ဩဂုတ်လ ၇ ရက် ၊ နံနက်ပိုင်းမှာ စစ်တပ်က တရားမဝင်အာဏာသိမ်းပြီးနောက် ယာယီသမ္မတလို့ တင်မြှောက်ထားတဲ့ ဗိုလ်မြင့်ဆွေတစ်ယောက် သေဆုံးသွားပြီဆိုတဲ့ သတင်းတွေ ကြားရပါတယ်။

နဝတ၊ နအဖ ခေတ်ကတည်းက ဗိုလ်သန်းရွှေရဲ့လူယုံ အဖြစ် လက်စောင်းထက်ခဲ့တဲ့ မြင့်ဆွေဟာ ၂၀၂၁ စစ်အာဏာသိမ်းမှုမှာ စစ်တပ်နဲ့ပူးပေါင်းပြီး အရပ်သားအစိုးရကိုဖြုတ်ချရမှာ အဓိကကျခဲ့သူပါ။ ဒါပေမဲ့ နောက်ပိုင်းအချိန်တွေမှာတော့ စစ်ခေါင်းဆောင်မင်းအောင်လှိုင်ဟာ မြင့်ဆွေကို ချောင်ထိုးပြီး သူ့အာဏာသက်တမ်းကို ဆွဲဆန့်တဲ့ ကာလုံအစည်းအဝေးတွေမှာသာ လူလုံးပြခိုင်းပါတော့တယ်။

ပြည်သူတွေရဲ့ အမုန်းတရားတွေကြောင့် လားမသိ၊ စစ်အာဏာသိမ်းချိန်မှာ ကျန်းမားရေးကောင်းခဲ့တဲ့ မြင့်ဆွေဟာ လေးနှစ်အတွင်းမှာ ကျန်းမာရေးဆိုးဆိုးရွားရွားထိခိုက်လာပြီး အကြောတွေတုံ့ဆိုင်းတဲ့ ရောဂါနဲ့ပဲ သေလမ်းကိုကူးသွားပါပြီ။

တကယ်တော့ မြင့်ဆွေဆိုတဲ့ စစ်ဗိုလ်ရဲ့ ဖြတ်သန်းမှုကိုကြည့်ရင် နဝတ ၊ နအဖ သန်းရွှေစစ်အစိုးရရဲ့ ပြည်သူအပေါ် ဖိနှိပ်ရေးယန္တရားမှာ ပျော်ပျော်ကြီး ကပြ အသုံးတော်ခံခဲ့တဲ့သူပါ။ စစ်ဘောင်းဘီချွတ်အရပ်ဝတ်လဲပြီး ရန်ကုန်တိုင်းဝန်ကြီးချုပ်ဖြစ်ခဲ့ပေမယ့် ဒီမိုကရေစီရဲ့အနှစ်သာရဖြစ်တဲ့ ဆန္ဒထုတ်ဖော်မှုကို ဥပဒေမဲ့ ဖြိုခွင်းခဲ့တာတွေ၊ ရန်ကုန်မြို့သစ်စီမံကိန်းကို ခါးပိုက်ထဲထည့်ပြီး လာဘ်စားခဲ့တာတွေက မြင့်ဆွေရဲ့ သေရာပါအမဲစက်တွေပါ။

၂၀၁၅ ရွေးကောက်ပွဲမှာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ရဲ့ NLD ပါတီကို ရန်ကုန်လူထုက အုံလိုက်ကျင်းလိုက်ထောက်ခံနေကြချိန်မှာ ” ရန်ကုန်ကို နိမိတ်မရှိတဲ့ သွေးအနီရောင်မလွှမ်းရဘူး၊ အစိမ်းရောင်ပဲ လွှမ်းရမယ်”လို့ အရှက်မရှိအသံကောင်းဟစ်ခဲ့တဲ့ မြင့်ဆွေတစ်ယောက် သေခါနီးမှာ စကားမပြောနိုင်လောက်အောင် ရောဂါခံစားသွားရတာကလည်း ဆန်းကြယ်စရာတစ်ခုပါ။

အရပ်သားအစိုးရ အဖွဲ့မှာ စစ်တပ်မဲနဲ့ ဒု သမ္မတဖြစ်လာတဲ့ မြင့်ဆွေဟာ အရပ်သားအစိုးရနဲ့အတူ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးတွေမှာမပူးပေါင်း၊ ပြည်သူထောက်ခံတဲ့အစိုးရကို မျက်စိဆူးပြီး အတွင်းကြိတ်မုန်းနေတဲ့သူ ဆိုတာ စစ်အာဏာသိမ်းချိန်မှာ မျက်ဝါးထင်ထင်တွေ့လိုက်ရပါတယ်။ ကာလုံအစည်းအဝေး စားပွဲထိပ်က ယာယီသမ္မတရာထူးအောက်မှာ မိန့်မိန့်ကြီးထိုင်ပြီး မင်းအောင်လှိုင်ကို အာဏာအပ်ခဲ့တဲ့အချိန်မှာ သူ့ရဲ့ မင်းသားခေါင်းကျွတ်ကျပြီး ဘီလူးခေါင်းအသွင်ပေါ်ခဲ့ပါတယ်။

