ပြည်သူတွေကို လိုအပ်သလို ဝင်ရောက်ရှာဖွေ ဖမ်းဆီး ချုပ်နှောင်ခွင့်တွေကနေ ကာကွယ်ပေးထားတဲ့ “နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှုကို ကာကွယ်ပေးရေးဥပဒေ” နိုင်လွတ်လုံ ဥပဒေပါ အချက်တွေကို ရပ်ဆိုင်းကြောင်း စစ်ခေါင်းဆောင်က ထုတ်ပြန်ကြေညာပါတယ်။

၂၀၁၇ ခုနှစ် အရပ်သားအစိုးရလက်ထပ်မှာ ပြဋ္ဌာန်းခဲ့တဲ့ “နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှုကို ကာကွယ်ပေးရေးဥပဒေ” နိုင်လွတ်လုံလို့ အများသိတဲ့ ဥပဒေ ပုဒ်မတွေထဲက လိုအပ်သလို ဖမ်းဆီးချုပ်နှောင်ထားမှုတွေကနေ ကာကွယ်ပေးထားတဲ့ ပုဒ်မ ၃ ခုကို ရပ်ဆိုင်းပြီး နိုင်လွတ်လုံ ဥပဒေကို ပြင်ဆင်တဲ့ ဥပဒေကို စစ်ခေါင်းဆောင်က ဩဂုတ် ၁ မှာ ထပ်မံ ပြဋ္ဌာန်းလိုက်ကြောင်း ကြေညာခဲ့တာပါ။
ရပ်ဆိုင်းကြောင်း ကြေညာလိုက်တဲ့ ပုဒ်မ ၃ ခုကို စစ်ကောင်စီ အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ်တုန်းကလည်း အကန့်အသတ်မရှိ ရပ်ဆိုင်းခဲ့ပြီး ပြည်သူတွေကို လိုအပ်သလို စီးနင်းရှာဖွေ ဖမ်းဆီးတာနဲ့ ချုပ်နှောင်တာတွေကို လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်က “စစ်အစိုးတက်လာပြီးတော့ ငါတို့ ကြိုက်သလို ကြိုက်သလောက် ဖမ်းချုပ်ထားမယ်၊ ၂၄ နာရီမဟုတ်ဘူး၊ ကြိုက်သလို ဝင်ရှာမယ် ကြိုက်သလိုလုပ်မယ်။ ပထမက ခွင့်ပြုထားတဲ့ ၂၄ ထက်ပိုမချုပ်ရ၊ ခွင့်မပြုဘဲ အိမ်ထဲ ဝင်မရှာရဆိုတာတွေကို အကန့်အသတ်မရှိ ရပ်ဆိုင်းလိုက်တယ်။ အခုကျတော့ ရွေးကောက်ပွဲတွေ ဘာတွေ လာတော့မှာဆိုတော့ အဲဒါကို ပြန်ဖြေလျော့တာ။ ဘယ်လိုဖြေလျော့တာလဲဆိုတော့ အကန့်အသတ်မရှိတော့ မဟုတ်တော့ဘူး၊ လာမယ့်လွှတ်တော်တွေပေါ်ပြီးတော့ လွှတ်တော်တွေ အသက်ဝင်ပြီးတော့ စတင်ပြီဆိုရင်တော့ အဲဒီအထိပဲတဲ့။ အဲဒီ နောက်ပိုင်းမှာတော့ မကျင့်သုံးတော့ဘူးတဲ့ ကြော်ငြာပေါ့ကွာ ကြော်ငြာဝင်တာပေါ့။ လွှတ်တော်တွေပေါ်လာမှ ငါတို့က ဒါတွေလျှော့ပေးမှာ အဲဒါမျိုးပြောတာ” လို့ ပြောပါတယ်။
လိုအပ်သလို ဝင်ရောက်စီးနင်းခွင့်မပြုရ၊ ဖမ်းဆီးရှာဖွေလိုရင် သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူး ဆယ်အိမ်မှူး ရာအိမ်မှူးတို့ ပါဝင်ရမယ်နဲ့ တရားရုံး ခွင့်ပြုချက်မရှိဘဲ ၂၄ နာရီထက် ပိုမချုပ်ရ စတဲ့ အချက်တွေ ပြဋ္ဌာန်းထားတဲ့ အခန်း ၃က ပုဒ်မ ၅ နဲ့ အခန်း ၄ က ပုဒ်မ ၇ နဲ့ ပုဒ်မ ၈ တို့ကို ရပ်ဆိုင်းလိုက်တာဖြစ်ပါတယ်။

