မင်းတပ်မြို့ရှိ စစ်ကောင်စီ၏ နောက်ဆုံးလက်ကျန်စခန်း ခလရ ၂၇၄ တပ်ကို တိုက်ခိုက်သိမ်းပိုက်

မင်းတပ်မြို့နယ်တွင် စစ်တပ်လုံး၀ ကင်းစင်သွားပြီး ချင်းညီနောင်တပ်ဖွဲ့များက အလုံးစုံ ထိန်းချုပ်

ချင်းပြည်နယ်၊ မင်းတပ်မြို့ရှိ စစ်ကောင်စီ၏ နောက်ဆုံးလက်ကျန်စခန်းဖြစ်သော ခလရ ၂၇၄ တပ်ရင်းကို တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး မင်းတပ်မြို့နယ်တစ်ခုလုံးတွင် စစ်တပ်ကင်းစင်သွားပြီဖြစ်ကြောင်း ချင်းတော်လှန်ရေး သတင်းရင်းမြစ်တစ်ခုက အတည်ပြုပြောဆိုသည်။

ယနေ့ ဒီဇင်ဘာလ ၂၁ ရက်နေ့ နံနက်ပိုင်းတွင် စစ်ကောင်စီ၏ နောက်ဆုံး လက်ကျန်စခန်းဖြစ်သော ခလရ ၂၇၄ တပ်ရင်းကို တိုက်ခိုက်သိမ်းပိုက်လိုက်ခြင်းဖြစ်ကြောင်း၊ ချင်းညီနောင်တပ်ဖွဲ့က မကြာမီ တရားဝင် အများပြည်သူသို့ ထုတ်ပြန်ကြေညာမည်ဖြစ်ကြောင်း သိရှိရသည်။

နိုဝင်ဘာလ ၉ ရက်နေ့မှစတင်၍ ချင်းညီနောင် စစ်ဆင်ရေးအဖြစ် မင်းတပ်မြို့နှင့် ဖလမ်းမြို့တို့ကို မြို့သိမ်းစစ်ဆင်ရေး ဖော်ဆောင်ခဲ့ကြောင်း၊ မင်းတပ်မြို့သိမ်းစစ်ဆင်ရေးတွင် မြို့ပေါ်ရှိ စစ်ကောင်စီ၏ စံမင်းသီရိစေတီကုန်း၊ ဝန်ထမ်းအိမ်ရာလိုင်းခန်း(စံပြရပ်ကွက်)၊ ခရိုင်ဆောင်လုပ်ရေးဝင်း၊ တာဝါတိုင်ကုန်း၊ ဟိုတယ်(မင်းတပ်)၊ မြလေးပွင့်စေတီကုန်း၊ ၄ မိုင်ကုန်းတို့ကို တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း၊ မင်းတပ်ခရိုင်/မြို့နယ်ရဲတပ်ဖွဲ့ဝင်းနှင့် ခလရ ၂၇၄ တပ်ရင်းတို့ကို ဆက်လက်ထိုးစစ်ဆင်ခဲ့ရာ ဒီဇင်ဘာလ ၁၅ ရက်နေ့ မင်းတပ်ခရိုင်/မြို့နယ်ရဲတပ်ဖွဲ့ဝင်းမှ စစ်သားနှင့်ရဲ စုစုပေါင်း ၁၂၃ ဦးနှင့်အတူ ၎င်းတို့၏ မိသားစုဝင်များ လက်နက်ချ အညံ့ခံလာကြောင်း သိရှိရသည်။

“ခလရ ၂၇၄ တပ်ရင်းတစ်ခုပဲ ကျန်တော့တာ။ အဲဒါကို အခုသိမ်းလိုက်တာ” ဟု ချင်းတော်လှန်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။

ချင်းညီနောင်တပ်ဖွဲ့ထံသို့ ဆက်သွယ်မေးမြန်းရာ မင်းတပ်မြို့သိမ်းအောင်ပွဲကို မကြာမီ တရားဝင် ထုတ်ပြန်ကြေညာမည်ဖြစ်ကြောင်း ပြန်လည်ဖြေဆိုထားသည်။

ဓာတ်ပုံ- ယမန်နေ့ ထုတ်ပြန်သော မင်းတပ်မြို့သိမ်း စစ်ဆင်ရေးမှ သိမ်းဆည်းရရှိသော လက်နက်ခဲယမ်းများ။


Comments

Leave a Reply

Your email address will not be published. Required fields are marked *