ဒါ့ကြောင့် မြင့်ဆွေဆိုတဲ့သူဟာ မင်းအောင်လှိုင် နည်းတူ စစ်ရာဇဝတ်ကောင် အကြမ်းဖက်သမားတစ်ဦးပါ။

လူအများ ဖိန့်ဖိန့်တုန်ကြောက်ရတဲ့ ဗိုလ်ခင်ညွန့်ရဲ့ စစ်ထောက်လှမ်းရေးကို အသွင်းပြောင်းခဲ့တဲ့ စစ်ဖက်ရေးရာလုံခြုံရေး အဖွဲ့ (စ.ရ.ဖ) ကို ပထမဆုံးဦးဆောင်ပြီး နိုင်ငံရေးသမားတွေကို ဖမ်းဆီးနှိပ်စက်ခဲ့တဲ့ မြင့်ဆွေ။

မေတ္တာသုတ်ရွတ်ပြီး ငြိမ်းချမ်းစွာဆန္ဒပြကြတဲ့ ကမ္ဘာကျော်ရွှေဝါရောင်တော်လှန်ရေးကို မြေပြင်မှာတိုက်ရိုက်ကွပ်ကဲပြီး လူရာနဲ့ချီသေစေတဲ့အထိအကြမ်းဖက်ဖြိုခွင်းခဲ့တဲ့ မြင့်ဆွေ။

ဒီမိုကရေစီပညာရေး ဆန္ဒပြကျောင်းသားတွေကိုရန်ကုန်မြို့လယ်ကောင်မှာ လက်ပတ်နီအရပ်ဝတ် လူမိုက်တွေနဲ့ ဥပဒေမဲ့ဖမ်းဆီးဖြိုခွင်းဖို့ အမိန့်ပေးခဲ့တဲ့ မြင့်ဆွေ ။

အရပ်သားအစိုးရရဲ့ ဒု – သမ္မတအဖြစ် ဒီမိုကရေစီကို ကာကွယ်ရမယ့်အစား စစ်အာဏာသိမ်းမှုယ တရားဝင်အောင် ယာယီသမ္မတရာထူးယူပြီး လက်မှတ်ထိုးခဝါချပေးခဲ့တဲ့ မြင့်ဆွေ။

အာဏာသိမ်း စစ်ကောင်စီရဲ့ အကြမ်းဖက်မှုတွေ ပိုပြီးကြာရှည်ပိုပြီးဆိုးရွားစေဖို့ စစ်တပ်ရဲ့ အာဏာသက်တမ်းကို ခြောက်လတစ်ကြိမ် လေးနှစ်နီးပါး တိုးပေးခဲ့တဲ့ မြင့်ဆွေ။

စစ်ရာဇဝတ်ကောင် မြင့်ဆွေကတော့ သူမတရားရယူခဲ့တဲ့ ရာထူးအာဏာတွေ၊စည်းစိမ်ဥစ္စတွေထားခဲ့ရပြီး ဘဝနိဂုံးချုပ်သွားပါပြီ။

ပြည်သူနဲ့ဆန့်ကျင်ဘက်မှာသာ ရပ်တည်ခဲ့တဲ့ မြင့်ဆွေသေသွားလို့ ပြည်သူတွေကတော့ အပျော်ကြီးပျော်မနေပါဘူး။ ဘာကြောင့်လဲဆိုတော့ သူ့ဘဝတစ်လျှောက်လုံးကျူးလွန်ခဲ့တဲ့ အကြမ်းဖက်ရာဇဝတ်မှူတွေအတွက် ထိုက်သင့်တဲ့ ပြစ်ဒဏ် မခံယူသွားရတာကို နှမြောနေကြတာပါ။

စစ်ရာဇဝတ်ကောင် မြင့်ဆွေ သေသွားပေမဲ့ ပြည်သူတွေက လုံးဝခွင့်မလွှတ်ကြပါ။

အချစ်စာပေများဖတ်ရန်

မြန်မာစာတန်းထိုးဇာတ်ကားများကြည့်ရန်


Leave a Reply

Your email address will not be published. Required fields are marked *