ဒီအချက်တွေကို ရပ်ဆိုင်းတာနဲ့ နိုင်လွတ်လုံဥပဒေပြင်ဆင်တဲ့ ဥပဒေပြဋ္ဌာန်းတာကိုတော့ လွှတ်တော်တွေ မဖွဲ့စည်းနိုင်ခင် အမျိုးသားကာကွယ်ရေး လုံခြုံရေးကောင်စီက ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေး အာဏာတွေကို ကျင့်သုံးဆောင်ရွက်တဲ့ အတွင်းမှာ ဖြစ်ကြောင်းကိုလည်း ဖော်ပြထားပါတယ်။
ဇူလိုင် ၃၁ ရက်တုန်းကတော့ စစ်ကောင်စီထိန်းချုပ်စိုးမိုးမှု မလုပ်နိုင်တော့တဲ့ မြိုနယ် ၆၃ ခုကို ရက်ပေါင်း ၉၀ စစ်အုပ်ချုပ်ရေး ကြေညာခဲ့ပြီးနောက် အခုလို ဥပဒေပြင်ဆင်ချက် ထွက်ရှိလာတာဖြစ်ပါတယ်။
အရေးပေါ် စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ နေရာတွေမှာတော့ တည်ဆဲဥပဒေတွေက အသက်မဝင်ပေမဲ့ တခြားသော ဒေသက ပြည်သူတွေရဲ့ ကိုယ်ရေးကိုယ်တာနဲ့လုံခြုံရေးကို ဥပဒေဘောင်တွင်းက ချိုးဖောက်လာနိုင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ဝန်ကြီးချုပ်ရုံးပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောပါတယ်။

“အခုက ၆၃ မြို့နယ်ကိုပဲ သူက စစ်အုပ်ချုပ်ရေး ကြေညာတာဖြစ်တော့ ကျန်တဲ့မြို့နယ်တွေမှာရှိတဲ့ ပြည်သူတွေအတွက် ရည်ရွယ်ပြီး အဲဒီမြို့နယ်တွေက ပြည်သူတွေလည်းပဲ ထင်သလို privacy (ကိုယ်ရေးကိုယ်တာ) ချိုးဖောက်တာတွေ၊ လုံခြုံရေးကို ထိပါးတာတွေ ဒါတွေ လုပ်နိုင်ဖို့အတွက် ထပ်ပြီး ဒီ ၃ ခုကို သီးခြားထပ်ပြီး ရပ်ဆိုင်းလိုက်တာလို့ ယူဆပါတယ်။ ဒီပုဒ် ၃ ခုမှာ ကာကွယ်ပေးထားတဲ့ ပြည်သူတဦးတယောက်ချင်းစီရဲ့ ကိုယ်ရေးကိုယ်တာနဲ့လုံခြုံရေးကို သူတို့ ထင်သလို ချိုးဖောက်လို့ရအောင် နောက်ပြီးတော့ ဥပဒေနဲ့အညီ ချိုးဖောက်တယ်ဆိုတဲ့ ပုံစံမျိုးဖြစ်အောင် ဒါကိုရပ်ဆိုင်းတယ် ဆိုတဲ့သဘောပဲ ဖြစ်ပါတယ်ဗျ။”
ပြည်သူတွေရဲ့ ပုဂ္ဂလိကဆိုင်ရာလွတ်လပ်မှုနဲ့ လုံခြုံမှုတွေအတွက် ကာကွယ်ပေးထားတဲ့ နိုင်လွတ်လုံဥပဒေကို ၂၀၁၇ ခုနှစ် NLD လက်ထက်မှာ ရေးဆွဲပြဋ္ဌာန်းခဲ့တာဖြစ်ပြီး ဥပဒေပါ အားနည်းချက်တချို့ကို အရပ်သားအစိုးရ လက်ထက်မှာပဲ ပြင်ဆင်တဲ့ ဥပဒေကြမ်း တင်သွင်းခဲ့ကြပါသေးတယ်။
