ခရစ္စတီးကျွန်း လူသတ်မှုတုန်းက ‘သန်းရွှေ’ရဲ့ တိုက်ရိုက်အမိန့်မလို့ လိုက်နာဆောင်ရွက်ဖို့ နှုတ်မိန့် လှမ်းပေးခဲ့တဲ့သူဟာ ဒီနေ့ မသာချမယ့် ယာယီသမ္မတမြင့်ဆွေ ဖြစ်ပါတယ်။

ခရစ္စတီးကျွန်းတွင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အမိန့်ဖြင့် မွေးကင်းစ ကလေးနှင့်မိခင် သက်ငယ် ၃/၄နှစ်အရွယ် ခလေး (၂)ဦးနှင့် အမျိုးသမီးအပါအဝင် အရပ်သား (၅၉)ဦး အစုလိုက်အပြုံလိုက် သတ်ခဲ့မှု

၁၉၉၈ ခုနှစ် မေ လအတွင်း ခရစ္စတီးကျွန်းတွင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အမိန့်ဖြင့် အပြစ်မဲ့အရပ်သူအရပ်သား များကို သတ်မိန့်ပေးခဲ့မှုကို ဘာအတွက်ကြောင့်အသတ်ခံခဲ့ရသည်ကိုမသိရှိဘဲ သေသွားခဲ့ရသော မွေးကင်းစ ကလေးငယ်လေးအပါအဝင် ကလေး(၃)ဦး နှင့် အမျိုးသမီးများအပါအဝင် လူစုစုပေါင်း (၈၁)ဦး၏ကိုယ်စား ကိုယ်တိုင် တွေ့ကြုံခံစားခဲ့ရမှု အဖြစ်မှန်ကို တင်ပြလိုပါသည်။

၁၉၉၈ ခုနှစ် ဧပြီလ ဒုတိယအပတ်တွင် အိန္ဒိယ တပ်မတော်၏ သတင်းပေးချက်အရ မြန်မာရေပိုင်နက် ကော့သောင်မြို့၏အနောက်ဘက်၊ ဇာဒတ်ကြီး ရေတပ်စခန်း၏ တောင်ဘက် (ပထမပုံ)၊ ထိုင်း မြန်မာ ရေပြင် နယ်နမိတ်အနီး ခရစ္စတီးကျွန်း ဧရိယာ တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး မှ ကြည်း၊ရေ၊လေ ပူးပေါင်းစစ်ဆင်ရေးတခုကို မေလအကုန်ထိ ပြုလုပ်ခဲ့ပါသည်။

အိန္ဒိယတပ်မတော်က ပေးသည့် သတင်းမှာ တိုင်းရင်းသားလက်နက်ကိုင် ရခိုင်တပ်မတော်၊ ကေအင်ယူအဖွဲ့များသည် အိန္ဒိယအစိုးရအား ဆန့်ကျင်နေသော သူပုန်များကို ရောင်းချရန် လက်နက်မှောင်ခိုများထံမှ ဝယ်ယူခဲ့သော လက်နက်ကြီးငယ် အများအပြားကို ခရစ္စတီးကျွန်း ဧရိယာတွင် ဝှက်ထားကြောင်း သတင်းပေးခဲ့ပါသည်။ အဆိုပါ သတင်းအရ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီးသန်းရွှေ မှ အောက်ပါ စစ်ဆင်ရေးအဖွဲ့များ ကို ဖွဲ့စည်းတာ၀န်ပေးခဲ့ပါသည်။

စစ်ဆင်ရေးဗဟိုကွပ်ကဲရေးအဖွဲ့

စစ်ဆင်ရေး ဗဟိုကွပ်ကဲမှုအဖွဲ့ သည် ဇာဒတ်ကြီးကျွန်း ရေတပ်စခန်းတွင် အခြေပြုပြီး စစ်ဆင်ရေးကို ကွပ်ကဲခဲ့ပါသည်။

