စစ်ကောင်စီတပ်ဟာ ရခိုင်ရိုးမအစပ် ဧရာဝတီတိုင်းဘက်က ရေကြည်၊ မြန်အောင်၊ ကြံခင်း၊ ကျုံပျော်၊ သာပေါင်းစတဲ့ မြို့တွေမှာ စစ်အင်အား ဖြည့်တင်းပြီး ခံစစ်ပြင်နေတယ်လို့ ဒေသခံတွေက ဒီဇင်ဘာလ ၂၁ ရက်နေ့မှာ ပြောကြားပါတယ်။

ဒေသတချို့မှာ ညမထွက်ရအမိန့်ထုတ်ပြီး အဖမ်းအဆီးတွေ လုပ်နေသလို ခုခံကာကွယ်ဖို့ ပြည်သူ့လုံခြုံရေးအဖွဲ့တွေကို စစ်သင်တန်းပေးနေတယ်လို့ ဆိုပါတယ်။

ဧရာဝတီတိုင်း၊ ငသိုင်းချောင်းမြို့နဲ့ ရခိုင်ပြည်နယ်၊ ဂွမြို့ကိုသွားတဲ့ ကားလမ်းပေါ်က စစ်ရေးအရ အရေးပါတဲ့ စစ်ကောင်စီတပ်ရဲ့ ဗေဒါစစ်ဆေးရေးဂိတ်နဲ့ ဒေါင့်ချောင်း၊ ဗောဓိ စတဲ့ စစ်ဆေးရေးဂိတ်စခန်းတွေကို အာရက္ခတပ်တော် (AA) က ဒီရက်ပိုင်းမှာပဲ သိမ်းပိုက်ထားပါတယ်။

ငသိုင်းချောင်းမြို့နဲ့ မိုင်နှစ်ဆယ်ကျော်သာဝေးတဲ့ ဗေဒါစစ်ဆေးရေးဂိတ်က စစ်ကောင်စီတပ်သားတွေဟာ ရေကြည်မြို့နယ် အခြေစိုက် အမှတ် (၃၄၄) အမြောက်တပ်ကို ရွှေ့ပြီး ခံစစ်ပြင်နေတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ငသိုင်းချောင်းမြို့ခံတစ်ဦးက ပြောပါတယ်။

“ဗောဓိ၊ ဗေဒါ ကျပြီဆိုတော့ တဖြည်းဖြည်းချင်းတော့ ခံစစ်က အနောက်ကို တဖြည်းဖြည်း ဆုတ်လာတာပေါ့။ အမြောက်တပ်ကတော့ ကျွန်တော်တို့ ဧရာဝတီတိုင်းမှာတော့ နောက်ဆုံး ခံစစ်တစ်ခုလို့ပဲ မြင်တယ်။ သူပြီးရင် နောက်ဆုတ်လိုက်ရင် ရေနံ့သာဂိတ်ပဲ ရှိတယ်။ ရေနံ့သာဂိတ်ဆိုတာကလည်း ရွာတွေကြားထဲမှာလေ သူက။ အဲဒီအပြင် နောက်ဆုတ်လာရင် ကျွန်တော်တို့ ငသိုင်းချောင်းပဲ ရှိတော့တယ်”

အဲဒီအမြောက်တပ်မှာ ဂျက်တိုက်လေယာဉ်တွေ ဆင်းသက်နိုင်တဲ့ လေယာဉ်ကွင်းတစ်ခု တည်ဆောက်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။

အမြောက်တပ်အနီး ရေကြည်နဲ့ လေးမျက်နှာမြို့နယ်က ရွာနှစ်ဆယ်နီးပါးကိုလည်း ဒီရက်ပိုင်း ပြောင်းရွှေ့ဖို့ စစ်ကောင်စီတပ်က ညွှန်ကြားထားတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရေကြည်မြို့ခံတစ်ဦးက ပြောပါတယ်။

