရတယ်။ နောက်တစ်ခုက အသုံးပြုသူရဲ့သုံးစွဲနေတဲ့ အင်တာနက်ကွန်ရက်ကို ထိန်းချုပ်တာ၊ ကြားဖြတ်ယူတာ ဥပမာ အီးမေးလ်ထဲဝင်ပြီးတော့ အချက်အလက်တွေ ကြားဖြတ်ယူတာအထိ သူတို့က လုပ်ဆောင်လာနေပြီ။
CCTV ကွန်ရက်တွေကို စစ်ကောင်စီက ၂၀၂၂ နောက်ပိုင်းမှာ ထပ်ပြီးတော့ တိုးချဲ့လာတာတွေကိုလည်း ကျွန်တော်တို့တွေ့ရတယ်။ ယခင်က စမတ်စီးတီး (Smart City, Safe City) ခေါင်းစဉ်နဲ့ လုပ်ခဲ့တာတွေရှိ တယ်၊ ယာဉ်ကြောကြပ်တည်းမှုကို ဖြေရှင်းဖို့၊ အထောက်အကူပြုဖို့ဆိုပြီး လုပ်ခဲ့တာတွေရှိတယ်၊ အဲဒီကွန်ရက်တွေကိုလည်း အသုံးပြုတယ်။ နောက်ထပ်လည်း တိုးချဲ့မှုတွေအဖြစ် တောင်ကြီးတို့လို၊ မော်လမြိုင်တို့လို မြို့ကြီးတွေမှာပါ CCTV ကွန်ရက်တွေ ထပ်တိုးချဲ့တာတွေရှိတယ်။ ဒါကြောင့် CCTV ကွန်ရက်ကနေ စောင့်ကြည့်တဲ့ ကိစ္စရပ်တွေကိုလည်း ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလာနေပြီဆိုတာ ကျွန်တော်တို့ ပြောနိုင်တယ်။
မေး ။ ။ ဒီလို ဒစ်ဂျစ်တယ်စောင့်ကြည့်ရေးစနစ်တွေမှာ ဆက်သွယ်ရေးအော်ပရေတာတွေကရော ဘယ်လိုပါဝင်ပတ်သက်နေလဲ။
ဖြေ ။ ။ ဆက်သွယ်ရေးအော်ပရေတာတွေဖြစ်တဲ့ MyTel, ATOM (ယခင် တယ်လီနော)၊ အူရီးဒူး၊ MPT အကုန်ကတော့ စစ်ကောင်စီရဲ့ ချုပ်ကိုင်မှုအောက် ရှိနေတယ်လို့ ပြောရမယ်။ စစ်ကောင်စီရဲ့ လက်အောက်မှာ အလုပ်လုပ်ရတာဖြစ်တော့ သူတို့တွေမှာလည်း အကျပ်အတည်းတွေ ရှိနေတယ်။ တချို့မြို့နယ်တွေမှာဆိုရင် MyTel ဆင်းမ်ကတ်တစ်ခုပဲ အင်တာနက်သုံးလို့ရတယ်၊ ဖုန်းလိုင်းသုံးလို့ရတဲ့ အခြေအနေတွေရှိတယ်၊ ဒါကြောင့် MyTel ကွန်ရက်ကိုပဲ မဖြစ်မနေ သုံးနေရတဲ့ အခြေအနေမျိုးမှာ စစ်ကောင်စီရဲ့တရားလက်လွတ် ကြားဖြတ်နားထောင်တဲ့ ကိစ္စမျိုးတွေ၊ အင်တာနက်ကို ပိတ်ပင်တဲ့ကိစ္စမျိုးတွေ၊ ဆင်းမ်ကတ်တွေကတစ်ဆင့် ခြေရာခံနိုင်တဲ့ ကိစ္စမျိုးတွေက ကြုံရနိုင်တယ်။
ကျန်တဲ့ အော်ပရေတာတွေကတော့ စစ်တပ်ရဲ့ ပိုင်ဆိုင်မှုအောက်ထဲမှာ အပြည့်အ၀မရှိနေဘူးပေါ့၊ ဆိုတော့ သူတိုရဲ့ ထိန်းချုပ်မှုအောက်မှာရှိနေတယ်။ MyTel ကျတော့ စစ်တပ်ရဲ့ ထိန်းချုပ်မှုအောက်မှာ အပြည့်အ၀ ရှိနေတာဖြစ်တဲ့အတွက် ကျန်တဲ့ အော်ပရေတာတွေထက် ပိုပြီးတော့ အန္တရာယ်ကြီးပါတယ်။ ဒီနေရာမှာ နိုင်ငံတကာအရေးယူပိတ်ဆို့တွေရဲ့ သက်ရောက်မှုတွေအပေါ် မေးခွန်းထုတ်စရာရှိပေမဲ့ ဆန်ရှင်ကြောင့် အဟန့်အတားဖြစ်စေတဲ့ ရလဒ်တွေကတော့ ရှိနေပါတယ်။