၁။ ဗိုလ်မှုးချုပ် (ယာယီ) ကြည်မင်း (ရေ) (အဖွဲ့ခေါင်းဆောင်) စစ်ဦးစီးအရာရှိချုပ် (ရေ)
(နောင် ဒုတိယဗိုလ်ချုပ်ကြီး ကာကွယ်ရေးဦးစီးချုပ် (ရေ)၊ လက်ရှိ ထားဝယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)

၂။ ဗိုလ်မှုးချုပ် (ယာယီ) မြင့်ဆွေ (လေ) (အဖွဲ့ဝင်) စစ်ဦးစီးအရာရှိချုပ် (လေ)
(နောင် ဗိုလ်ချုပ်ကာကွယ်ရေးဦးစီးချုပ်(လေ)၊ ဦးနေဝင်း၏မြေးများအာဏာသိမ်းအမှုနှင့် ပတ်သက်၍ အဖြုတ်ခံရ)

၃။ ဗိုလ်မှုးချုပ်(ယာယီ) မြင့်အောင် (ကြည်း) (အဖွဲ့ဝင်) အမှတ်(၁၃)စစ်ဆင်ရေးကွပ်ကဲမှု အဖွဲ့မှူး (ဘုတ်ပြင်း)
(နောင် တပ်မ(၂၂)တပ်မမှူး၊ အရှေ့တောင်တိုင်း တိုင်းမှူး၊ အနောက်တောင်တိုင်း တိုင်းမှူး၊ ဒုတိယဗိုလ်ချုပ်ကြီး စစ်ရေးချုပ်၊ ကာကွယ်ရေးဦးစီးချုပ် ရာထူးကို ဗိုလ်ချုပ်မှူးကြီးသန်းရွှေက နှုတ်ဖြင့် လျာထားခံရပြီးမှ ကာကွယ်ရေးဝန်ကြီးတာဝန်ပေးသည်ကို မကျေနပ်ပြီး အာခံခဲ့သောကြောင့် အဖြုတ်ခံရသူ)

ရှေ့တန်းစစ်ဆင်ရေး ကွပ်ကဲရေးအဖွဲ့

ရှေ့တန်းစစ်ဆင်ရေးတာဝန် အဖြစ် ခရစ္စတီးကျွန်း တွင် အောက်ပါ အရာရှိများတာ၀န်ထမ်းဆောင်ခဲ့ပါသည်။

၁။ ဗိုလ်မှူးကြီးဇော်မင်း (ကြည်း) (တာဝန်ခံ) စစ်ဗျူဟာမှူး၊ ကော့သောင်အခြေချ စစ်ဗျူဟာအဖွဲ့
(နောင် မကွေးတိုင်း နအဖ ဥက္ကဌ၊ သမဝါယမ ဝန်ကြီး နှင့် ပြည်ခိုင်ဖြိုးအသင်းတွဲဘက်အတွင်းရေးမှူး ၊ လျှပ်စစ် (၁) ဝန်ကြီး)

၂။ ဒုတိယဗိုလ်မှူးကြီးစိုးတင် တပ်ရင်းမှူး အမှတ်(၂၆၂) ခြေလျင်တပ်ရင်း ကော့သောင်မြို့။ (နောင် စက်မှု (၁) ညွှန်ကြားရေးမှူး)

၃။ ဒုတိယဗိုလ်မှူးကြီးဝင်းဆွေ တပ်ရင်းမှူး အမှတ် (၄၀၃ သို့မဟုတ် ၄၀၄ ) ခြေလျင်တပ်ရင်း ။ (နောင် ဗိုလ်မှူးကြီး နည်းဗျူဟာမှူး)