အခု ၂၀၂၅ ခုနှစ် ဩဂုတ်လ ၁ ရက်မှာတော့ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအနေနဲ့ နိုင်လွတ်လုံပြင်ဆင်တဲ့ ဥပဒေကို ထပ်မံပြဋ္ဌာန်းလိုက်တာ ဖြစ်ပါတယ်။
ဝေဝေ
“စစ်တပ် ရပ်ဆိုင်းထားတဲ့ နိုင်လွတ်လုံဥပဒေ နဲ့ လူထုရဲ့ ပုဂ္ဂိုလ်ရေးလွတ်လပ်ခွင့် ဆုံးရှုံးမှု”
NLD အရပ်သားအစိုးရလက်ထက်က ပြဋ္ဌာန်းခဲ့တဲ့ “နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှုကို ကာကွယ်ပေးရေးဥပဒေ (နိုင်လွတ်လုံ)” ကို စစ်ကောင်စီက ၂၀၂၁ အာဏာသိမ်းပြီးချိန်မှာ အပြောင်းအလဲတချို့ လုပ်ခဲ့ပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ စစ်ကောင်စီအဖြစ်ဖွဲ့စည်းလုပ် ကိုင်ခဲ့ချိန်မှာ နိုင်လွတ်လုံ ဥပဒေပါ ပုဒ်မ ၅၊ ၇ နဲ့ ၈ တို့ကို ရပ်ဆိုင်းပြီး ဥပဒေပြင်ဆင်တာကို မင်းအောင်လှိုင်လက်မှတ်နဲ့ ပြဋ္ဌာန်းခဲ့ပါတယ်။
ဥပဒေပြင်ဆင်ချက်ရဲ့အမှတ်စဉ် ၄ မှာ နိုင်လွတ်လုံ ပုဒ်မတွေကို ရပ်ဆိုင်းတာဟာ စစ်ကောင်စီကာလအတွင်းသာဖြစ်တယ်လို့ ထည့်သွင်းပြဋ္ဌာန်းခဲ့ပါတယ်။
စစ်ကောင်စီကို ဖျက်သိမ်းပြီး ၂၀၂၅ ခုနှစ်၊ သြဂုတ် ၁ ရက်မှာ စစ်ခေါင်းဆောင်က ယာယီသမ္မတအဖြစ် ပြောင်းလဲတာဝန်ယူချိန်မှာလည်း အဲဒီပုဒ်မတွေ ရပ်ဆိုင်းထားတာကို ဆက်ပြီးပြဋ္ဌာန်းလိုက်ပါတယ်။

စစ်ကောင်စီအဖွဲ့ကို ဖျက်သိမ်းလိုက်ပေမဲ့ ဒီဥပဒေပုဒ်မတွေကို ဆက်ပြီး ရပ်ဆိုင်းလိုတာကြောင့် လက်ရှိအမြင့် ဆုံးအဖွဲ့အစည်း ကာလုံရဲ့အခွင့်အာဏာကို သုံးပြီး ယာယီသမ္မတအနေနဲ့ လက်မှတ်ထိုးကာ ဥပဒေပြင်ဆင်ချက် ထပ်ထုတ်တာလည်း ဖြစ်ပါတယ်။
“ပုဒ်မ ၅၊ ၇ နဲ့ ၈ တို့က သိပ်အရေးကြီးတဲ့ ပုဒ်မတွေ ဖြစ်ပါတယ်။ ဒါတွေကို ရပ်ဆိုင်းလိုက်တာက ဥပဒေမပြဋ္ဌာန်းခင် ၁၉၆၂ ခုနှစ်ကနေ ၂၀၁၆ ခုနှစ်ကြားကာလကို ပြန်ရောက်သွားတာပဲ” လို့ အမည်မသုံးလိုတဲ့ ဥပဒေပညာရှင်တစ်ဦးက ပြောပါတယ်။
ပုဒ်မ ၅ ဟာ လူတယောက်ရဲ့ နေအိမ်၊ နေအိမ်အဖြစ်အသုံးပြုနေတဲ့ အခန်း၊ အဆောက်အအုံ၊ ပရဝဏ် ဒါမှမဟုတ် ပရဝဏ်ထဲက အဆောက်အအုံထဲကို တည်ဆဲဥပဒေတရပ်ရပ်ကြောင့် ဝင်ရှာဖွေသိမ်းဆည်းတာ ဒါမှမဟုတ် လူရှာဖွေဖမ်းဆီးလိုရင် လူ သက်သေနှစ်ဦးနဲ့သာ အတူဆောင်ရွက်လို့ရမှာ ဖြစ်ပါတယ်။ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးတွေ ဒါမှမဟုတ် ကျေးရွာတာဝန်ခံဖြစ်စေ၊ ရာအိမ်မှူးဖြစ်စေ၊ ဆယ်အိမ်မှူးဖြစ်စေ တစ်ဦးဦးအပါအဝင် အနည်းဆုံးသက်သေနှစ်ဦးနဲ့အတူတူ ဆောင်ရွက်ရမှာပါ။
