ကိုကကြီး၊ ကိုခခွေးနဲ့ ကိုဂငယ်တို့ ဆွေးနွေးခန်း

“ဗျို့ ကိုကကြီး၊ ပြီးခဲ့တဲ့အပတ်က ခင်ဗျားပြောခဲ့တဲ့ ပျောက်နေတယ်ဆိုတဲ့ ယာယီသမ္မတ ဦးမြင့်ဆွေကတော့ သေသွားပြီးနော်၊ တိုက်ဆိုင်လိုက်တာဗျာ”။

လက်ဖက်ရည်ဆိုင်ထဲ ဝင်လာတဲ့ ကိုကကြီးကို လှမ်းပြောလိုက်သူက ကိုခခွေးပါ။ ဆိုင်ထဲမှာ ကိုခခွေးရော၊ ကိုဂငယ်ပါ ရောက်နေကြပြီ။

လက်ဖက်ရည်ဆိုင်ထဲ ဝင်လာတဲ့ ကိုကကြီးကို လှမ်းပြောလိုက်သူက ကိုခခွေးပါ။ ဆိုင်ထဲမှာ ကိုခခွေးရော၊ ကိုဂငယ်ပါ ရောက်နေကြပြီ။

ကိုကကြီး ။ ။ အင်း … ဟုတ်ပါရဲ့၊ တိုက်ဆိုင်တယ်လို့ပဲ ဆိုရမယ်။ ဦးမြင့်ဆွေက နေမကောင်းဘူးလို့ သတင်းထုတ်ထားတာတော့ ကြာနေပြီ။ သေမယ့်သေတော့ တပ်ချုပ် မင်းအောင်လှိုင်က ယာယီသမ္မတ (တာဝန်) နဲ့ ဦးဆောင်ပြီး ခြောက်လအတွင်း ရွေးကောက်ပွဲ ကျင်းပတော့မယ်ဆိုတဲ့ အချိန်ကျမှ သေသွားတာ။ ဩဂုတ်လ ၁ ရက်မှာ မင်းအောင်လှိုင်က စစ်ကော်မရှင် စဖွဲ့ပြီး ဩဂုတ်လ ၇ ရက်မှာ ဦးမြင့်ဆွေ သေသွားတာပါ။

ဩဂုတ်လ ၅ ရက်မှာ ကာ/လုံ (ကာကွယ်‌ရေးနှင့် လုံခြုံရေးကောင်စီ) က ဦးမြင့်ဆွေကို နေပြည်တော်၊ အမှတ် (၂) စစ်ဆေးရုံ အထူးကြပ်မတ်ကုသဆောင်မှာ အာရုံကြော နှေးကွေးတုံ့ဆိုင်းတဲ့ရောဂါနဲ့ ဆေးကုသမှု ခံယူနေတဲ့အကြောင်း သတင်းထုတ်ပြန်ပြီး နောက်တနေ့မှာ “သေပြီ” လို့ သတင်းတွေ ထွက်လာပေမယ့် မသေသေးဘူးလို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးက ငြင်းခဲ့တယ်။ ဒါပေမယ့် နောက်တနေ့ ဩဂုတ်လ ၇ ရက် မနက်မှာ တကယ်သေသွားခဲ့တာ။

ကိုခခွေး ။ ။ မသေခင် ဝေဒနာအတော်ခံစားလိုက်ရမယ့်ပုံ ရှိတယ်။ ဦးမြင့်ဆွေက အာဏာရှင် သမ္မတဟောင်း ဦးသန်းရွှေရဲ့ ယုံကြည်စိတ်ချရတဲ့သူဖြစ်တော့ ဗိုလ်ချုပ် ခင်ညွန့်ကို ဖမ်းဆီးတာကအစ အရေးကြီးတဲ့ စစ်ဆင်ရေးတွေမှာ ပါဝင်ခဲ့ပြီး နောက်ဆုံး ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အစိုးရလက်ထက်မှာ စစ်တပ်ဘက်က ရွေးချယ်တဲ့ ဒုသမ္မတ တဦးအနေနဲ့ ပါဝင်ခဲ့တယ်။ စစ်ခေါင်းဆောင် မင်းအောင်လှိုင် အာဏာသိမ်းလိုက်တော့ ဒုသမ္မတ ဦးမြင့်ဆွေက ယောင်ချာချာနဲ့ ယာယီသမ္မတ ဖြစ်လာပုံရတယ်။ ဒါက ကျနော့်အထင်ပါ။