၄။ တပ်မတော် (ရေ) စစ်ရေယာဉ်မှူးများ

၅။ ဗိုလ်မှူးမြင့်ဦး တပ်မှူး အမှတ် (၁၉) ထောက်လှမ်းရေးတပ် မြိတ်မြို့။ (နောင် ထောက်လှမ်းရေး (၁) တပ်မှူး မန္တလေး နှင့် လက်ရှိ အကျဉ်းကျခံနေရဆဲ ဟုယူဆရ)

ဦးစီးအရာရှိအဖွဲ့များ

ဗဟိုအဖွဲ့နှင့်အတူ ဇာဒတ်ကြီးကျွန်းတွင် အခြေပြုခဲ့ပါသည်။အောက်ပါအရာရှိများအနီးကပ်တာ၀န်ထမ်းဆောင်ခဲ့ ပါသည်။

၁။ ဗိုလ်မှူးတင့်ဆန်း ၊ စစ်ဦးစီးမှူး(ဒုတိယတန်း) ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)စစ်ဆင်ရေးဌာနခွဲ (နောင် ဗိုလ်မှူးကြီး နှင့် လက်ရှိ ပြည်သူ့လွှတ်တော် တပ်မတော်ကိုယ်စားလှယ်)

၂။ ဗိုလ်မှူးမောင်မောင်လတ်(ရေ) ၊ စစ်ဦးစီးမှူး(ဒုတိယတန်း)၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ရေ) စစ်ဆင်ရေးဌာနခွဲ

၃။ ဗိုလ်မှူးမောင်မောင်သန်း(လေ) ၊ စစ်ဦးစီးမှူး(ဒုတိယတန်း)၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(လေ) စစ်ဆင်ရေးဌာနခွဲ (လက်ရှိ ဦးတေဇ ၏ ရဟတ်ယာဉ် ကိုမောင်းစဉ် ပျက်ကျပြီး ခြေထောက်ပြတ်သွားခဲ့)

၄။ ဗိုလ်မှူးဝင်းမော် သို့မဟုတ် ထွန်းဦး၊ စစ်ဦးစီးမှူး(ဒုတိယတန်း) အမှတ်(၁၃)စစ်ဆင်ရေးကွပ်ကဲမှုအဖွဲ့ ၊ ဘုတ်ပြင်းမြို့

၅။ ဗိုလ်မှူးအောင်လင်းထွဋ်၊ စစ်ဦးစီးမှူး(ဒုတိယတန်း) တပ်မတော်ထောက်လှမ်းရေးမှူးချုပ်ရုံး (စာရေးသူ)