မေး။ ။ စစ်ကောင်စီရဲ့ အခုဒစ်ဂျစ်တယ်စောင့်ကြည့်ရေးစနစ်တွေက ဘယ်လောက်အထိ စိုးရိမ်စရာကောင်းနေပြီလဲ။
ဖြေ။ ။ ပြည်သူတစ်ယောက်ချင်းအနေနဲ့က စောင့်ကြည့်ခံနေရပြီဆိုတဲ့ အနေအထားမျိုးကိုတော့ သိထားဖို့လိုပါတယ်။ ခရီးသွားလာတဲ့အခါ၊ ဆက်သွယ်ပြောဆိုကြတဲ့အခါ၊ အင်တာနက်နဲ့ ဆိုရှယ်မီဒီယာ အသုံးပြုတဲ့ အရာတွေအားလုံးဟာ စောင့်ကြည့်ခံနေရပြီဆိုတာ သိဖို့လိုတယ်။ အဲဒီအထဲမှာမှ CDM လုပ်ထားသူတွေ၊ စစ်မှုထမ်းစာရင်းထဲ ပါဝင်တဲ့သူတွေ နောက်ပြီးတော့ စစ်ကောင်စီရဲ့ လိုချင်တဲ့ စာရင်းထဲမှာပါတဲ့သူတွေ၊ တော်လှန်ရေး လုပ်နေတဲ့သူတွေကတော့ ပိုပြီးတော့ သတိထားဖို့လိုပါမယ်။
အနှစ်ချုပ်ပြောရမယ်ဆိုရင် စောင့်ကြည့်ခံနေရတာက ကျွန်တော်တို့ရဲ့ လွတ်လပ်ခွင့်တွေ၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်တွေနဲ့ပတ်သက်ပြီးတော့ အန္တရာယ်ရှိနေတဲ့ အခြေအနေကိုတော့ ရင်ဆိုင်ကြုံတွေ့နေရပြီဆိုတာ သိထားရတော့မယ်။ အဲဒီလိုသိထားမှလည်း ကျွန်တော်တို့က သတိထားပြီးတော့ နေထိုင်နိုင်မှာဖြစ်ပါတယ်။ သိထားမှာပဲ ကိုယ့်အတွက်အကာအကွယ် ဘာလုပ်လို့ရမလဲဆိုတာက သိနိုင်မှာဖြစ်ပါတယ်။ တစ်ခါတလေမှာတော့ ဘယ်လိုမှ ရှောင်လွှဲလို့မရတဲ့ အခြေအနေမျိုးတွေကတော့ ရှိနိုင်တယ်။ အခြေအနေအမျိုးမျိုးမှာ ကျွန်တော်တို့ရဲ့ အချက်အလက်ကို သူတို့က ရသွားနိုင်တယ်၊
အဲဒီလို ရနိုင်ဖို့အတွက်ကို သူတို့က ဒီလိုစနစ်တွေ ကွန်ရက်တွေကို တည်ဆောက်ထားတာဖြစ်တယ်။ ဒီလိုအခြေအနေမျိုးကို သိထားမှပဲ အတတ်နိုင်ဆုံး ဘယ်လိုအန္တရာယ်နည်းအောင် လုပ်မလဲဆိုတာ စဉ်းစားလို့ရမယ်။ နောက်တစ်ခုက ကျွန်တော်တို့ရဲ့ ဒစ်ဂျစ်တယ်နဲ့ ပတ်သက်တဲ့ သိနားလည်မှုကို မြှင့်တင်ဖို့လိုအပ်တယ်။ အဲဒီလိုဆိုရင်လည်း ကျွန်တော်တို့အပေါ် ကျရောက်လာမယ့် အန္တရာယ်ကိုလျှော့ချနိုင်မယ်။ မှန်ကန်တဲ့ သတင်းအချက်အလက် ရရှိမှုအတွက်လည်း ကြိုးစားမယ်ဆိုရင် ဒီလိုအခြေအနေမျိုးကိုရှောင်ကွင်းနိုင်မယ်။ ဒါလေးတွေကို သတိထားပြီး နေခြင်းအားဖြင့် အန္တရာယ်နည်းပါးအောင် လုပ်ဆောင်နိုင်ပါမယ်။


Leave a Reply