တော်လှန်ရေးကာလ ကရင်နီ(ကယားပြည်နယ်)စစ်မြေပြင်နဲ့ မြို့သိမ်းတိုက်ပွဲတွေကြား အခြေပြုပြီး သရုပ်ဆောင် မင်းမော်ကွန်းနဲ့ ဒါရိုက်တာကိုပေါက်တို့ ပထမဆုံးအတူတူ ရိုက်ကူးထားတဲ့ “ပြုံးပြုံးလေး” တော်လှန်ရုပ်ရှင် ဇာတ်ကားကို ဩဂုတ်လထဲ ဩစတေးလျနိုင်ငံမှာ စတင်ပြသတော့မှာ ဖြစ်ပါတယ်။

ဒါရိုက်တာ ကိုပေါက်နဲ့ မင်းမော်ကွန်းတို့က အဓိကဖန်တီးထားပြီး မြေပြင်ရဲဘော်တွေနဲ့အတူ ဖရူဆို၊ ဒီးမော့ဆို၊ ဖားဆောင်းမြို့တွေမှာ အခြေပြုရိုက်ကူးထားကာ အလွှာပေါင်းစုံက တော်လှန်ရေးသမားတွေ ပါဝင် သရုပ်ဆောင်ထားတယ်လို့ သိရပါတယ်။

တော်လှန်ရေးအတွက် ဒီရုပ်ရှင်ကနေရတဲ့ ငွေကြေး ၁၀၀ ရာခိုင်နှုန်း မြေပြင်ကို ပေးအပ်သွားမယ်လို့လည်း ရုပ်ရှင်ဖန်တီးသူတွေက ထုတ်ဖော်ကြေညာထားပါတယ်။

ရုပ်ရှင်ရိုက်ကူးစဉ် ကြုံတွေ့ရတဲ့အခြေအနေများနဲ့ ရန်ပုံငွေ စီးဆင်းမှုပုံစံများနဲ့ပတ်သက်ပြီး ဧရာဝတီက ဒါရိုက်တာ ကိုပေါက်နဲ့ တွေ့ဆုံ မေးမြန်းထားပါတယ်။

မေး ။ ။ မကြာခင်မှာ ပြုံးပြုံးလေးရုပ်ရှင်ကို နိုင်ငံတကာမှာ ပြသခွင့်ရရှိတော့မယ့် အခြေအနေလေးကို ပြောပြပေးပါ။

ဖြေ ။ ။ ပြုံးပြုံးလေးက လာမယ့် ဩဂုတ် ၁၀ ရက်နေ့မှာ ဩစတြေးလျမှာ ပြမှာပေါ့။ ရိုက်ခဲ့တာကတော့ ပြီးခဲ့တဲ့ ၂၀၂၄ ဒီဇင်ဘာမှာစရိုက်ခဲ့တာပါ။ အခုတော့ တော်လှန်ပရိသတ်ရှေ့ကိုရောက်တော့မှာဆိုတော့ ဒီကားကနေ အထောက်အပံ့ရတော့မယ်ဆိုတော့ ကျေနပ်တယ်။ မြန်မြန်ပြချင်ပြီ။

မေး ။ ။ ဩစတြေးလျမှာစပြမှာဆိုတော့ တခြားရော ဘယ်မှာ ထပ်ပြသသွားမလဲ။

ဖြေ ။ ။ ၁၀ရက်နေ့မှာ ဇာတ်ကားအဖွင့်ကိုတော့ ဩစတြေးလျ ဆစ်ဒနီမှာစပြမယ်။ အဲဒီပွဲမှာတော့ ရုပ်ရှင်ပြတဲ့အချိန်မှာ မင်းမော်ကွန်းလည်း ပွဲတက်မယ်။ ပြီးရင် ဩဂုတ် ၂၄ မှာတော့ ဂျပန် တိုကျိုမှာပြမယ်။ ပြီးရင် ဩဂုတ် ၃၁ မှာ ချင်းမိုင်မှာပြမယ်။ ပြီးရင် ကနေဒါတို့၊ အမေရိကားတို့ကတော့ ဘိုကင်တွေလုပ်ထားတာတော့ရှိတယ်။ လောလောဆယ်တော့ နိုင်ငံတကာမှာက ပွဲတွေက ရှိနေကြတယ်။ အဲဒီတော့ ညှိနေတုန်းဆိုတော့ လက်ရှိတော့ ၅ နိုင်ငံ ၆ နိုင်ငံလောက်မှာပြဖို့အတွက် စာရင်းပေးထားကြပြီ။