၆။ ဒုဗိုလ်မှူးကြီးမောင်မောင်သစ် (ရေ)၊ ဇာဒတ်ကြီး ရေတပ်စခန်းမှူး

၇။ တပ်မတော်(လေ) ရဟတ်ယာဉ်မှူးများ

စစ်ဆင်ရေး စတင်၍ဝင်ရောက်ချိန်တွင် တပ်မတော်ကြည်း စစ်သည်များသည်ခရစ္စတီးကျွန်းနှင့် ပတ်၀န်းကျင်ကျွန်း များကိုဖြန့်ခွဲရှင်းခဲ့ရာ လက်နက်ကိုင် (၄) ဦးနှင့် ထိတွေ့တိုက်ပွဲ ဖြစ်ခဲ့ပြီး ဝှက်ထားသော လက်နက်(၄၀)ကျော်ကို အလောင်းများနှင့်အတူ သိမ်းဆည်းရမိခဲ့ပါသည်။ တပြိုင်တည်းမှာပင် ကော့သောင်အနီး ရွာများမှ ထင်းခုတ်ပြီး အသက်မွေးဝမ်းကျောင်း ရှာစားနေသော မိသားစုများကို မသင်္ကာမှုဖြင့် ခရစ္စတီးကျွန်း ဗိုလ်မှူးကြီးဇော်မင်း (ကြည်း) ကွပ်ကဲမှုရုံးသို့ ဖမ်းဆီးခေါ်ဆောင်ခဲ့ပြီး စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ခဲ့ပါသည်။ ဖမ်းဆီးခေါ်ဆောင်လာသူ မိသားစုများတွင် မွေးကင်းစ ကလေးငယ်နှင့် မိခင်၊ အသက် ၃/၄ နှစ်အရွယ် ကလေး ၂ ဦး နှင့် အမျိုးသမီးများအပါဝင် အရပ်သား(၅၉)ဦး ဖြစ်ပါသည် ။ ၎င်းတို့အား စစ်ဆေးမေးမြန်းချက်အရ လက်နက်ကိုင်အဖွဲ့များနှင့် ပတ်သက်မှု မရှိဘဲ နှစ်ပေါင်းကာလ များစွာကတည်းက ထင်းခုတ်ခြင်းဖြင့် အသက်မွေးဝမ်းကျောင်းပြု နေထိုင်စားသောက်ရသော ဆင်းရဲသားများ ဖြစ်ကြောင်း သိရှိခဲ့ရပါသည်။ ထို့ကြောင့် စစ်ဆင်ရေးကွပ်ကဲမှုအဖွဲ့ အနေဖြင့် ဖမ်းဆီးချုပ်နှောင်ခြင်း မပြုဘဲ ခရစ္စတီးကျွန်းတွင် ဆက်လက်နေထိုင်ခွင့်ပြုပြီး ခွင့်ပြုချက်မရဘဲ ကျွန်းမှထွက်မသွားရန်သာ ဗိုလ်မှူးကြီးဇော်မင်း (ကြည်း) (တာဝန်ခံ) စစ်ဗျူဟာမှူး၊ ကော့သောင်အခြေချ စစ်ဗျူဟာအဖွဲ့အား ညွှန်ကြားခဲ့ပါသည်။

စာရေးသူသည် ဗဟိုကွပ်ကဲရေး အဖွဲ့ဝင်များနှင့်အတူ ရှေ့တန်းခရစ္စတီးကျွန်းကို (၂)ကြိမ် သွားရောက် စစ်ဆေးစဉ်အချိန်တွင်လည်း အဆိုပါ ကလေးငယ်များ နှင့် အရပ်သားများကိုတွေ့မြင်ခဲ့ဖူးပြီး ပါသွားသော မုန့်များကိုပင် ကလေးများသို့ပေးခဲ့ကြပါသည်။ ဗဟိုကွပ်ကဲရေးအဖွဲ့ အနေဖြင့် စစ်ဆင်ရေးအခြေအနေများ ဖမ်းဆီးခေါ်ဆောင်လာသူ မိသားစုများတွင် မွေးကင်းစ ကလေးငယ်နှင့်မိခင်၊ အသက် ၃/၄ နှစ်အရွယ် ကလေး ၂ ဦး နှင့် အမျိုးသမီးများအပါအဝင် (၅၉) ဦးကိစ္စ ကို ထိုစဉ်က ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ရုံးမှ စစ်ဦးစီး (ဗိုလ်မှူးချုပ်) ဗိုလ်မှူးချုပ်မြင့်ဆွေ (နောင် အရှေ့တောင်တိုင်း တိုင်းမှူး၊ ရန်ကုန်တိုင်း တိုင်းမှူး၊ ကာကွယ်ရေး စစ်ဆင်ရေး အထူးအဖွဲ့မှူး (ရန်ကုန်တိုင်း)၊ လက်ရှိ ရန်ကုန်တိုင်း ဝန်ကြီးချုပ်) မှတဆင့် ဗိုလ်ချုပ်မှူးကြီးသန်းရွှေထံ အစီရင်ခံတင်ပြခဲ့ကြပါသည်။