ကိုဂငယ် ။ ။ ဒါက ဖြစ်နိုင်ပါတယ်။ NLD အစိုးရသက်တမ်း တလျှောက်လုံး သူက ဒုသမ္မတတဦးအနေနဲ့ ပွဲတက်အခမ်းအနားတွေလောက်ပဲ သွားလာတာ တွေ့ရတယ်။ ဘာမှ လှုပ်ရှားတာ မရှိတော့ဘူး။ မင်းအောင်လှိုင်က ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှာ သမ္မတ ဦးဝင်းမြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ကို ဖမ်းပြီး သူ့ကို ယာယီသမ္မတအဖြစ် တင်မြှောက်ပြီး အာဏာသိမ်းမယ်ဆိုတာ သူ ကြိုတင်သိခဲ့ရဲ့လား ကျနော်တော့ သံသယရှိတယ်။

ဖေဖော်ဝါရီ ၁ ရက်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁၇၊ ၄၁၈ အရ အရေးပေါ်အခြေအနေ ကြေညာပြီး တပ်ချုပ်ကို အာဏာလွှဲပြောင်းတဲ့အမိန့်ကို ဦးမြင့်ဆွေက ဖတ်ကြားနေတဲ့ ဗီဒီယိုသတင်းကိုတော့ တွေ့လိုက်ရတယ်။ ကြည့်ရတာ ဘုမသိဘမသိနဲ့ ယာယီသမ္မတဆိုပြီး အမိန့်ဖတ်ပေးလိုက်ရပုံပဲ။ ကျနော့်အထင်ပြောတာပါ။

ကိုကကြီး ။ ။ ဒါလည်း ဖြစ်နိုင်ပါတယ်။ ကာ/လုံ ကို ကြည့်လိုက်တော့ စစ်တပ်ဘက်က ဒုသမ္မတ ဦးမြင့်ဆွေ အပြင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် မင်းအောင်လှိုင်၊ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် စိုးဝင်း၊ ကာကွယ်ရေးဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီး၊ နယ်စပ်ရေးရာဝန်ကြီး စတဲ့ ခြောက်နေရာ ပါဝင်ပြီး ရွေးကောက်ခံဘက်က သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်၊ ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူ၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးမန်းဝင်းခိုင်သန်း၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်တို့ပဲ ပါဝင်တာ တွေ့ရတယ်။ ဒါတောင် ဦးတီခွန်မြတ်က ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ (USDP) က လာတဲ့လူ။ မင်းအောင်လှိုင်က ကာ/လုံမှာ ပါဝင်တဲ့ စစ်တပ်ဘက်က လူတွေကို အသုံးချပြီး အာဏာသိမ်းလိုက်တာပါ။

ဦးမြင့်ဆွေက ယာယီသမ္မတ တာဝန်ထမ်းဆောင်ပြီးကတည်းက ပျောက်သွားခဲ့တာ ခြောက်လကြာမှ တကြိမ်၊ မင်းအောင်လှိုင်ရဲ့ အသုံးချခံအဖြစ် သက်တမ်းတိုးပေးနေခဲ့ရတယ်။ ကြည့်ရတာ ဘာမှလုပ်ပိုင်ခွင့်လည်းမရှိ၊ တိုင်းပြည်ကလည်း တနေ့တခြား ပျက်စီးလာနေတာ မြင်ရပြီး စိတ်ကျရောဂါကဆင့် မှတ်ဉာဏ်ချို့ယွင်း အာရုံကြောအားနည်းတဲ့ နာတာရှည်ရောဂါ ခံစားလာရတာဖြစ်နိုင်တယ်။ တချို့ကတော့ သူရက်စက်ခဲ့သမျှ ဝဋ်လည်တာလို့ ဆိုကြတယ်။

