မတ်လ(၂၈)ရက်၂၀၂၅ နေ့တွင်လှုပ်သော ငလျင်

ငလျင်စလှုပ်တာနဲ့ အိမ်နားကတည်းခိုခန်း မြေကြီးထဲကိုကျွံဝင်သွားပါတယ်။

ဟိုတယ်က (၅)ထပ်အဆောက်အဦပါ။

လွန်ခဲ့တဲ့နှစ်(၄၀)ကျော်လောက်က ဆောက်ထားတဲ့ ၂ ထပ် အဆောက်အဦပါ။

အစပိုင်းမှာတော့ စတိုးဆိုင်ဖွင့်ပါတယ်။

ပိုင်ရှင် အဆင့်ဆင့်ပြောင်းပြီး နောက်လူက အဆောက်အဦကို မဖျက်ဘဲ အထပ်မြင့်ဆောက်ပါတယ်။

နောက်ထပ်(၃)ထပ်ဆောက်တာပါ။

အောက်ခြေမခိုင်လို့ တိုက်နောက်ပိုင်းကျွံသွားတာကိုတွေ့ရတယ်။

ဆက်မဆောက်ဘဲ ပစ်ထားတာကိုအကြာကြီးပါ။

နောက်လူစွမ်းကောင်းက ဘယ်လိုတွေကျားကန်ပြီး ဆောက်တယ်မသိဘူး။

(၅)ထပ်တိုက်ကြီးဆောက်ပြီးသွားတော့ တည်းခိုခန်းဖွင့်တာကို တွေ့ရတယ်။

ကျုပ်ကအမြဲပြောတယ်။ ငလျင်ကြီးလှုပ်ရင်တော့ ပြိုမှာလို့။

ပြောတဲ့အတိုင်းဘဲ ငလျင်လှုပ်တော့ (၃)ထပ်ကမြေကြီးထဲကျွံဝင်သွားတယ်။

ငလျင်စလှုပ်တာနဲ့ ကျွံတာဘဲ။ ကျုပ်လည်းချက်ခြင်းပြေးပြီးသွားကြည့်ခဲ့တယ်။

ငလျင်လှုပ်တာနဲ့ပြိုတာဆိုတော့ ပြေးချိန်မရကြဘူး။

ကျုပ်သွားကြည့်တော့ အပေါ်(၂)ထပ်ကလူတွေ ဝရံတာကနေကျော်ဆင်းနေတာကိုတွေ့ရပါတယ်။

အောက်(၃)ထပ်ကတော့ မြေကြီးထဲကျွံနေပြီ။

အောက်မှာပိနေသူတွေ” ကယ်ပါ ကယ်ပါ”အော်နေလည်း ဘယ်သူမှ မကယ်နိုင်ကြပါဘူး။

ရေဗူးတောင်းသူရှိလို့ ရေဗူးလေး လှမ်းပေးနေတာလည်းတွေ့ခဲ့ရတယ်။

ဒုတိယအကြိမ်ထပ်လှုပ်တော့ အောက်မှာပိနေသူတွေ ပိုဆိုးကုန်ပါတယ်။

လူအသေအပျောက်တော့ အတော်များမယ်ထင်ပါတယ်။

နေ့ရော ညရော ရုရှားအဖွဲ့တွေ ကယ်တာလည်းတွေ့ရတယ်။

ရှင်သူတစ်ချို့တော့ ရှိပါတယ်။

ပြိုပျက်တာတွေရှင်းကြတော့ အပေါ်ယံကို ဘူဒိုဇာနဲ့ထိုးရှင်းတာဘဲတွေ့ရတယ်။

မြေကြီးထဲမြုပ်နေတဲ့(၃)ထပ်တော့ မဖော်ကြတော့ဘူး။

တိုက်ဆောက်ဖို့ မြေကြီးတူးရင်တော့ ဘာတွေ တွေ့မယ်မသိဘူး။

ဟိုတုံးက အမှတ်မထင်ရိုက်ထားတဲ့ ဓါတ်ပုံလေးမှာ တည်းခိုခန်း ပုံလေးတွေ့လို့ (၅)ထပ်မှန်းသိရတာပါ။

စာကြွင်း။

အဆောက်အဦးဆောက်ရင် သေချာမစစ်ကြပါဘူး။

(၃)ထပ်အဆောက်အဦးဆောက်ဖို့ လျှောက်လွှာတင်ပြီး ၅ထပ်ဆောက်သူတွေလည်းရှိကြတာဘဲ။

ကန်ထရိုက်ကလည်း ပစ္စည်းအရည်အသွေးညံ့တာတွေသုံးပြီး ကိုယ်တွက်ကျန်အောင်လုပ်ကြတယ်။

ကန်ထရိုက်တိုင်းတော့မဟုတ်ပါဘူး။

တာဝန်ရှိတဲ့သူကလည်း ပိုက်ဆံပေးလိုက်ရင် ဘာမှသေချာစစ်မနေတော့ဘူး။

ကျုပ်တို့တိုင်းပြည်က ဘာနဲ့တူလည်းဆိုရင် ခြစားနေတဲ့အိမ်ကြီးလိုဘဲ။

ခေါင်ကလည်း မလုံ အောက်ခြေကလည်း ခြစားဆိုတော့ ဘုံးဘုံးလဲပြိုကျသွားပြီ။

အသစ်ပြန်ဆောက်ကြမှ ရတော့မယ်။

U Soe Myint Thein


Comments

Leave a Reply

Your email address will not be published. Required fields are marked *