“ဂွက ကျတော့မဲ့သဘော ရှိတယ်။ အဲဒီ တပ်ရင်းတစ်ခုပဲ ကျန်တော့တာလေ။ အခုပြောနေတဲ့ အချိန်မှာတောင် ကျရင်ကျနေမှာ ပြောမရဘူး။ လုံခြုံရေးကတော့ ငသိုင်းချောင်းအနောက်တို့၊ အမြောက်တပ်တို့ အဲဒီဘက်မှာတော့ သူတို့ (စစ်ကောင်စီတပ်) ခံစစ်ပြင်နေပြီးတော့ အဲဒီအနားမှာ အမြောက်တပ်ဆိုတဲ့ ဘေးနားမှာ ရွာနှစ်ဆယ်ကျော်ကို ရွှေ့ခိုင်းနေတယ်”

ရခိုင်ပြည်နယ်ကို စစ်ကူလွှတ်ခံရတဲ့ တပ်သားအများစု သေဆုံးသွားတာကြောင့် ကျုံပျော်မြို့အခြေစိုက် ခြေလျင်တပ်ရင်း ခလရ (၃၆) မှာလည်း ပုသိမ်မြို့က တပ်တွေ အစားထိုးဝင်နေတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတွေက ပြောပါတယ်။

ဒီဇင်ဘာလ ဒုတိယပတ်ကစပြီး ကျုံပျော်မြို့နယ်မှာ လူနှစ်ရာနီးပါးကို ပြည်သူ့စစ် သင်တန်းတွေ ပေးနေတယ်လို့လည်း လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကျုံပျော်မြို့ခံတစ်ဦးက ပြောပါတယ်။

“တပ်ထဲနဲ့ ဘောလုံးကွင်းထဲတို့ မနက်အစောကြီးဆိုရင်တော့ သူတို့ စခန်းမှာ စုတယ်ပေါ့နော်။ တစ်ပိုင်(ကျေးရွာနဲ့ ရပ်ကွက်တစ်ခု) ကို နှစ်ယောက်လောက်ခေါ်ပြီးတော့။ အပြာနုရောင်လား မသိဘူး၊ အဲဒီအရောင်တွေ ဝတ်ဆင်ပြီးတော့ သင်တန်းပေးနေတာတော့ တွေ့တယ်။ တစ်ပတ် ဆယ်ရက်လောက်တော့ ဖြစ်သွားပြီ။ သူကတော့ ကိုယ့်မြို့ရွာကို စောင့်ကြည့်ဖို့တော့ ခေါ်တာပဲ လောလောဆယ်တော့”

မြန်အောင်နဲ့ ကြံခင်းမြို့နယ် အဝင်အထွက် စစ်ကောင်စီတပ် ဂိတ်တွေမှာလည်း အစစ်အဆေး တင်းကျပ်နေပြီး ရိုးမနဲ့နီးတဲ့ ရွာတွေမှာ ညနေ ၆ နာရီကနေ မနက် ၆ နာရီအထိ ညမထွက်ရအမိန့် ထုတ်ပြန်ထားတယ်လို့ မြန်အောင်ဒေသခံတွေက ပြောပါတယ်။

တစ်ချိန်တည်းမှာပဲ ရန်ကုန်-ပုသိမ်ကားလမ်းမှာ ကုန်စည်သယ်ယူခွင့်နဲ့ ကုန်ကားဖြတ်သန်းခွင့်ကို စစ်ကောင်စီတပ်က ဒီဇင်ဘာလ ၂၁ ရက်နေ့ကစပြီး ပိတ်လိုက်တယ်လို့ ပုသိမ်ဒေသခံတွေက ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ ဂွမြို့ရဲ့ သုံးပုံနှစ်ပုံကို သိမ်းယူထားပြီး အာရက္ခဒေသအတွင်း မြို့တော်စစ်တွေ၊ ကျောက်ဖြူနဲ့ မာန်အောင်မြို့ သုံးမြို့သာ သိမ်းပိုက်ဖို့ကျန်တော့တယ်လို့ AA က ဒီဇင်ဘာလ ၂၀ ရက်နေ့က သတင်းထုတ်ပြန်ပါတယ်။


Leave a Reply

Your email address will not be published. Required fields are marked *