ကိုဂငယ် ။ ။ ဒါနဲ့ စစ်ကော်မရှင်က ဦးမြင့်ဆွေ သေတာကို နိုင်ငံတော်အဆင့် ဝမ်းနည်းခြင်း အထိမ်းအမှတ်ဆိုပြီး အလံတိုင်တဝက်လွှင့်ထူ နိုင်ငံတော်ဈာပန ကျင်းပတာ၊ ဈာပနကျင်းပရေး ကော်မတီဥက္ကဋ္ဌအဖြစ် ဝန်ကြီးချုပ် ဦးညိုစောကို တာဝန်ပေးပြီး စီစဉ်တာ တွေ့ရတယ်။ လေးနှစ်အတွင်း ဘယ်ရောက်နေမှန်းမသိ၊ ပျောက်နေတဲ့ ယာယီသမ္မတ ဦးမြင့်ဆွေက အလံတိုင်ဝက်လွှင့်ထူပြီး တနိုင်ငံလုံး ဝမ်းနည်းရမယ့် လူလားဗျာ။ ရယ်စရာကောင်းလိုက်တာ။

ကိုကကြီး ။ ။ မင်းအောင်လှိုင် လုပ်သမျှတွေကတော့ ရယ်စရာတွေချည်းပါပဲ။ သူက သူတို့ရေးခဲ့တဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အသုံးချပြီး မလိမ့်တပတ်နဲ့ အာဏာသိမ်းခဲ့တာကိုတောင် “အာဏာသိမ်း” တာ မဟုတ်ဘူး၊ ” အာဏာထိန်း” တာလို့ လူကြားကောင်းအောင် ပြောသေးတယ်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ သူတို့ရေးဆွဲခဲ့စဉ်က သမ္မတကို အခုလို ဖယ်ရှားလို့ရတယ်ဆိုတဲ့ ပုဒ်မ မပါဘူး။ ဘယ်လိုကြည့်ကြည့် ဒါဟာ ဥပဒေနဲ့ မညီဘူး။ နိုင်ငံတော်သမ္မတဆိုတာ နိုင်ငံသားအားလုံးရဲ့ အထွတ်အထိပ်မှာရှိတယ်။ နိုင်ငံတော်ရဲ့ အမြင့်ဆုံးအာဏာပိုင် ပုဂ္ဂိုလ်တဦးကို အခုလိုပုံစံနဲ့ ဖယ်ရှားလို့ရတယ်လို့ သူတို့ရေးခဲ့တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာလည်း ဖော်ပြမထားဘူး။

နောက်တချက်က ပုဒ်မ ၄၁၇ အရေးပေါ်အခြေအနေဆိုတာ အခုလို ရွေးကောက်ပွဲပြီးသွားလို့ မဲမသမာမှု အကြောင်းပြချက်နဲ့ နိုင်ငံတဝန်း ရုန်းရင်းဆန်ခတ်ဖြစ်၊ ထိန်းမနိုင်သိမ်းမရ အုပ်ချုပ်ရေးပျက်ပြားနေတာမျိုးလည်း မဟုတ်ဘူး။ လွှတ်တော်သစ်ခေါ်မယ့် ၂၀၂၁၊ ဇန်နဝါရီ ၃၁ ရက်အထိ အားလုံး အေးအေးချမ်းချမ်းပဲ။

တကယ်တော့ ပုဒ်မ ၄၁၇ ရေးဆွဲထားရခြင်းဟာ နိုင်ငံတော်မှာ တကယ့် အရေးပေါ်အခြေအနေမျိုး ကျရောက်ပြီး အရပ်ဘက်အစိုးရက ဘယ်လိုမှ ထိန်းသိမ်းလို့မရတော့မှ တပ်ချုပ်ကို ခေတ္တအာဏာထိန်းသိမ်းဖို့ ရေးထားတဲ့ ပုဒ်မဖြစ်တယ်။ ခြောက်လ နှစ်ကြိမ်အထိ အာဏာရယူနိုင်ပြီး အခြေအနေတွေ အေးချမ်းသွားရင် ကိုယ်လုပ်ခဲ့သမျှ လွှတ်တော်ကို အစီရင်ခံပြီး သမ္မတဆီ အာဏာပြန်အပ်ရမယ်။ အခုကတော့ လွှတ်တော်မရှိတော့ဘူးဆိုပြီး ကိုယ့်အစီရင်ခံစာ ကိုယ်ပြန်ဖတ်ပြတဲ့ အခြေအနေပါ။

ကိုခခွေး ။ ။ အခု ယာယီသမ္မတ (တာဝန်) ယူထားတဲ့ မင်းအောင်လှိုင်ရဲ့ ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီက အမြင့်ဆုံးအာဏာပိုင် စစ်ကော်မရှင်ပေါ့နော်။ ဒီအဖွဲ့ရဲ့သက်တမ်းက ဘယ်လောက်အထိလဲ။