ဗဟိုကွပ်ကဲရေးအဖွဲ့ ကြည်း၊ရေ၊လေ ခေါင်းဆောင်များအနေဖြင့်လည်း အဆိုပါ အပြစ်မဲ့အရပ်သူအရပ်သားများကို ၎င်းးတို့၏ နေရပ်အသီးသီးသို့ပြန်လည်ပို့ဆောင်ပေးရလိမ့်မည်ဟု ထင်မြင်ခဲ့ကြပါသည်။ သို့သော် (၁)လ ကျော်ကြာမှ မေလ၏ ညတည (၉) နာရီခန့်တွင် ကက(ကြည်း)မှ ညွှန်ကြားချက်အမိန့် ကြေးနန်းတစ်စောင် စစ်ဆင်ရေး ဗဟိုကွပ်ကဲရေးအဖွဲ့သို့ ပေးပို့ခဲ့ပါသည်။ အဆိုပါ ကြေးနန်း ရရခြင်း အဖွဲ့ခေါင်းဆောင် ဗိုလ်မှုးချုပ်(ယာယီ) ကြည်မင်း (ရေ) သည် ဇာဒတ်ကြီး ရေတပ်စခန်းရုံးခမ်းမတွင် အဖွဲ့၀င်များနှင့် ဦးစီးအရာရှိများကိုခေါ်၍ ကြေးနန်းအကြောင်းအရာကို ရှင်းပြခဲ့ပါသည်။ စာပါအကြောင်းအရာမှာ ထိန်းသိမ်းထားသော အရပ်သားအားလုံးကို ရထားပုလဲ(ရှင်းပစ်) (သတ်ပစ်) ရန်ဖြစ်ပါသည်။ ဗိုလ်မှုးချုပ်(ယာယီ) မြင့်အောင် (ကြည်း) မှအပ ကျန် ရေနှင့်လေ ဗိုလ်ချုပ်များ အတော်တုန်လှုပ်သွားကြပါသည်။ အထူးသဖြင့်ဗိုလ်မှုးချုပ်(ယာယီ) မြင့်ဆွေ (လေ) (အဖွဲ့ဝင်) စစ်ဦးစီးအရာရှိချုပ်(လေ) သည် စိတ်ပုတီး ကိုင်လျက်သားနှင့် အပြစ်မဲ့ ကလေးငယ်များနှင့်အရပ်သားများကို ထပ်ဆင့် သတ်မိန့်ပေးရမည့် အခြေအနေမျိုး ဖြစ်၍နေပါသည်။

ထို့ကြောင့် ကြေးနန်းပါအမိန့်နှင့်ပတ်သက်၍ ဗိုလ်မှုးချုပ်(ယာယီ) မြင့်အောင် က အမိန့်အတိုင်းလုပ်ရန် ပြောသော်လည်း ကျန် ဗိုလ်ချုပ်များက ညအချိန် ဗိုလ်ချုပ်ကြီးမောင်အေး အရက်မူးမူးနှင့် အမိန့်ပေးတာ ဖြစ်နိုင်သောကြောင့် နောက်တနေ့နံနက်တွင် ကြေးနန်းပါအမိန့်နှင့် ပတ်သက်၍ အတည်ပြုနိုင်ရန် အဖွဲ့ခေါင်းဆောင် ဗိုလ်မှုးချုပ် (ယာယီ) ကြည်မင်း (ရေ) မှ ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ရုံးမှ စစ်ဦးစီး(ဗိုလ်မှူးချုပ်) ဗိုလ်မှူးချုပ်မြင့်ဆွေ ကို စက်နှင့်စကားပြောပြီး မေးမြန်းရန် ဆုံးဖြတ်ခဲ့ကြပါသည်။