မေး ။ ။ အခုလို နိုင်ငံတကာမှာ မြန်မာရုပ်ရှင်ဇာတ်ကားပြသခွင့်ရတဲ့အပေါ်မှာ ဘယ်လိုခံစားရလဲ။

ဖြေ ။ ။ ကျနော့်အတွက်က မထူးဆန်းတော့ပါဘူး။ ရှေ့မှာ ၂၀၂၂ တုန်းက “မသောက်မိသောမိုးခါးရေ”ကို ပြခဲ့တယ်။ ဒုတိယက “ရောင်နီလာရာလမ်း” ကိုယ်တိုင်ရေးပုံတူ၊ ကိုယ့်အကြောင်းကိုယ်ရေးထားတာတွေကို ပြန်ရိုက်တာပေါ့။ အခု “ပြုံးပြုံးလေး”က ၃ကားမြောက်ဆိုတော့ တော်လှန်ရုပ်ရှင်ပြတဲ့ အတွေ့အကြုံနဲ့ ရင်ခုန်မှုကတော့ အေးဆေးပေါ့။ တခုက မင်းမော်ကွန်းနဲ့ ကျနော့်ရဲ့ တွေ့ဆုံမှုမှတ်တမ်းလေးဖြစ်သွားတာပေါ့။ အဲဒါတော့ ထူးခြားတယ်။

မေး ။ ။ ဒီကားထဲမှာ ကိုမင်းမော်ကွန်းနဲ့ အစ်ကိုက အဓိကပါဝင်ပြီးတော့ တခြားသော သရုပ်ဆောင်တွေက ကရင်နီက ရဲဘော်တွေလို့ သိရတယ်။ သူတို့နဲ့ကရော ဘယ်လိုဖန်တီးဖြစ်သွားလဲ။

ဖြေ ။ ။ မင်းမော်ကွန်းနဲ့ ကျနော်က ရုပ်ရှင်လောကကို စရောက်တော့ ကျနော်က ဇာတ်ညွှန်းရေးဆရာနဲ့ စရောက်တယ်။ ၁၉၉၉ ကတည်းက ရောက်တယ်။ ကျနော်ဇာတ်ညွှန်းစရေးတော့ ကျနော်ရေးတဲ့ဇာတ်ညွှန်းကို သရုပ်ဆောင်ခဲ့တာက မင်းမော်ကွန်း၊ ဒါရိုက်တာက မောင်မျိုးမင်းရိုက်တယ်။ ရုပ်ရှင်လောကမှာစဆုံတာက မင်းမော်ကွန်းပဲ။ ရုပ်ရှင်သက်တမ်း ၂၅ နှစ်မှာ ကျနော် ဒါရိုက်တာလုပ်ပြီး မင်းမော်ကွန်း မင်းသားလုပ်တာ တကားမှ မရိုက်ဖြစ်ခဲ့ဘူး။ ဒီကားမှာတော့ ဆုံဖြစ်ခဲ့တယ်။

တော်လှန်ရေးထိန်းချုပ်နယ်မြေ တနေရာတွင် တွေ့ရသော ဒါရိုက်တာ ကိုပေါက်/ ပြုံးပြုံးလေး

မေး ။ ။ မြေပြင်က ရဲဘော်တွေနဲ့ ရိုက်ရတော့ ဘယ်လိုအခက်အခဲတွေရှိခဲ့လဲ။

ဖြေ ။ ။ ကျနော်က အသစ်တွေနဲ့ရိုက်ရတာ အခက်အခဲမရှိပါဘူး။ အသစ်တွေတင်ပြီးရိုက်ခဲ့တာ အတွေ့အကြုံလည်း ရှိခဲ့တော့ အသစ်ကိုသင်ပေးရတာ ပြဿနာမရှိဘူး။ ဒီဇာတ်ကားမှာ ကိုယ့်အတွက် စိန်ခေါ်မှုက အချိန်နဲ့ငွေကြေးပေါ့။ ရုပ်ရှင်ကားတိုင်းမှာ ဒီ ၂ခုက အမြဲစိန်ခေါ်နေတာပဲ။ငွေကြေးကဘာလဲဆိုတော့ တော်လှန်ပြည်သူတွေရဲ့ ရထားတဲ့ပိုက်ဆံတွေထဲက ရာခိုင်နှုန်းတခုကို ရာခိုင်နှုန်းတခုကို မင်းမော်ကွန်း ချန်ထားပြီး ရိုက်မှာဆိုတော့ မလိုအပ်ဘဲနဲ့ တော်လှန်ငွေတွေနဲ့ ကိုယ့် Brand တည်ဆောက်မယ့်အလုပ်ကို ရှောင်တယ်။