ကိုကကြီး ။ ။ ဖွဲ့စည်းပုံအခြေခံဥပဒေအရတော့ ခြောက်လအတွင်း ရွေးကောက်ပွဲကျင်းပပြီး ရွေးကောက်ပွဲက ထွက်ပေါ်လာမယ့်အစိုးရကို အာဏာလွှဲပြောင်းပြီးတဲ့အထိပေါ့။ အခု ရွေးကောက်ပွဲကို အပိုင်းလိုက်ခွဲ ကျင်းပမယ်ဆိုတော့ ဘယ်လောက်ကြာမယ် မသိဘူး။ ရွေးကောက်ပွဲကျင်းပပြီး လွှတ်တော်ခေါ်ဖို့လည်း ဘယ်လောက်ကြာဦးမယ် မသိနိုင်ဘူး။

အာဏာလိုချင်လို့ အာဏာသိမ်းထားတဲ့သူကတော့ ရွေးကောက်ပွဲပြီးသွားလို့ လွှတ်တော်ပေါ်လာလည်း အာဏာကို ပုံစံတမျိုးမျိုးနဲ့ ဆက်ယူထားမှာပဲ။ ဒါက သူ့တို့ရဲ့ အစီအမံပါ။ တော်လှန်ရေးအင်အားစုတွေရဲ့ ဆက်တိုက်ဖိအားတွေကို ဒီကြားထဲ သူတို့ ဘယ်လောက် တောင့်ခံနိုင်မလဲတော့ မသိဘူး။

ကိုခခွေး ။ ။ လက်နက်အားကိုးနဲ့ မတရားအာဏာသိမ်းထားတဲ့ မင်းအောင်လှိုင်က အခုနောက်ပိုင်း “နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းကြပါ” ဆိုပြီး မကြာခဏ ပြောနေတာတွေ့ရတယ်။ သူခိုးက လူဟစ်သလို ဖြစ်မနေဘူးလား။

ကိုကကြီး ။ ။ ဟုတ်ပါတယ်။ “နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းပါ” ဆိုတာ အခုနောက်ပိုင်းမှ ပြောလာတာ။ အာဏာသိမ်းပြီးခါစက ဒီစကားမပြောဘူး။ ၁၀၂၇ စစ်ဆင်ရေးက PDF တွေရဲ့ ပူးပေါင်းပါဝင်မှုနဲ့ အရှိန်အဟုန် အတော်ကောင်းပြီး မြို့တွေ တခုပြီးတခုသိမ်း၊ တိုင်းစစ်ဌာနချုပ်တွေ၊ တပ်ရင်းတွေ တခုပြီးတခု သိမ်းလာခဲ့တာ နေပြည်တော်ကိုပါ ခြိမ်းခြောက်တဲ့အနေအထား ရောက်လာခဲ့တယ်။ အဲဒီအချိန်ကျတော့မှ “နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ ရှင်းပါ” ဆိုတဲ့စကား ပြောလာတာ တွေ့ရတယ်။

အမှန်တော့ သူခိုးက လူဟစ်၊ တိုင်းပြည်မှာဖြစ်နေတဲ့ ပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ မရှင်းဘဲ သေနတ်ကိုင်ထားတဲ့ စစ်တပ်က ပြည်သူ ရွေးကောက်တင်မြှောက်ထားတဲ့ ခေါင်းဆောင်တွေကို အဓမ္မဖယ်ရှားခဲ့ရာက လက်နက်ကိုင်ပြဿနာ စခဲ့တာဖြစ်တယ်။ မင်းအောင်လှိုင်သာ အာဏာမသိမ်းခဲ့ရင် ဒီတိုင်းပြည်မှာ အခုလို လူတွေ အမြောက်အများ သေကြေပျက်စီးရတဲ့ စစ်ပွဲတွေလည်း ဖြစ်လာစရာ အကြောင်းမရှိဘူး။

ကိုဂငယ် ။ ။ သူတို့ ထပ်တလဲလဲ အကြောင်းပြ ပြောဆိုနေတာက NLD ပါတီက မဲလိမ် မဲခိုးလို့ အခုလိုဖြစ်တာလို့ ဆိုနေကြတယ်။