အခု ပုဒ်မ ၅ ကို ရပ်ဆိုင်းထားတာကြောင့် နိုင်ငံသားတိုင်းဟာ ပုဂ္ဂိုလ်ဆိုင်ရာ အကာအကွယ်မရှိတော့သလို ဥပဒေနဲ့အညီဆိုပြီး နေအိမ်ထဲအထိ ဝင်ရောက် ဖမ်းဆီးခွင့်ရှိနေပါတယ်။
ပုဒ်မ ၈ ကတော့ လုပ်ဆောင်လို့မရတဲ့ တားမြစ်ချက် (၇ )ချက်ကို ပြဋ္ဌာန်းထားတာပါ။
(၁) နိုင်ငံသားတစ်ဦးရဲ့ နေအိမ်၊ နေအိမ်အဖြစ်အသုံးပြုတဲ့နေရာတွေကို ဝင်ရောက်ရှာဖွေသိမ်းဆည်းတာ ဒါမှမဟုတ် လူတစ်ဦးဦးကို ဖမ်းဆီးတာမလုပ်ရ။
(၂) နိုင်ငံသားတစ်ဦးရဲ့ ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှုနဲ့ လုံခြုံမှုကိုအနှောင့်အယှက်ဖြစ်စေတာ ဒါမှမဟုတ် လူပုဂ္ဂိုလ်ကိုထိခိုက်စေနိုင်တဲ့ နောက်ယောင်ခံစောင့်ကြည့်၊ စုံထောက်၊ စုံစမ်းတာတွေမပြုရ။
(၃) ပုဂ္ဂိုလ်တစ်ဦးနဲ့ တစ်ဦးကြား ဆက်သွယ်ရေးကိရိယာတစ်မျိုးနဲ့ ဆက်သွယ်ပြောကြားတာကို ကြားဖြတ်ဖမ်းယူနားထောင်တာ ဒါမှမဟုတ် တစ်နည်းနည်းနဲ့အနှောင့်အယှက်ပေးတာမျိုး မလုပ်ရ။
(၄) ဆက်သွယ်ရေးအော်ပရေတာတွေဆီက ပုဂ္ဂိုလ်ဆိုင်ရာတယ်လီဖုန်းနဲ့ အီလက်ထရောနစ်ဆက်သွယ်ရေးအချက်အလက်တွေကို တောင်းယူ၊ ထုတ်ပေးတာမလုပ်ရ။
(၅) တခြားသူရဲ့ ပုဂ္ဂိုလ်ဆိုင်ရာဆက်သွယ်ပေးပို့တဲ့ စာ ပေးစာယူ၊ စာအိတ်၊ ချောထုပ်၊ ပါဆယ်ထုပ် တစ်ခုခုကို ဖွင့်ဖောက်၊ ရှာဖွေ၊ သိမ်းဆည်း၊ ဖျောက်ဖျက် ဒါမှမဟုတ် ဖျက်ဆီးတာမလုပ်ရ။
(၆) နိုင်ငံသားတစ်ဦးရဲ့ ပုဂ္ဂိုလ်ဆိုင်ရာ၊ မိသားစုရေးရာကိစ္စရပ်တွေမှာ အဓမ္မဝင်ရောက်စွက်ဖက်တာ ဒါမှမဟုတ် လူတစ်ဦးရဲ့ ဂုဏ်သိက္ခာနဲ့ ထင်ပေါ်ကျော်ကြားမှုကို ပုတ်ခတ်တာ ဒါမှမဟုတ် ထိခိုက်စေဖို့ တစ်နည်းနည်းဆောင်ရွက်တာမျိုးမလုပ်ရ။
(၇) နိုင်ငံသားတွေရဲ့ တရားဝင်ရရှိပိုင်ဆိုင်ထားတဲ့ ရွှေ့ပြောင်းနိုင်တဲ့ပစ္စည်းတွေရော မရွှေ့ပြောင်းနိုင်တဲ့ ပစ္စည်းတွေကိုပါ မတရားသိမ်းယူတာ ဒါမှမဟုတ် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ဖြစ်စေ တမင် ပျက်စီးစေတာ ဒါမှမဟုတ် ဖျက်ဆီးစေတာတွေမပြုရ။
အထက်ပါ တားမြစ်ချက်တွေကို ချိုးဖောက်ဖို့ မင်းအောင် လှိုင်ရဲ့ လက်မှတ်နဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်မှာ ဒီဥပဒေတွေကို တကြိမ်ရပ်ဆိုင်းခဲ့ပြီး ၂၀၂၅ နှစ်၊ သြဂုတ် ၁ ရက် မှာ တကြိမ်ထပ်မံရပ်ဆိုင်းခဲ့ပါတယ်။


Leave a Reply