နောက်တနေ့နံနက် (၉)နာရီ ခန့်တွင် အဖွဲ့ခေါင်းဆောင်ဗိုလ်မှုးချုပ် (ယာယီ) ကြည်မင်း (ရေ) နှင့် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ရုံးမှ စစ်ဦးစီး (ဗိုလ်မှူးချုပ်) ဗိုလ်မှူးချုပ်မြင့်ဆွေကို စက်နှင့်စကားပြောပြီးနောက် `အဘကြီးထံက လာသောအမိန့်´ ဖြစ်သည်။ ဗိုလ်ချုပ်ကြီးမောင်အေး အရက်မူးမူးနှင့် အမိန့်ပေးတာမဟုတ်၊ ဆက်လက်ဆောင်ရွက်ရန်သာ ညွှန်ကြားခဲ့သည်ဟု သိရပါသည်။ ထိုစဉ်က ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို အဘကြီး ဟုခေါ်ပါသည်။ နေ့တွင်းချင်းမှာပင် အဖွဲ့ခေါင်းဆောင် ဗိုလ်မှုးချုပ် (ယာယီ) ကြည်မင်း (ရေ) သည် ခရစ္စတီးကျွန်းရှိ ရှေ့တန်းစစ်ဆင်ရေးတာ၀န်ခံ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးဇော်မင်း (ကြည်း) ကို မွေးကင်းစ ကလေးငယ်နှင့် မိခင်၊ အသက် ၃/၄ နှစ်အရွယ် ကလေး ၂ ဦး နှင့် အမျိုးသမီးများအပါအဝင် အရပ်သား (၅၉) ဦးကို ရှင်းပစ်ရန်ထပ်ဆင့်အမိန့်ပေးခဲ့ပါသည်။

ဗိုလ်မှူးကြီးဇော်မင်း သည် အမိန့်ရလျှင်ရချင်း ရှေ့တန်းကွပ်ကဲရေးအဖွဲ့၀င်များကိုခေါ်၍ အားလုံးကိုသတ်ပစ်ရန် ခြေလျင်တပ်ရင်းမှူး ၂ ဦးအား ဆက်လက် အမိန့်ပေးခဲ့ပါသည်။ နောက်တနေ့တွင် တပ်ရင်းမှူး ၂ ဦးက တာဝန်ပေးထားသော အရာရှိ စစ်သည်များ သည် ကလေး၊ မိန်းမပါမကျန် အပြစ်မဲ့အရပ်သား ၅၉ ဦးစလုံးကို ပင်လယ်သောင်ပြင်စပ်သို့ လှည့်ဖျားခေါ်လာပြီး တန်းစီထိုင်ခိုင်ပြီး ရုတ်တရက် သေနတ်များဖြင့် အတွဲလိုက် မသေမချင်း ပစ်သတ်ခဲ့ပြီးနောက် သောင်ပြင်တွင် အလောင်းများကို မြုပ်နှံခဲ့ကြပါသည်။ (စာရေးသူသတင်းရသည်ကတော့ အဆိုပါအလောင်းအရိုးစုများကို ၂၀၀၈ ခုနှစ် စာရေးသူ VOA နှင့် Interview ပြုလုပ်ပြီးနောက် ချက်ချင်းဆိုသလို ဖျောက်ဖျက်ပစ်ရန် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက အမိန့်ပေးခဲ့သည်ဟု သိရပါသည်။ စစ်သည်များကို အရပ်ဝတ်ဖြင့် ခရစ္စတီးကျွန်းသို့စေလွှတ်ပြီး အလောင်းများကို ဖျောက်ဖျက်ပစ်ခဲ့ကြောင်း ခိုင်လုံသော သတင်းရရှိခဲ့ပါသည်။)