ကိုကကြီး ။ ။ အဲဒါကြောင့် ပြောတာလေ။ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ ရှင်းပါဆိုတာ။ ရွေးကောက်ပွဲ မဲမသမာမှုဖြစ်တာ၊ ရွေးကောက်ပွဲ မမှန်မကန်လုပ်ဆောင်တာ ဘယ်နိုင်ငံမှာမဆို ဖြစ်နိုင်တာပဲ။ ဒါကြောင့်လည်း “ရွေးကောက်ပွဲကော်မရှင်” (ရွေး/ကော်) ကို ဖွဲ့စည်းပြီး ရွေးကောက်ပွဲ ကြီးကြပ်တဲ့တာဝန်တွေ ဆောင်ရွက်ကြတာပဲလေ။

ဒီနိုင်ငံမှာလည်း သမ္မတ ဦးသိန်းစိန် လက်ထက်ကတည်းက ရွေးကောက်ပွဲကော်မရှင်တွေ ရှိခဲ့တာပဲ။ ပြဿနာ တစုံတရာ ရှိလာခဲ့ရင် ရွေးကောက်ပွဲကော်မရှင်က ဒိုင်လူကြီးအဖြစ် တာဝန်ယူဖြေရှင်းပေးရတယ်လေ။ ဒါကလည်း သက်ဆိုင်ရာ မဲဆန္ဒနယ်မှာ ဖြစ်ပေါ်ခဲ့တဲ့ ပြဿနာတွေကို သက်ဆိုင်ရာ ကိုယ်စားလှယ်လောင်းကသာ ရွေးကောက်ပွဲကော်မရှင်ဆီကို တိုင်ကြားရမယ့်ကိစ္စပါ။

ကိုခခွေး ။ ။ ၂၀၂၀ ရွေးကောက်ပွဲမှာ ရွေးကောက်ပွဲရလဒ်ကြေညာပြီး အတော်ကြာမှ တပ်မတော်က ရွေးကောက်ပွဲမှာ မဲစာရင်းမမှန်ကန်မှုတွေ၊ မဲမသမာမှုတွေ ရှိနေတယ်၊ ဖြေရှင်းပေးပါဆိုပြီး ပြောလာတာ တွေ့ရတယ်။

မဲစာရင်း မှားယွင်းတဲ့ကိစ္စတွေက စစ်တပ်နဲ့ ဆိုင်လို့လားဗျာ။ မဲလိမ်တယ်၊ မဲခိုးတယ်၊ မဲစာရင်းမှားတယ်ဆိုလဲ အဲဒီမဲဆန္ဒနယ်က ကိုယ်စားလှယ်လောင်းတွေက ရွေး/ကော်ကို ဖြေရှင်းပေးဖို့ တိုင်ကြားရမယ်လေ။ ဒါက စစ်တပ်အလုပ် မဟုတ်ဘူး။ စစ်တပ်ဟာ ရွေးကောက်ပွဲဝင်ပြိုင်တဲ့ အဖွဲ့အစည်းလည်း မဟုတ်ဘူး။ မဆိုင်တဲ့ အဖွဲ့တဖွဲ့က ဖြေရှင်းပေးပါလို့ တောင်းဆိုတာကို မဖြေရှင်းပေးရကောင်းလားဆိုပြီး အာဏာသိမ်းဖို့ အကြောင်းပြခဲ့တာပဲ။

ကိုကကြီး ။ ။ ဒီကိစ္စနဲ့ပတ်သက်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မတချို့ကို လိုသလို ဆွဲသုံးသွားတာ တွေ့ရတယ်။ တိုင်းပြည်အရေးကိစ္စ အားလုံးဟာ စစ်တပ်နဲ့ဆိုင်တယ်ပေါ့။ အမှန်တော့ မြန်မာ့နိုင်ငံရေးမှာ လက်နက်ကိုင်ထားတဲ့ စစ်တပ်က ဝင်ပါနေသရွေ့ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ ဘယ်တော့မှ ဖြေရှင်းနိုင်မှာမဟုတ်ဘူး။ ရွေးကောက်ပွဲ မဲစာရင်းမှားယွင်းမှုကို အကြောင်းပြုပြီး လက်နက်အားကိုးနဲ့ အာဏာသိမ်းလိုက်တာဟာ အခုဖြစ်ပေါ်နေတဲ့ စစ်ပွဲတွေရဲ့ အစပဲ။

