ရခိုင်ပြည်နယ်၊စစ်တွေမြို့ရှိ စစ်ကောင်စီမိသားစုဝင် အိမ်ထောင်စု ၉၀ စုမှ လူဦးရေ ၃၀၀ ဝန်းကျင်မှာ ရွှေမင်းဂံရေတပ်ဆိပ်ကမ်းမှတဆင့် ဇက်သင်္ဘောများဖြင့် ယမန်နေ့(ဒီဇင်ဘာလ ၂၀ ရက်) ညပိုင်းက ပြောင်းရွှေ့သွားကြောင်း စစ်တွေဒေသခံထံက သိရသည်။
“စစ်သားတွေတော့မပါဘူး သူတို့တပ်မိသားစုတွေ ဇက်သင်္ဘောနဲ့ချပြီး ကျောက်ဖြူဘက်ကို သွားတယ်။ မနေ့ညက နောက်ဆုံးပြောင်းတာ။သူတို့ဆင်းသွားတာမြင်နေရတာပေါ့။ သူတို့ကတော့ တိတ်တဆိတ် ပြောင်းနေကြတာပေါ့”ဟု စစ်တွေမြို့သတင်းရင်းမြစ်ကပြောသည်။
ယခုလ ဒီဇင်ဘာလဆန်းပိုင်းကစပြီး စစ်ကောင်စီတပ်အရာရှိ၊ လက်အောက်ငယ်တပ်သားများ၏ မိသားစုဝင်များမှာ စစ်လေယာဥ်၊ဇက်သင်္ဘောများနှင့်ကျောက်ဖြူမြို့သို့ တရွေ့ရွေ့ပြောင်းရွှေ့ခဲ့ခြင်းဖြစ်ကြောင်း၎င်းကဆိုသည်။
စစ်တွေမြို့တွင် တပ်မိသားစုဝင် အနည်းငယ်သာကျန်ခဲ့ပြီး အများစုမှာမြို့မှ စွန့်ခွာရွှေ့ပြောင်းသွားခြင်းဖြစ်ပြီး မြို့ပေါ်သို့ စစ်အင်အားရာချီထပ်မံတိုးချဲ့ထားကြောင်း သိရသည်။
စစ်တွေမြို့တွင် နပခတိုင်းမှူး ကျော်စွာဦးမှာလည်း ပြီးခဲ့သည့် နိုဝင်ဘာလကတည်းက ထပ်မံတိမ်းရှောင်သွားခြင်းကြောင့် ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ဒကစ)မှူးသာကျန်ရှိကြောင်း စစ်တွေမြို့သတင်းရင်းမြစ်က ပြောသည်။
တပ်မိသားစုဝင်များ ရွှေ့ပြောင်းသွားခြင်းကြောင့် စစ်ရိပ်သမ်းနေသည့် စစ်တွေမြို့တွင် တိုက်ပွဲဖြစ်ပွားသောအခါ စစ်ကောင်စီမှမြို့ကိုဖျက်ဆီးမည်ကိုစိုးရိမ်နေကြကြောင်း ဒေသခံများကဆိုသည်။
ပြီးခဲ့သည့် စက်တင်ဘာ ၁ ရက်နေ့က စစ်တွေမြို့ အခြေစိုက်ဒေသကွပ်ကဲမှုဌာနချုပ် (ဒကစ) ရုံးအနီးတွင် လက်နက်ကြီးကျည်တလုံး ကျရောက်ပေါက်ကွဲခဲ့သည်။
ထို့ကြောင့်စစ်တွေမြို့ပေါ် AA ထိုးစစ်အချိန်မရွေးရောက်လာနိုင်ကြောင်း ဒေသခံများက တွက်ဆထားကြသည်။
ယခင်လပေါင်းများစွာကတည်းက စစ်တွေမြို့ခံအများစုမှာ ရန်ကုန်မြို့သို့ လေယာဥ်ဖြင့် စစ်ဘေးတိမ်းရှောင်သွားကြသော်လည်း မြို့၏သုံးပုံနှစ်ပုံသောအရပ်သားများမှာ ငွေကြေးမတတ်နိုင်သူများဖြစ်ကြသောကြောင့် ကျန်ခဲ့ကြောင်း ဒေသခံများထံက သိရသည်။
ထို့အပြင် စစ်တွေမြို့နယ်၊ ကျေးရွာ ပေါင်း ၁၄ ရွာရှိ ရွာခံများကို စစ်ကောင်စီက ပြီးခဲ့သည့်ဖေဖော်ဝါရီလမှစကာ စစ်တွေမြို့ပေါ်သို့ပြောင်းရွှေ့ခိုင်းထားခြင်းကြောင့် လူသားဒိုင်းလုပ်မည်ကိုလည်း အရပ်သားပြည်သူများမှာ စိုးရိမ်နေကြသည်။
“တိုက်ပွဲမဖြစ်သေးတာကို စစ်တပ်က လက်နက်ကြီးတွေနဲ့ တောက်လျှောက်လှည့်ပစ်နေတယ်။ ပစ်တာက သုံး၊ လေးရက်လောက်ရှိပြီ ။ စစ်တွေမြို့ပေါ်ကနေ တခြားနေရာတွေကို ပစ်တာ။ ညဆိုပစ်ပြီ၊ နားတွေဆူတာ နေ့လယ်ကနေ ညအထိပစ်တယ်။ နှစ်နာရီခြား သုံးနာရီခြား တခါပစ်တယ်”ဟုစစ်တွေမြို့ဒေသခံက ပြောသည်။
မောင်တော နခခ-၅ ကျပြီး နောက်ပိုင်းစစ်တွေတွင် စစ်ကောင်စီ အကြီးအကဲပိုင်းများ မြို့ပေါ်ရပ်ကွက်တိုင်း ဘုန်းကြီးကျောင်း၊ ကယ်ဆယ်ရေးစခန်းများပါမကျန် အိမ်စေ့ဝင်ရောက်စစ်ဆေးမှုများကို လက်ရှိအချိန်ထိ ခပ်စိပ်စိပ်ပြုလုပ်နေသည်။
စစ်ကောင်စီသည် စစ်တွေမြို့တွင် ဒေသကွပ်ကဲမှုစစ်ဌာနချုပ်နှင့် တပ်ရင်းတပ်ဖွဲ့ (၂၀)ခုအထိုင်ချထားပြီး စစ်ကူအင်အားများလည်းတိုးချဲ့ထားသည်။
တိုင်းစစ်ဌာနချုပ်အပါအဝင် မြို့ ၁၄ မြို့ကိုသိမ်းထားနိုင်သည့် အာရက္ခတပ်တော်(AA) အနေဖြင့် လက်ရှိတွင်ဂွမြို့ရှိ ခမရ(၅၆၃)ကိုထိုးစစ်အရှိန်မြင့်တင်ထားခြင်းကြောင့်တိုက်ပွဲများပြင်းထန်နေသည်။
ပုံအညွှန်း-မေယုကမ်းရှိစစ်ရေယာဥ်တစီး(ဓါတ်ပုံ-စစ်ကောင်စီ)
Leave a Reply