ကျွန်းပေါ်ရှိအရပ်သားများကို သတ်ပြီး မကြာခင် ၄/၅ ရက်ခန့်တွင် ဗိုလ်မှူးကြီးဇော်မင်း၏ ကွပ်ကဲမှုအောက်ရှိ ရှေ့တန်း စစ်ရေယာဉ် ၄၄၃ – ၄၄၅ (တရုတ်နိုင်ငံလုပ် ကမ်းခြေစောင့်သင်္ဘော) က ရခိုင်ဘက်မှလာသော တရားဝင် မှတ်ပုံတင်ထာသော ငါးဖမ်းစက်လှေတစ်စီး ကို စစ်ဆင်ရေးနယ်မြေအတွင်း ဝင်ရောက်လာ၍ ထိုင်း၊ မြန်မာလှေသား (၂၂) ဦးနှင့်အတူ ဖမ်းဆီးခဲ့ပါသည်။ စစ်ဆေးမေးမြန်းချက်အရ တရားဝင် မှတ်ပုံတင်ထားသော ထိုင်း ငါးဖမ်းစက်လှေသည် ဖမ်းမိလာ သော ငါးများကို ထိုင်းနိုင်ငံ ရနောင်းမြို့ပို့ရန် ယခင်သွားနေကြ လမ်းကြောင်းအတိုင်း သွားခြင်းဖြစ်ကြောင်း စစ်ဆင်ရေး လုပ်နေမှန်းလည်း ၎င်းတို့မသိကြောင်း သိရပါသည်။ စစ်ဆေးမေးမြန်းချက် အစီရင်ခံစာကို ကကကြည်း သို့ဆက်လက်တင်ပြရာတွင် ယခင် အရပ်သားများအတိုင်း ရှင်းပစ်ရန် အမိန့်ပေးခဲ့ပါသည်။

စစ်ဆင်ရေးဗဟိုကွပ်ကဲမှုက ဗိုလ်မှူးကြီးဇော်မင်းကို ဆက်လက်ညွှန်ကြားခဲ့ပြီး ဗိုလ်မှူးကြီးဇော်မင်းက ၎င်းစက်လှေ နှင့် လှေသားများကို လက်စဖျောက်ပစ်ရန် စစ်ရေယာဉ်မှူးအား အမိန့်ပေးခဲ့ပါသည်။ စစ်ရေယာဉ်မှူးသည် ရေတပ်စစ်သည်များကို လှေသားများအား သေနတ်နှင့် ပစ်သတ်ခိုင်းပြီး လှေကိုမီးရှို့ပြီး ပင်လယ်တွင်းမြုပ်ပစ်ရန် အမိန့်ပေးခဲ့ပါသည်။ စက်လှေသည် မီးလောင်ပြီး ၁ ပတ်ခန့်ကြာမှ ပင်လယ်တွင် မြုပ်သွားခဲ့ပါသည်။

စာရေးသူအနေဖြင့် ထိုစဉ်က ဖြစ်ပျက်ခဲ့သော ဖြစ်စဉ်များကို မတားဆီးနိုင်ခဲ့၍လည်း ကိုယ့်ကိုယ်ကိုယ် အပြစ်တင်နေမိခဲ့သည်။ သတ်ချင်ဖြတ်ချင် သရဲစီးနေသော ဗိုလ်မှုးချုပ် (ယာယီ) မြင့်အောင် (ကြည်း)၊ ဗိုလ်မှူးကြီးဇော်မင်း တို့လို လက်မရွံ့လူသတ်သမားများကို မလှန်နိုင်၍ ရေ၊လေ ဗိုလ်ချုပ်များပင် ငြိမ်နေကြ၍ စာရေးသူလို အရေးမပါသူတဦးအနေဖြင့် မလှန်နိုင်ခဲ့ပါ။ သို့သော် စာရေးသူအနေဖြင့်လည်း ဒီအဖွဲ့ထဲ ပါနေ၍ အပြစ်မကင်းပါ။ ဘာမျှမတတ်နိုင်ခဲ့ပါ။