ဘတ်ဂျက်နည်းရမယ်။ တော်လှန်ဝင်ငွေများများရရမယ်ဆိုတဲ့စိတ်ကို ခေါင်းထဲမှာထားတယ်။ ပင်ပန်းရင် ပင်ပန်းပါစေ အပင်ပန်းခံမယ်။ ဘတ်ဂျက်ကို အတတ်နိုင်ဆုံး အနည်းဆုံးဖြစ်အောင် စဉ်းစားတာ။ ကျနော်တို့မှာ နာမည်ရှိထားပြီးသား ဆိုတော့ တော်လှန်ရေးကြောင့် ထူးကဲပြီးတော့ နာမည်ပိုရအောင်လုပ်ဖို့ဆိုတာ ဒီဟာတွေက မရှိကြတော့ အဲဒါကို နံပါတ်တစ် ရှောင်တယ်။ ငွေကို အတတ်နိုင်ဆုံးနဲ့ ကားကောင်းကောင်းဖြစ်အောင် ရိုက်မယ်။ အဲဒါက ငွေရေးကြေးရေး စိန်ခေါ်မှုပေါ့။

မြေပြင်မှာရှိနေတဲ့သူတွေကို ခေါ်ရိုက်တာကတော့ သူတို့တွေကို လေးလေးပင်ပင်ဖြစ်စေမယ့် သရုပ်ဆောင်မှုတွေ မပေးဘူး။ ဘာကြောင့်လဲဆိုတော့ သူတို့က သရုပ်ဆောင်မဟုတ်တဲ့အတွက် သရုပ်ဆောင်ပညာရပ်ကို အရင်က ရိုက်ခဲ့သလို အသေးစိတ်တွေလုပ်ခိုင်းလို့ တအားကြီး မွန်းကျပ်သွားရင် ကားက လွယ်လွယ်ကူကူနဲ့ ထွက်လာမှာ မဟုတ်ဘူး။ သူတို့ကိုလည်း အေးဆေးဖြစ်အောင် ထားရတယ်။ သူတို့ရဲ့ပုံမှန်ဘဝထဲက ကာရိုက်တာကိုပဲ ဆွဲထည့်ပေးထားတယ်။ ဒီလူတွေနဲ့က ကျနော် ၁နှစ်ခွဲ ၂နှစ် ကရင်နီမှာနေခဲ့တုန်းက ရင်းနှီးခဲ့တော့ သူတို့ရဲ့ နောက်ခံအကြောင်းရင်းကိုလိုက်ပြီးပဲ ထည့်လိုက်တာဖြစ်လို့ အများကြီးလုပ်ပေးစရာ မလိုလိုက်ဘူး။ မင်းမော်ကွန်းအတွက်ကတော့ အလွယ်တကူလေးပေါ့။ ကျန်တဲ့သူတွေကိုလည်း ခက်ခက်ခဲခဲမဖြစ်အောင် စီမံထားတာဖြစ်တဲ့အတွက် ခက်ခက်ခဲခဲတော့မဖြစ်ဘူး။ ငွေကြေးနဲ့ မင်းမော်ကွန်းရဲ့ အချိန်ကိစ္စပဲ။

မေး ။ ။ ရိုက်ကူးတဲ့အခါမှာ နေရာအခက်အခဲရော ရှိခဲ့လား။

ဖြေ ။ ။ ကျနော်တို့က တကယ်စစ်ဖြစ်တဲ့နေရာမှာပဲ ရိုက်ဖြစ်ခဲ့တာ။ တိုက်ပွဲဖြစ်တဲ့နေရာတွေ ကရင်နီမှာနေခဲ့တော့ ဖားဆောင်းတိုက်ပွဲရဲ့အတွင်းထဲမှာ ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့အရုပ်တွေလည်းပါတာဆိုတော့ စိန်ခေါ်မှုတွေ အခက်အခဲတွေကတော့ ရှိတော့ရှိတယ်။ ဇာတ်ကားအတိုင်းပဲ ပြုံးပြုံးလေးပဲ ဖြတ်သန်းဖြစ်တယ်။

မေး ။ ။ ထိုင်းနိုင်ငံထဲမှာရိုက်တာတွေရောပါသေးလား။ ထိုင်းဘက်နဲ့ရော စကားပြောဆိုရတာမျိုးရှိလား။