ကိုဂငယ် ။ ။ ကျနော်ကတော့ ကွယ်လွန်သွားပြီဖြစ်တဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေး ပြောခဲ့တာကိုပဲ ကြားယောင်နေတယ်။ ကျင်းပပြီးစီးခဲ့တဲ့ ၉၀ ရွေးကောက်ပွဲကိုပဲ ကြည့်ကြည့်၊ ၂၀၁၀ ကြားဖြတ်ကိုပဲ ကြည့်ကြည့်၊ ၂၀၁၅ ရွေးကောက်ပွဲကိုပဲ ကြည့်ကြည့် ဘယ်ရွေးကောက်ပွဲမဆို သူတို့ ဘယ်နှစ်ခါနိုင်ဖူးလို့လဲ။ NLD ပါတီပဲ အမြဲတမ်း အပြတ်အသတ်နိုင်တယ်လေ။ ဒါကိုကြည့်ရင် သိနိုင်တာပဲ။

ကိုကကြီး ။ ။ တကယ်တော့ ရွေးကောက်ပွဲ မဲမသမာမှုဆိုတဲ့ နိုင်ငံရေးပြဿနာကို ရွေးကောက်ပွဲကော်မရှင်ရဲ့ အဆုံးအဖြတ်ဆိုတဲ့ နိုင်ငံရေးနည်းလမ်းနဲ့ မရှင်းဘဲ လက်နက်အားကိုးနဲ့ ဖြေရှင်းလိုက်တာပါပဲ။

ကိုခခွေး ။ ။ သူတို့ဘက်က စွပ်စွဲချက်ကတော့ ရွေးကောက်ပွဲကော်မရှင်ကိုလည်း အယုံအကြည်မရှိဘူးတဲ့။

ကိုကကြီး ။ ။ ရွေးကောက်ပွဲအငြင်းပွားမှုဆိုတာက နိုင်ငံအတော်များများမှာ အနည်းနဲ့အများတော့ ရှိတာပဲ။ ဒါပေမယ့် ရွေးကောက်ပွဲ မဝင်တဲ့ စစ်တပ်က မဲစာရင်းကိစ္စတွေမှာ ဝင်ပါလေ့မရှိဘူး။ ပါတီတွေအချင်းချင်း ငြင်းကြခုံကြ၊ တိုင်ကြတောကြ တော့ရှိတာပေါ့။ အဲသလိုမျိုး ရွေး/ကော်ကို အယုံအကြည် မရှိတာလည်း ရှိတာပဲ။ နောက်ဆုံးကျတော့ ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးရဲ့ အဆုံးအဖြတ်ကို ခံယူကြရတာပဲ။ ထိုင်းနိုင်ငံမှာဆိုရင် မကြာခဏ ပြဿနာတွေဖြစ်လို့ ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးက ဆုံးဖြတ်ပေးလိုက်ရတာ အများကြီးပဲ။

ဟိုတလောက အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က မင်းအောင်လှိုင်ဆီ သွင်းကုန်ခွန် ၄၀ ရာခိုင်နှုန်း တိုးကောက်မယ့်အကြောင်း စာပို့တော့ သူတို့ကို အမေရိကန်က အသိအမှတ်ပြုလာပြီဆိုပြီး ဝမ်းသာအားရနဲ့ စာပြန်ပို့တဲ့အခါ သူတို့အာဏာသိမ်းရတဲ့ဖြစ်စဉ်ဟာ ၂၀၂၀ အမေရိကန်ရွေးကောက်ပွဲမှာ ဒီမိုကရက်တွေရဲ့ မဲမသမာမှုဖြစ်စဉ်နဲ့ တူကြောင်း မဆီမဆိုင် ရေးသားခဲ့တယ်လေ။

အမေရိကန်ရွေးကောက်ပွဲဖြစ်စဉ်မှာ အမေရိကန်စစ်တပ်ဟာ တရားသူကြီးချုပ်ရဲ့ အဆုံးအဖြတ်ကို နာခံခဲ့တယ်။ အမေရိကန်စစ်တပ်ဟာ အဲဒီချိန်က သမ္မတ ထရမ့်ဘက်ကလည်း မပါခဲ့ဘူး။ ဒါက နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ ရှင်းချင်ရင် ပြောတာပါ။

မောင်ကကြီး

အချစ်စာပေများဖတ်ရန်

မြန်မာစာတန်းထိုးဇာတ်ကားများကြည့်ရန်


Leave a Reply

Your email address will not be published. Required fields are marked *