စစ်ရုံးချုပ် ပြန်ရောက်တော့ ထောက်လှမ်းရေးတပ်မှူး ဗိုလ်မှူးမြင့်ဦး လျှို့ဝှက် ရိုက်ထားသည့် အရပ်သားတွေကို သတ်သည့်ဓါတ်ပုံတွေ ကိုင်ပြီး နေ့စဉ်ထောက်လှမ်းရေး ညှိနှိုင်းအစည်းအဝေး မှာ ခရစ္စတီးကျွန်း လူသတ်ပွဲကို ဗိုလ်ချုပ်ကြီးခင်ညွန့်ကို တင်ပြခဲ့ပါသည်။ ဗိုလ်ချုပ်ကြီးခင်ညွန့်က ဘာမှတ်ချက်မှ မပေးဘူး။ ဘေးနားက ဌာနမှူးကြီးက လက်ကုတ်လို့ ပြောချင်တာတွေ ကုန်အောင် မတင်ပြလိုက်ရပါ။ စာရေးသူ၏ စိတ်ထဲတွင် ငါ တနေ့နေ့ လုပ်ပေးနိုင်ရင် ခရစ္စတီးကျွန်းတွင် အပြစ်မဲ့ သေသွားကြရသော ကလေးလူကြီးများအတွက် အရိုးကပြန်တွန်အောင် တာဝန်ရှိသူတွေကို ပြန်အရေးယူနိုင်အောင်လုပ်ရမည်ဟု သန္နိဋ္ဌာန်ချထားပါသည်။

စာရေးသူအနေဖြင့် စစ်ရုံးချုပ်တွင် တာဝန်ထမ်းစဉ် အလားတူ ဖြစ်စဉ်များကို ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်၊ ကယားပြည်နယ်၊ မွန်ပြည်နယ်၊ ကချင်ပြည်နယ်၊၊ ပဲခူးတိုင်း၊ တနင်္သာရီတိုင်းတို့တွင် ထောက်လှမ်းရေးသတင်းများ ရရှိခဲ့သော်လည်း တပ်မတော်သည် ဒီလောက်မဆိုးလောက်ပါဘူး၊ ချဲ့ကားပြောနေသည်ဟုထင်မြင်မိခဲ့ပါသည်။ ကိုယ်တွေ့ကြုံရသောအခါမှပင် ဒီထက်တောင် ပိုဆိုးနေ သေးသည်ဟု မှတ်ချက်ပြုမိပါသည်။ စစ်ရုံးတွင် ထိုအချိန်က အချို့တိုင်းမှူးများပါးစပ်မှထွက်လာသော အရပ်သားတွေ ပြောတာခိုင်းတာမလုပ်ရင် `အစိတ်သားတောင်မချန်နဲ့´ စကားကို တကယ်ပဲ တပ်မတော်သည် ထိုစဉ်က အမှန်တကယ် ကျင့်သုံးနေမှန်း သိရတော့သည်။ ပွင့်ပွင့်လင်းလင်း ပြောရလျှင် ခရစ္စတီးကျွန်း စစ်ဆင်ရေးက ပြန်လာပြီးနောက် စစ်တပ်ထဲ နေချင်စိတ်မရှိတော့ဘူး။

လက်ရှိ မြန်မာ့တပ်မတော်အနေဖြင့် အတိတ်မှ အမွေဆိုးများကို ပစ္စုပ္ပန်ကို မယူလာဖို့ လိုပါသည်။ တိုင်းရင်းသားပြည်သူတွေရဲ့ အားကိုးယုံကြည်ရသည့် စစ်တပ် ဖြစ်ဖို့လိုပါသည်။ `တပ်မတော်သာအမိ တပ်မတော်သာအဖ´ မဟုတ်ပါ။ `ပြည်သူသာလျှင်အမိ ပြည်သူသာလျှင်အဖ´ ဆိုတာ မမေ့ဖို့လိုပါသည်။

စာရေးသူ။ ဗိုလ်မှူးအောင်လင်းထွဋ်

၂၀၁၃ စက်တင်ဘာလ (၁၃) ရက်

ဝါရှင်တန်ဒီစီမြို့

အချစ်စာပေများဖတ်ရန်

မြန်မာစာတန်းထိုးဇာတ်ကားများကြည့်ရန်


Leave a Reply

Your email address will not be published. Required fields are marked *