ဖြေ ။ ။ ထိုင်းနိုင်ငံထဲမှာရိုက်ရတဲ့ ရိုက်ကွက်တွေပါတယ်။ အဓိကက မြို့ Scene တွေပေါ့။ ရန်ကုန် Scene တွေကို ဒီမှာရိုက်ရတာဆိုတော့ ထိုင်းထဲက ရင်းနှီးကျွမ်းဝင်တဲ့ အိမ်တွေ၊ ပတ်ဝန်းကျင်နေရာမှာရိုက်ပြီးတော့ အိမ်ရှင်နဲ့ ရပ်ကွက်ကို ပွင့်ပွင့်လင်းလင်းပြောရတာပေါ့။ ခွင့်တောင်းခဲ့ရတယ်။ အဓိကက Indoor ရိုက်တာပေါ့။ တချို့ရန်ကုန် Scene တွေကို ကရင်နီထဲမှာပဲ ရိုက်တယ်။ မယ်စဲ့မှာရိုက်တယ်။ ထိုင်းမှာက နည်းနည်းလောက်ပဲ။ ၂ရက်စာ၃ရက်စာ လောက်ပဲရှိတယ်။

မေး ။ ။ အနုပညာအားဖြင့်ဆိုရင်ရော ပြုံးပြုံးလေးရုပ်ရှင်အပေါ် ဘယ်လောက်မျှော်လင့်ထားလဲ။

ဖြေ ။ ။ အနုပညာအားအနေနဲ့တော့ ပုံမှန်အရင်ကရိုက်ခဲ့ရတဲ့ Crew တွေနဲ့ ဘတ်ဂျက်တွေနဲ့ ရိုက်ခဲ့ရတာ၊ နောက်ပြီးလူငယ်အသစ်လေးတွေ၊ အခုဆိုရင် မန်နေဂျာတောင် မရှိဘူး။ လူတွေအများကြီး မပါဘူး။ အားလုံးကို သင်ရိုက် ရိုက်ရတာ။ ဒီအခြေအနေတွေကြုံရမယ်ဆိုတာ သိတယ်။ ပုံမှန်အခြေအနေမှာ ရိုက်ရတာနဲ့ တော်လှန်ရေးမှာရိုက်ရတာ မတူဘူးဆိုတာသိတယ်။ အနုပညာအားဖြင့်တော့ စိတ်ကြိုက်ရိုက်ရမယ်ဆို ပြီးလာဦးမှာတောင် မဟုတ်ဘူး။

တော်လှန်ရေးမှာ ကိုယ့်အနုပညာက နံပါတ်တစ်မဟုတ်တော့ဘူး။ တော်လှန်ရေးက နံပါတ်တစ်ဖြစ်သွားတယ်။ အနုပညာကိစ္စတွေတို့ ကိုယ်ရေးကိုယ်တာကိစ္စတွေက နံပါတ်နှစ်တို့၊ သုံးတို့ဖြစ်သွားတယ်။ အရေးကြီးတာက တော်လှန်ရေးအတွက်ဖြစ်သွားတော့ အနုပညာအတွက် အများကြီးမျှော်လင့်မထားဘူး။ နံပါတ်တစ်က ရန်ပုံငွေရှာပေးချင်တယ်။ တော်လှန်ရေးအတွက် လိုအပ်နေတာ ရန်ပုံငွေပဲ။ ဒီပိုက်ဆံတွေနဲ့ပဲ ကျန်းမာရေးအတွက်၊ စစ်ရှောင်တွေအတွက် ဗုံးကြဲလို့ပျက်စီးသွားတဲ့ ကျောင်းတွေ ဆောက်ပေးလို့ရတယ်။ တော်လှန်ရေးပြီးဖို့အတွက် ဒီငွေကြေးတွေက အထောက်အပံ့ရမယ်ဆိုတော့ ကိုယ့်အနုပညာဆိုတဲ့ ပါဝါတန်ဖိုးပြဖို့ထက် တော်လှန်ရေးဝင်ငွေရဖို့ ဒီထဲမှာပါဝင်ကြတဲ့သူတွေရဲ့ မှတ်တမ်းလေးတွေရှိဖို့ပဲ စဉ်းစားဖြစ်ပါတယ်။

ဆစ်ဒနီတွင် ပြသရန် ကြော်ငြာထားစဉ်/ ပြုံးပြုံးလေး

မေး ။ ။ – နောက်ပြီး ဒီရုပ်ရှင်ဇာတ်ကားက ရရှိသမျှ မြေပြင်ကို ရာနှုန်းပြည့် လှူမယ်ဆိုတော့ ဘယ်တွေကို လှူသွားမလဲ။

ဖြေ ။ ။ ဒီကားကို စလုပ်ကတည်းက မင်းမော်ကွန်းနဲ့ စကားပြောဖြစ်တာမှာ ရန်ပုံငွေအနေနဲ့ ဘယ်လိုသွားမလဲဆိုရင် ပညာရေးပေါ့။ တော်လှန်ရေးထဲမှာပါဝင်လာကြတဲ့ CDM တွေရဲ့ သားသမီးတွေရဲ့ ပညာရေးက တအားကို နောက်ကျခဲ့ပြီ။ ပုံမှန်ဘဝတွေလည်း မဟုတ်တော့ဘူး။ အဲဒီအချိန်မှာ ငွေရေးကြေးရေးလည်း ခက်ခဲတယ်။ ဒုတိယနိုင်ငံမှာပဲဖြစ်ဖြစ်၊ လွတ်မြောက်နယ်မြေတွေမှာပဲဖြစ်ဖြစ်၊ စစ်ရှောင်တွေပဲဖြစ်ဖြစ်၊ ဘယ်လိုပဲဖြစ်ဖြစ် ခက်ခဲကြတဲ့အတွက် သူတို့တွေကို ပုံမှန်ဘဝတွေအနေနဲ့ အလုပ်လုပ်နိုင်ခြင်းမရှိတော့တဲ့အတွက် ဒါတွေဟာ မလိုချင်တဲ့ဘဝတွေလေ။ သူတို့တွေခက်ခဲတာကို အထိုက်အလျောက်ဘယ်လောက်ထိ ကူညီပေးနိုင်မလဲဆိုတဲ့စိတ်နဲ့ CDM မိသားစုတွေရဲ့ သားသမီးတွေကို ထောက်ပံ့မယ်၊ အဲဒါက ၅၀ ရာခိုင်နှုန်း။

နောက်ထပ် ၅၀ ရာခိုင်နှုန်းက ကျန်းမာရေးကိစ္စ၊ စစ်ဘေးရှောင်ကိစ္စ၊ ပညာရေးကိစ္စတွေ၊ ကျောင်းဆောက်တာတို့၊ ဆေးရုံဆောက်တာတို့၊ ဆေးရုံအတွက် လိုအပ်တာတွေလှူတာတို့ကို ၅၀ ရာခိုင်နှုန်းသွားမယ်။ CDM ဆိုတဲ့နေရာမှာ လွတ်မြောက်နယ်မြေက CDM တွေ ပါတယ်။ ဘော်ဒါလိုင်းတလျောက် ဟိုဘက်ကမ်း၊ ဒီဘက်ကမ်းနေကြတဲ့ CDM မိသားစုတွေပါတယ်။ ခြုံကြည့်ရင်တော့ လူတွေအများကြီးပဲ။ သူတို့အကုန်လုံးကို ပြည့်စုံအောင်တော့ ဒီဇာတ်ကားက ဘယ်ပံ့ပိုးပေးနိုင်မလဲ။ ဖောင်တွေ တင်ကြမယ်။ တင်လာတဲ့ဖောင်တွေအပေါ်မှာ ထောက်ခံပေးမယ့်သူနဲ့ ဖြစ်သင့်ဖြစ်ထိုက်တဲ့လူတွေကို ပေးမှာပါ။

မေး ။ ။ ရန်ပုံငွေစီးဆင်းမှုမှာ ဘယ်လောက်ထိ ပွင်လင်းမြင်သာစွာ ချပြမှာလဲ။

ဖြေ ။ ။ ကျနော်တို့က ရုပ်ရှင်ပြမယ့်လူတွေအကုန်လုံးကိုလည်း ရှင်းပြပြီးပြီ။ ဒီဟာတွေအကုန်လုံးသည် နောက်ပရောဂျက်ဆိုတာ မချန်ဘူး။ ပွဲစီစဉ်တဲ့သူကပဲ ဝင်ငွေဘယ်လောက်ရလဲဆိုတာ အသိဆုံးပဲ။ အဲဒီမှာ ၁လ ပြပြီးရင် ဘယ်နှပွဲပြလဲ။ ပြပြီးတာနဲ့ တလအတွင်း စာရင်းပြ၊ ပြီးတာနဲ့ အဲဒီဝင်ငွေကို တခါထဲစီးဆင်း၊ တလချင်းကို ဝင်ငွေကို တခါထဲစီးဆင်း။ တက်လာတဲ့စာရင်းနဲ့ အတိအကျပဲ ပြုံးပြုံးလေး Page ကနေ ဖော်ပြပြီး ရှင်းသွားမယ်။ ငွေစာရင်းရှင်းတမ်းတခါတည်း လုပ်သွားမယ်။

အချစ်စာပေများဖတ်ရန်

မြန်မာစာတန်းထိုးဇာတ်ကားများကြည့်ရန်


Leave a Reply

Your email address will not be published. Required fields are marked *